မျိုးဆက်တစ်ခုမပျောက်ဆုံးရေးအတွက် တားဆီးရှောင်လွဲခြင်း
အန္တရာယ်အကြီးမားဆုံး အခြေအနေရောက်နေသော မြန်မာနိုင်ငံ၏ အထိခိုက်လွယ်ဆုံး ကလေးများကို ကူညီထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၂၈၆ သန်း အရေးတကြီး လိုအပ်နေ
မြန်မာနိုင်ငံသည် အရှိန်မြင့်လာနေသော ပဋိပက္ခအမျိုးမျိုးနှင့်လုံးပန်းနေခဲ့ရသည်မှာ ယခုဆိုလျှင် လေးနှစ်တိုင်ရှိလာပြီဖြစ်ပါသည်။ ထိုအခြေအနေများသည် မြန်မာ့ကလေးသူငယ်များအပေါ် အကြီးမားဆုံး ထိခိုက်မှုများ ဖြစ်ပေါ်နေပါသည်။ အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာရမှုများနှင့် ကျန်းမာရေး၊ ပညာရေးကဲ့သို့ အရေးပါသော ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းစသည့် ဆုံးရှုံးမှုများစွာက မြန်မာကလေးငယ်များ၏ အသက်ရှင်ရပ်တည်မှုနှင့် ကောင်းမွန်စွာ ရှင်သန်ခွင့်များကို ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိပါသည်။
နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူများ၏ သုံးပုံတစ်ပုံခန့်မှာ ကလေးသူငယ်များဖြစ်ကြပြီး မိမိတို့၏ ရပ်ရွာအသိုက်အဝန်းများကို စွန့်ခွာခဲ့ကြရကာ ယခုဆိုလျှင် မသေချာ မရေရာသော အနာဂတ်ကို ရင်ဆိုင်နေကြရပါသည်။
တစ်ချိန်က ဘေးအန္တရာယ်ကင်းသည့် နေရာများဖြစ်ခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ကစားကွင်းများသည် ယခုအခါ လေကြောင်းတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းများ၊ အကြမ်းဖက်မှုများကြောင့် ပျက်စီးခဲ့ရပြီဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ပဋိပက္ခကြောင့် ကလေးငယ် ၇၅၀ ဦး သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိပါသည်။
အခြေခံဝန်ဆောင်မှုများ ပြိုလဲလုနီးပါးအခြေအနေသည် ကလေးငယ်များနှင့် မိသားစုများအား အန္တရာယ်တွင်းထဲသို့ တွန်းပို့လျက်ရှိပါသည်။ ကိုဗစ်-၁၉ ကြောင့် ယိုယွင်းနေပြီးဖြစ်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် ယခုအခါ ပဋိပက္ခများ၊ မလုံခြုံမှုနှင့် ကျန်းမာရေးလုပ်သားများ အစုလိုက်ထွက်ခွာမှုများကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကလေးငယ်များစွာမှာ အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိတော့ပါ။ ကလေးငယ်ဦးရေ ၁ သန်းကျော်သည် အရေးကြီးသော ကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကလေးအများအပြားရှိသော နိုင်ငံတစ်ခုဖြစ်လာနေကာ အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနေပြီဖြစ်သည်။
ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်မရဘဲ ၎င်းတို့၏ သင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးထားရသကဲ့သို့ ပဋိပက္ခတွင် ပါဝင်သူများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ ကလေးလုပ်သားအဖြစ်အသုံးပြုခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့အပါအဝင် ဆိုးရွားပြင်းထန်သော အန္တရာယ်များနှင့် ကြုံတွေ့နေရပါသည်။
စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှုများမှာ စိုးရိမ်ဖွယ်ရာအခြေအနေများအထိ ရောက်ရှိလာနေပြီး မြန်မာနိုင်ငံရှိ ကလေးငယ် ၅၅ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် မိသားစုများစွာမှာ အခြေခံစားဝတ်နေရေးကို ဖြည့်ဆည်းနိုင်ရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။ မသန်စွမ်းကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများမှာ လူမှုဖူလုံရေးကွန်ရက်များ ပြိုလဲခြင်းနှင့် အထူးစောင့်ရှောက်မှုများအတွက် ငွေကြေးမတတ်နိုင်ခြင်းကြောင့် အထိခိုက်အလွယ်ဆုံးသူများဖြစ်နေကြပြီး အဆိုပါကလေးငယ်များသည် ၎င်းတို့အတွက် အရေးတကြီးလိုအပ်သည့် ပံ့ပိုးမှုများ မရရှိဘဲ နေထိုင်နေကြရပါသည်။
ပြင်းထန်သောမုန်တိုင်းများနှင့် နှစ်စဉ်မုတ်သုံရာသီ ရေကြီးရေလျှံမှုများအပါအဝင် သဘာဝ ဘေးအန္တရာယ်များသည်လည်း မြန်မာနိုင်ငံရှိ ကလေးများကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို ပို၍တိုးစေခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ကလေးငယ်ဦးရေ ၃ သိန်းကျော် ထိခိုက်ခဲ့ရပြီး စာသင်ကျောင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ လူဦးရေအဆမတန်များပြားလွန်းသည့် စစ်ရှောင်စခန်းများနှင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများတွင် ရေကြောင့်ဖြစ်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမှုများအပြင် ဆိုးရွားသော လူနေမှုအခြေအနေများကို ရင်ဆိုင်နေကြရပြီး ၎င်း၏သက်ရောက်မှုများမှာ၂၀၂၅ ခုနှစ်အထိ ဆက်လက် ဖြစ်ပေါ်နေပါသည်။
ပြင်းထန်လာသော ပဋိပက္ခများ၊ ပိုမိုဆိုးရွားလာနေသည့် မလုံခြုံမှု၊ အကူအညီပေးခွင့် ကန့်သတ်ချက်များနှင့် ဗျူရိုကရေစီအတားအဆီးများအကြား အသက်ကယ် ထောက်ပံ့မှုပံ့ပိုးမှုများကို အမြန်ဆုံး တိုးမြှင့်ပေးရန် အကောင်းဆုံးကြိုးပမ်းနေသော်လည်း တုံ့ပြန်မှုများအတွက် ရန်ပုံငွေမှာအရေးတကြီး လိုအပ်နေဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် လိုအပ်သော အမေရိကန်ဒေါ်လာ ၂၀၈ သန်းအနက် ၂၅ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ကလေးငယ်များစွာမှာ အရေးကြီးလိုအပ်နေသော အကူအညီများ မရရှိခဲ့ပါ။
ဤအခြေအနေသည် ၂၀၂၅ ခုနှစ်တွင် ဆက်လက်မဖြစ်ပွားသင့်ပါ။ အကူအညီများ တိုးမြင့်ပေးရန် ချက်ချင်းနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်မှုများ မရှိပါက မြန်မာ့ကလေးငယ်များအပေါ် အန္တရာယ်များ ပို၍ကြီးမားလာမည်ဖြစ်ပြီး မျိုးဆက်တစ်ခုလုံး ပျောက်ဆုံးသွားနိုင်သည်အထိ ခြိမ်းခြောက်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်တွင် ယူနီဆက်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အားနည်းထိခိုက်လွယ်ဆုံး ကလေးငယ်နှင့် မိသားစုဦးရေ ၄.၁ သန်းအတွက် အသက်ကယ်နှင့် အရေးပေါ်ဝန်ဆောင်မှုများပေးရန် အမေရိကန်ဒေါ်လာ ၂၈၆ သန်း လိုအပ်နေပါသည်။ အဆိုပါရန်ပုံငွေမရရှိပါက ကလေးငယ်များသည် အာဟာရချို့တဲ့ခြင်း၊ ရောဂါများအစုလိုက်ဖြစ်ပွားခြင်း၊ သန့်ရှင်းသည့်ရေမရရှိခြင်း၊ ပညာရေးဆုံးရှုံးခြင်းတို့ကို ကြုံတွေ့ရကာ ၎င်းတို့၏ အနာဂတ်များ ကြီးစွာထိခိုက်ဆုံးရှုံးမည့်အန္တရာယ်ကို ရင်ဆိုင်နေကြရပါသည်။
မြန်မာကလေးငယ်ပေါင်းများစွာမှာ အန္တရာယ်အကြီးမားဆုံး အခြေအနေသို့ ရောက်ရှိနေပြီး ချက်ချင်းအရေးယူဆောင်ရွက်မှု မပြုလုပ်ပါက ကလေးများစွာသည် ပြန်လည်ကုစားမရနိုင်သော ထိခိုက်မှုများနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ရှိနေပါသည်။ ၎င်းတို့၏ အနာဂတ်လုံခြုံစိတ်ချမှုရှိစေရေးနှင့် နောက်ထပ်ပျက်စီးဆုံးရှုံးမှုများကို တားဆီးရန်အတွက် အရေးပေါ်ဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုတို့မှာ အလွန်တရာ အရေးကြီးလှပါသည်။ အချိန်မီ၊ လုံလောက်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော ရန်ပုံငွေထောက်ပံ့မှုသည် မြန်မာ့ကလေးငယ်များအတွက် အရေးတကြီး လိုအပ်ချက်များကို ဖြေရှင်းပေးရန် အရေးပါသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။