အရေးပေါ်အခြေအနေများကို တုံ့ပြန်ဖြေရှင်းခြင်း
ကလေးသူငယ်များ၏ အရေးပေါ်လိုအပ်ချက်များမှာ ကျွန်ုပ်တို့၏ ဦးစားပေးအရေးကိစ္စဖြစ်သည်
- English
- မြန်မာ
စိန်ခေါ်မှု
အဓိကသန္နိဋ္ဌာန်ချဆောင်ရွက်မှုများ
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုရှိ ကလေးများအတွက်အဓိကကတိကဝတ်များ1 – CCCs – သည် အရေးပေါ်နှင့် အကျပ်အတည်းအခြေအနေများကြုံတွေ့နေရသည့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပံ့ပိုးပေးရန်အတွက် ယူနီဆက်၏ မူဝါဒနှင့် ၎င်း၏မူဘောင်အတွက် ဗဟိုချက်ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပွားသည့်နေရာတိုင်းတွင် ယူနီဆက်သည် အပြင်းထန်ဆုံး ရိုက်ခတ်ခံရပြီး အားနည်းထိခိုက်လွယ်ဆုံး ကလေးငယ်များနှင့် မိသားစုများအား အသက်ကယ် အကူအညီများနှင့် ရှင်သန်ရပ်တည်ရေး ပံ့ပိုးမှုများကို တတ်နိုင်သမျှ အမြန်ဆုံး ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပါသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များနှင့် မိသားစုများသည် ပဋိပက္ခ၊ နေရပ်စွန့်ခွာရခြင်း ၊ သဘာဝဘေးအန္တရာယ်များ ၊ စီးပွားရေး မတည်ငြိမ်မှုနှင့် မရှိမဖြစ် လူမှုဝန်ဆောင်မှုများနှင့် ကလေးသူငယ်အခွင့်အရေးများ၏ အကာအကွယ်များ ပျက်စီးခြင်းတို့ကြောင့် ပို၍ ရှုပ်ထွေးပြီး ပို၍ ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
ကလေးငယ် ၄. ၉ သန်းအပါအဝင် လူပေါင်း ၁၆. ၂ သန်းသည် အရေးပေါ်အကူအညီများ လိုအပ်နေသည်
နိုင်ငံတစ်ဝန်းတွင် လူ့အသက်ပေါင်းများစွာနှင့် အသက်မွေးဝမ်းကျောင်းများစွာ ထိခိုက်ပျက်စီးခဲ့ပြီး သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်သည့် လူဦးရေ ၃. ၆ သန်းနီးပါးသည် မိမိတို့နေအိမ်၊ ကျောင်းနှင့် အသိုင်းအဝိုင်းများကို စွန့်ခွာထွက်ပြေးနေရသည်။ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးကျဆင်းမှုကြောင့် ပိုမိုဆိုးရွားလာသော လက်ရှိပဋိပက္ခနှင့် မလုံခြုံမှုသည် မြန်မာနိုင်ငံ၏ လူမှုရေးစနစ်များ အားနည်းနေသည်ဟု ဆိုလိုပါသည်။ ပဋိပက္ခဖြစ်ပွားသောဒေသများရှိ ကလေးများနှင့် အမျိုးသမီးများသည် ပျက်စီးနေသော အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းချို့တဲ့မှုနှင့် ကုန်ကျစရိတ်မြင့်မားခြင်း သို့မဟုတ် ဝန်ဆောင်မှုများမရရှိိနိုင်ခြင်းတို့ကြောင့် စောင့်ရှောက်မှုရရှိရန် ကြီးမားသောအတားအဆီးများနှင့် ရင်ဆိုင်နေကြရသည်။ ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ ထပ်တလဲလဲဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့် အခြားသဘာဝဘေးအန္တရာယ်များသည် ဘေးသင့်ပြည်သူများအတွက် သန့်ရှင်းသောရေ ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်း ဝန်ဆောင်မှုများကို ဆက်လက်၍ လက်လှမ်းမီ မရရှိနိုင်ဖြစ်စေပါသည်။ ပျက်စီးနေသောစနစ်များနှင့် လူဦးရေထူထပ်များပြားသော စစ်ဘေးရှောင်နေရာများသည် ရေမှတစ်ဆင့် ဖြစ်ပွားသော ရောဂါများ အန္တရာယ်ကို မြင့်တက်စေသည်။
ဖြေရှင်းနည်း
ယူနီဆက်မှ တုံ့ပြန်ဆောင်ရွက်နေပုံ
ယူနီဆက်သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ကလေးသူငယ်များနှင့် မိသားစုများသည် ၎င်းတို့လိုအပ်သည့်အချိန်တွင် အရေးပါသော ဝန်ဆောင်မှုများ ရရှိနိုင်ကြောင်း သေချာစေရန် လုပ်ဆောင်လျက်ရှိပါသည်။
ယူနီဆက်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဟာဗျူဟာသည် လူမှုအသိုင်းအဝိုင်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့် သက်ဆိုင်သူများအားလုံးနှင့်အတူ လက်တွဲလျှက် အသက်ကယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန်အတွက် အရေးပေါ်ဝန်ဆောင်မှုများကို လိုအပ်သောကလေးငယ်များထံသို့ မျှတစွာရောက်ရှိစေရန် အာရုံစိုက်ထားပါသည်။
ဒေသတွင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ယူနီဆက်သည် အောက်ပါ အသက်ကယ်ဝန်ဆောင်မှုနှင့် အရေးကြီးသော ဝန်ဆောင်မှုများ ပံ့ပိုးပေးနေပါသည်-
- အာဟာရ
- ကျန်းမာရေး
- ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH)
- ပညာရေး
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
အလွှာစုံအကျပ်အတည်းများ၏ ရှည်လျား ရှုပ်ထွေးသောသဘာဝသည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိပြီး ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့များသည် လူမှုအသိုင်းအဝိုင်း၏ ခံနိုင်ရည်စွမ်းအား အားကောင်းခိုင်မာစေရန် ရင်းနှီးမြှုပ်နှံရာတွင် ပြင်းထန်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် လိုအပ်ပါသည် ။
အခြားကုလသမဂ္ဂအေဂျင်စီများ၊ မိတ်ဖက်များနှင့် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ယူနီဆက်သည် ၎င်း၏ နယ်မြေခံရုံးများနှင့် အစုအဖွဲ့ခေါင်းဆောင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်ကြိုတင်ပြင်ဆင်မှုကို အားဖြည့်ရန်နှင့် ကဏ္ဍစုံတုံ့ပြန်မှုကိုအကောင်အထည်ဖော်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကို ဆက်လက်ဖြေရှင်းရန်အတွက် ပံ့ပိုးရေးပလက်ဖောင်းများစွာကို အသုံးပြုပါသည်။
ယူနီဆက်သည် နောက်ထပ်အန္တရာယ်များကို ခံနိုင်ရည်ရှိစေရန် အစောပိုင်းပြန်လည်နာလန်ထူရေးနှင့် ဒဏ်ခံနိုင်ရည်ရှိသော လူမှုရေးစနစ်များ ရေရှည်တည်တံ့ရေးအတွက်လည်း ပံ့ပိုးပေးနေသည်။
မြို့ပြဒေသများတွင် ယူနီဆက်သည် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းပြီးကနဦးအနေဖြင့် လူဦးရေ ၅၀,၀၀၀ အတွက် သန့်ရှင်းသော သောက်ရေများ ဖြန့်ဝေပေးနိုင်ရန် လုပ်ဆောင်လျှက်ရှိပါသည်။
အာဟာရ
၂၀၂၅ ခုနှစ်တွင်-
- ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်များသည် အသက် ၆ လမှ ၅၉ လအတွင်းရှိ ကလေးငယ် ၂. ၅ သန်း နီးပါးကို ကြိုတင်ကာကွယ်နိုင်သော အာဟာရဆိုင်ရာ ဝန်ဆောင်မှုများနှင့်အတူ အသက် ၂ နှစ်အောက် ကလေးငယ်များ၏ စောင့်ရှောက်ပေးသူဦးရေ ၁၉၄, ၀၀၀ ကျော်ကို ပံ့ပိုးပေးခဲ့ပါသည်။ ဤဝန်ဆောင်မှုများတွင် ဗီတာမင်အေနှင့် အနုအာဟာရဖြည့်စွက်စာများအပြင် မွေးကင်းစနှင့် နို့စို့အရွယ်ကလေးငယ် နို့တိုက်ကျွေးခြင်း (IYCF) နှင့်စပ်လျဉ်း၍ အသိပညာပေး မြှင့်တင်ပေးခြင်းတို့ပါဝင်ပြီး အကောင်းဆုံးနို့တိုက်ကျွေးရေးအလေ့အကျင့်များဖြစ်စေရန် ပံ့ပိုးပေးခဲ့ပါသည်။
- ပြင်းထန်အာဟာရချို့တဲ့မှုအတွက် ကလေးငယ်ဦးရေ ၃၆၅, ၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ပြင်းထန် အာဟာရချို့တဲ့ကလေးငယ် ၈, ၀၂၃ ဦးကို ရှာဖွေဖော်ထုတ်ကာ အသက်ကယ် ပံ့ပိုးမှုများဖြင့် ကုသပေးခဲ့ပါသည်။
- အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၁၁၄, ၀၀၀ ကျော်နှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၂၅၅,၀၀၀ ကျော်တို့အား အနုအာဟာရ ဖြည့်စွက်စာမျိုးစုံ ထောက်ပံ့ပေးခဲ့သည်။
အခြေခံကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများ
၂၀၂၅ ခုနှစ်တွင်-
- ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့များသည် ပဋိပက္ခဒဏ်သင့်ပြည်သူများနှင့် ၂၀၂၅ ခုနှစ် မတ်လ ငလျင်ဘေးသင့် ပြည်သူများအတွက် အသက်ကယ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ပါသည်။
- ကိုယ်ဝန်ဆောင်အမျိုးသမီးများကို စောင့်ရှောက်ခြင်း၊ မရှိမဖြစ်လိုအပ်သော မွေးကင်းစကလေးငယ်များကို စောင့်ရှောက်ခြင်း၊ နာမကျန်းကလေးငယ်များကို စောင့်ရှောက်ခြင်းနှင့် အရေးပေါ်ရည်ညွှန်းခြင်းများအပါအဝင် လူဦးရေ ၆၇၆,၀၀၀ ကျော်ကို ရွေ့လျားဆေးခန်း၊ ပုံသေဆေးခန်းများနှင့် ကမ်းလင့်ကူညီရေး ဝန်ဆောင်မှုများမှတစ်ဆင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးခဲ့ပါသည်
- ယူနီဆက်သည် မွေးကင်းစကလေးများနှင့် အသက် ၅ နှစ်အောက် ကလေးများအတွက် အဓိကကျသော လူမှုအသိုင်းအဝိုင်းအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပံ့ပိုးမှုအတွက် မိတ်ဖက်အဖွဲ့အစည်းများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား ၄၄၅ ဦး ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ပါသည်။
- လူပေါင်း ၆၄၀, ၀၀၀ ကျော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အရေးကြီးသော အိမ်တွင်း မွေးကင်းစကလေး စောင့်ရှောက်ရေးကို ပံ့ပိုးပေးရန်အလို့ငှာ အရေးပေါ်ကျန်းမာရေးပစ္စည်းများ ၊ သန့်ရှင်းသောမီးဖွားပစ္စည်းများနှင့် မွေးကင်းစကလေးစောင့်ရှောက်ရေးပစ္စည်းများအပါအဝင် အရေးကြီးထောက်ပံ့ပစ္စည်းများနှင့် ORS၊ zinc နှင့် Amoxicillin အပါအဝင် မရှိမဖြစ်လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးခဲ့ပါသည်။
ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး
စစ်ဘေးရှောင်ပြည်သူများ (IDPs) နှင့် နွမ်းပါးသော အသိုက်အဝန်းများအတွက် ရေနှင့် အရေးကြီးသော ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးထောက်ပံ့ပစ္စည်းများသည် ၎င်းတို့၏ကျန်းမာရေးနှင့် သာယာဝပြောရေးကို ကာကွယ်စောင့်ရှောက်ရာတွင် အလွန်အရေးပါသည်။
၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌-
- ယူနီဆက်နှင့် မိတ်ဖက်များသည် ငလျင ၊ ရောဂါဖြစ်ပွားမှု၊ ရေကြီးရေလျှံမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတစ်ဝှမ်း အသက်ကယ် WASH အကူအညီများ ပေးအပ်ခဲ့ပါသည်။
- အကူအညီများတွင် သန့်ရှင်းသောရေ၊ အိမ်သုံးရေစစ်ပုံးများ၊ သန့်ရှင်းသော ရေထည့်ပုံးများ ၊ ရေသန့်စင်ဓာတုပစ္စည်းများနှင့် ပျက်စီးနေသောစနစ်များကိုပြန်လည်ထူထောင်ခြင်းတို့ပါဝင်သည်။
- ယူနီဆက်သည် အရေးပေါ်ရေ ရရှိရေး ရည်မှန်းချက်ကို ကျော်လွန်ခဲ့ပြီး ရည်မှန်းချက်၏ ၁၄၂ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။ ၎င်းသည် ကာလရှည် စစ်ဘေးရှောင်စခန်းများနှင့် အိမ်ရှင်အသိုင်းအဝိုင်းများတွင် သန့်ရှင်းသော ရေရရှိရေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေခဲ့သည်။
- မရှိမဖြစ်လိုအပ်သော WASH အထောက်အပံ့များသည် စီစဉ်ထားသောလွှမ်းခြုံမှု၏ ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်များကို အားဖြည့်ပေးကာ AWD နှင့်ကာလဝမ်းရောဂါအန္တရာယ်များကို လျှော့ချပေးပါသည်။
ပညာရေး
ကလေးများ၏ ပညာရေးသည် ၎င်းတို့၏ ကောင်းကျိုးသုခနှင့် အနာဂတ်အခွင့်အလမ်းများအတွက် အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များနှင့် ဖြစ်ပွားနေဆဲပဋိပက္ခများ - နှင့် ပညာရေးအပေါ် သက်ရောက်မှုများ မြင့်တက်လာခြင်းတို့အကြား ယူနီဆက်သည် အရည်အသွေးမြင့် ပညာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို အသုံးပြု၍ ရပ်ရွာနှင့် အိမ်တွင်းအခြေပြု သင်ယူမှု အပါအဝင် ကလေးများအတွက် ပြောင်းသာပြင်လွယ်ရှိသော သင်ယူမှု အခွင့်အလမ်းများကို တိုးမြှင့်ပေးလျက်ရှိပါသည်။ ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်များသည် နိုင်ငံတစ်ဝှမ်းရှိ ကလေးများအတွက် ဘေးကင်းလုံခြုံသော သင်ယူမှု ရရှိစေရန်အတွက် ဦးစားပေး ကြားဝင်ဆောင်ရွက်မှုများကို သတ်မှတ်ရန်နှင့် ပံ့ပိုးပေးရန် လုပ်ဆောင်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်တွင်-
- ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များသည် ပဋိပက္ခနှင့် ငလျင်ဘေးသင့်ဒေသများရှိ ကလေးများနှင့် စောင့်ရှောက်သူ ၁,၄၁၃,၆၆၁ ဦးကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ ပေးခဲ့ပါသည်။
- ကလေးငယ် ၈၅၄,၄၀၁ ဦးအား အစောပိုင်းသင်ယူမှုအပါအဝင် ကျောင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေးကို လက်လှမ်းမီသင်ယူနိုင်ရန် ထောက်ပံ့ပေးခဲ့သည်။ ဤထောက်ပံ့ပေးမှုများတွင် အခြေခံစာတတ်မြောက်မှု၊ အတွက်အချက်နှင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ သင်ယူမှု၊ အထူးသဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ကလေးသူငယ်များကို အကျိုးပြုခြင်းတို့ ပါဝင်သည်။
- ယူနီဆက်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ကလေးငယ် ၃၈၉,၀၂၃ ဦးအား မရှိမဖြစ်လိုအပ်သော သင်ယူမှုအစီအစဉ်များအပါအဝင် တစ်ဦးချင်းသင်ယူမှု အထောက်အကူပြုပစ္စည်းများကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။
- သင်ယူမှုအရည်အသွေးကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ထမ်း ၂၄, ၅၃၈ ဦးကို လေ့ကျင့်သင်တန်းပေးခဲ့ပြီး ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါသည်။
သင်ယူမှု စဉ်ဆက်မပြတ်ဖြစ်ရေးအတွက် ယာယီသင်ယူမှုနေရာ ၁,၃၂၈ ခုကို တည်ထောင်ခဲ့သည် သို့မဟုတ် ထိန်းသိမ်းခဲ့သည်။
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
မြန်မာနိုင်ငံတစ်ဝှမ်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာခြင်းတို့နှင့်အတူ ကလေးများသည် အကြီးမားဆုံးတန်ဖိုးများ ပေးဆပ်နေရပြီး နေရပ်စွန့်ခွာရခြင်း၊ အတင်းအဓမ္မ စုဆောင်းခံရခြင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် အရေးပါသော ဝန်ဆောင်မှုများနှင့်လွဲချော်ခြင်းများ ကြုံတွေ့နေကြရသည်။
၂၀၂၅ ခုနှစ်တွင်-
- ယူနီဆက်နှင့် မိတ်ဖက်များသည် ကြိုတင်ကာကွယ်မှုမှ တုံ့ပြန်မှုအထိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကျယ်ပြန့်သော ကြားဝင်ဆောင်ရွက်မှုများ ပါဝင်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးခဲ့ပါသည်။ ကာကွယ်ရေး ၀န်ဆောင်မှုများတွင် ရပ်ရွာလူထုအသိပညာပေးပွဲများ ၊ ကလေးသူငယ် ကာကွယ်ရေးနှင့် တားဆီးစောင့်ရှောက်ရေး သတင်းစကားများဖြန့်ဝေခြင်း၊ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း အန္တရာယ်ပညာပေးခြင်း (EORE) ၊ ကျား ၊ မအခြေပြုအကြမ်းဖက်မှု (GBV) အန္တရာယ်လျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားမှုမှ ကာကွယ်ခြင်း (PSEA) တို့ပါဝင်သည်။
- ငလျင်ဘေးသင့်ကလေးငယ်များအတွက် အသက်အရွယ်နှင့် ကျား ၊ မအလိုက် သင့်လျော်သော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပစ္စည်း ၁၅,၈၄၁ ခုကိုဖြန့်ဝေခဲ့ပြီး ကလေးများနှင့်ဆယ်ကျော်သက်လူငယ် ၂၃,၆၆၃ ဦး အကျိုးခံစားခွင့်ရရှိခဲ့ပါသည်။
ကလေးများနှင့်လူကြီးများအပါအဝင် လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်ဦးရေ ၉၆၀,၀၀၀ ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု (SEA) ကို သတင်းပို့ရန် လုံခြုံသော၊ လျှို့ဝှက်ပြီး လက်လှမ်းမီနိုင်သောလမ်းကြောင်းများကို ရယူအသုံးပြုနိုင်ခဲ့သည်။ ယူနီဆက်သည် ကလေးသူငယ်များ လိုအပ်မှုရှိနေသော နေရာများအားလုံးသို့ အဆီးအတားမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများလက်လှမ်းမီရရှိနိုင်ရန် ဆက်လက်စည်းရုံး လုပ်ဆောင်နေပါသည်။
အကျပ်အတည်းနှင့် ဆက်စပ်နေသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း ယူနီဆက်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထိခိုက်လွယ်ဆုံး ကလေးသူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများကို ဆက်လက်ပံ့ပိုးသွားရန် စိတ်ပိုင်းဖြတ်ထားသည်။
ပဋိပက္ခနှင့် အကျပ်အတည်းကာလများအပါအဝင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၅ နှစ်ကျော် သက်တမ်းရှိ ယူနီဆက်သည် အစီအစဉ်များကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပြီး အကျိုးရလဒ်များ ထိထိရောက်ရောက်နှင့် အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းနိုင်ရန် ၎င်း၏ ကျယ်ပြန့်သော မိတ်ဖက်ကွန်ရက်ကို စည်းရုံးဆော်ဩနိုင်သည်။
[1] https://www.unicef.org/emergencies/core-commitments-children