မြန်မာနိုင်ငံရှိ ကလေးသူငယ်များ

အန္တရာယ်ကျရောက်နေသော အနာဂတ်မျိုးဆက်သစ်များ

UNICEF Myanmar

ကလေးများအားလုံး အသက်ရှင်ရပ်တည်ရန်နှင့် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှု လိုအပ်ပါသည်။   

ချောက်ကမ်းပါးစွန်းပေါ်မှ မြန်မာနိုင်ငံရှိ ကလေးငယ်များသည်ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် အကြီးလေးဆုံး ဝန်ထုပ်ဝန်ပိုးကို ထမ်းထားကြရပါသည်။ 

မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ကြီးထွားလာနေသော ပဋိပက္ခ ၊ မလုံခြုံမှု ၊ အစုလိုက်နေရပ်စွန့်ခွာ တိမ်းရှောင်ရမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အရေးကြီးသော ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ၎င်းတို့၏ ကိုယ်စိတ်ကျန်းမာရေး၊ အနာဂတ်နှင့် ရှင်သန်မှုတို့အပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရပါသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းယူချိန်မှစ၍ မြန်မာနိုင်ငံသည် ဒေသအသီးသီးတွင် ပဋိပက္ခနှင့် မလုံခြုံမှုများတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၂ သန်းကျော်ရှိလာကာ ၃၀ ရာခိုင်နှုန်းနီးပါးမှာ ကလေးသူငယ်များဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အကူအညီ လိုအပ်နေသော – နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သည့် – လူပေါင်း ၁၉.၉ သန်းအနက် အနည်းဆုံး ၆.၄ သန်းမှာ ကလေးသူငယ်များဖြစ်ပြီး မသေချာမရေရာသော အနာဂတ်ကို ရင်ဆိုင်နေကြရပါသည်။ 

UNICEF Myanmar
UNICEF Myanmar/2025/Minzayar Oo

ထပ်တလဲလဲဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်များကလည်း ဤခြိမ်းခြောက်မှုများကို ထပ်တိုးလာစေသည် 

နှစ်စဉ်နှစ်တိုင်းလိုပင် ကလေးသူငယ်များသည် မိုခါဆိုင်ကလုန်းမုန်တိုင်း (၂၀၂၃ ခုနှစ်) ၊ ယာဂီတိုင်ဖွန်းမုန်တိုင်း (၂၀၂၄ ခုနှစ်) ၊ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော မုတ်သုံရာသီ ရေကြီးရေလျှံမှုများနှင့် ၂၀၂၅ ခုနှစ်အတွင်း မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အကြီးမားဆုံးငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် အထိခိုက်ခံစားရဆုံးသူများဖြစ်ကြသည်။ ဤဖြစ်ရပ်များကြောင့် အိုးအိမ်များ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများကို ပျက်စီးခဲ့ရပြီး မိသားစုများအနေဖြင့် သန့်ရှင်းသောရေနှင့် ဘေးကင်းသောအိမ်သာစနစ်များ အသုံးမပြုနိုင်ဘဲ လက်ရှိ ရှိနေသည့် အခက်အခဲများကို ပိုမိုပြင်းထန်လာစေပါသည်။ လက်နက်ကိုင်ပဋိပက္ခများအပြင် ရာသီဥတုနှင့်ဆက်စပ်သည့် ထိတ်လန့်ဖွယ်ရာဖြစ်ရပ်များက ကလေးသူငယ်များ အထူးသဖြင့် ရောက်ရှိရန် ခက်ခဲပြီး ချို့ငဲ့သောဒေသများမှ ကလေးများရင်ဆိုင်နေကြရသည့် အခက်အခဲများကို ပိုမိုနက်ရှိုင်းစေပါသည်။  


ကလေးများအတွက် ခိုလှုံရာနေရာများ ပျောက်ဆုံးခြင်း   

မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ လျင်မြန်စွာ မြင့်တက်လာခြင်းနှင့်အတူ တိုက်ရိုက်နှင့် သွယ်ဝိုက်သော တိုက်ခိုက်မှုများ၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ၏ အတင်းအကျပ် လူသစ်စုဆောင်းခံရခြင်းနှင့် အသုံးပြုခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကျပ် လက်ထပ်စေခြင်း၊ မတရားဖမ်းဆီးခံရခြင်းနှင့် ထိန်းသိမ်းခံရခြင်း၊ အလွဲသုံးစားပြုခံရခြင်းနှင့် အရေးပါသော ဝန်ဆောင်မှုများကို လက်လှမ်းမီမရရှိနိုင်ခြင်းတို့ကဲ့သို့ ဆိုးရွားသော အန္တရာယ်များကို ယခင်ကထက် ပိုမိုရင်ဆိုင်နေရသည်။  

စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း သို့မဟုတ် ထိခိုက်စေသော တိုက်ခိုက်မှုများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် အကန့်အသတ်ရှိနှင့်ပြီးသား ခိုလှုံရာနေရာများကို ပိုမိုလျော့နည်းသွားစေပြီး ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပြတ်တောက်သွားစေကာ ၎င်းတို့၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကိုယ်စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဘေးကင်းလုံခြုံသောနေရာများကို ဆုံးရှုံးသွားစေပါသည်။ 

အာဟာရချို့တဲ့မှု၊ ပညာသင်ယူခွင့် ဆုံးရှုံးခြင်းနှင့် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သော ရောဂါများအတွက် အရေးပါသော ကာကွယ်ဆေးများ ထိုးနှံခွင့်မရရှိသည့် ကလေးငယ်အရေအတွက် မြင့်တက်လာခြင်းသည် နိုင်ငံ၏ အနာဂတ် ကောင်းကျိုးနှင့် စီးပွားရေး ကုန်ထုတ်စွမ်းအားကို သိသိသာသာ ခြိမ်းခြောက်နေပါသည်။  

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၊ မလုံခြုံမှု၊ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ နေရပ်စွန့်ခွာရမှုနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ အကန့်အသတ်ရှိမှုတို့ကြောင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရသော မိသားစုအများအပြားရှိရာ မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ၅၅ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုဒဏ်ကို အလူးအလဲ ခံစားနေကြရပါသည်။ 

မြန်မာနိုင်ငံရှိကလေးသူငယ် မျိုးဆက်တစ်ခုလုံးသည် ချောက်ကမ်းပါးစွန်းတွင် ကျလုဆဲအနေအထားဖြစ်နေပြီး ၎င်းတို့၏ ကိုယ်စိတ်ကျန်းမာရေးနှင့် ပြည့်စုံကြောင်း သေချာစေရန်နှင့် ၎င်းတို့၏ အနာဂတ်ကို ကာကွယ်ရန်အတွက် ဘက်စုံကျယ်ပြန့်သော ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအထောက်အပံ့များကို လက်ငင်းရော ရေရှည်အားဖြင့်ပါ လိုအပ်လျက်ရှိပါသည်။ 

UNICEF Myanmar
UNICEF Myanmar/2025/Minzayar Oo

ယူနီဆက်မှ တုံ့ပြန်ဆောင်ရွက်နေပုံ 

ယူနီဆက်သည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် နှစ်ပေါင်း ၇၀ ကျော် လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများကို အသုံးချ၍ ငြိမ်းချမ်းသည့်အချိန်တွင်ရော၊ အကျပ်အတည်းကျရောက်နေချိန်တွင်ပါ ပံ့ပိုးပေးလျက်ရှိပါသည်။ လိုက်လျောညီထွေရှိမှုသည် ယူနီဆက်၏ အဓိကဆောင်ပုဒ်ဖြစ်ပြီး၊ စိန်ခေါ်မှုများပြားသည့် အခြေအနေများကြားမှ ကလေးသူငယ်များရောက်ရှိနေသည့် နေရာဒေသကို မခွဲခြားဘဲ သူတို့၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရင်း ပိုမိုနက်ရှိုင်းလာသော လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန် အစီအစဥ်များကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။ 

အခြားနိုင်ငံများတွင်ကဲ့သို့ပင် မြန်မာနိုင်ငံ၌ ယူနီဆက်၏ ရှည်လျားသောသမိုင်းကြောင်းသည် ဘက်စုံကဏ္ဍစုံပါဝင်သော ပေါင်းစပ်တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်စေသည့် အားသာချက်တစ်ရပ် ဖြစ်ပါသည်။ မိမိတို့သည် ကဏ္ဍအသီးသီးတွင် မိမိတို့၏များစွာသောအတွေ့အကြုံများကို အကောင်းဆုံးအသုံးချ၍ မိတ်ဖက်အဖွဲ့အစည်းအမျိုးမျိုးမှတစ်ဆင့် အကောင်အထည်ဖော်မှုပုံစံများစွာကို အသုံးပြုလျက်ရှိပါသည်။ မိမိတို့၏ ယုံကြည်စိတ်ချရသော ကာလရှည်တည်ရှိမှုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့်အတူ စည်းရုံးဆောင်ရွက်နိုင်သော စွမ်းအားသည် မိမိတို့အနေဖြင့် အခြေခံအကြောင်းရင်းများကို နားလည်ရန်နှင့် ထိရောက်သော ဖြေရှင်းနည်းများကို ရှာဖွေရန် လိုအပ်သည့် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကို ရရှိစေပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ယူနီဆက်သည် ကလေးများအတွက် ရေနှင့်သန့်ရှင်းရေး (WASH)၊ ပညာရေး ၊ အာဟာရ ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းများစသည့် အေဂျင်စီ အုပ်စု ငါးစုနှင့် တာဝန်ယူဆောင်ရွက်ရသောကဏ္ဍကြီး (areas of responsibility) ငါးခုကို ဦးဆောင်နေပြီး ကလေးသူငယ်များအတွက် ဘက်စုံပြည့်စုံသောရလဒ်များ ရရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။ 

ယူနီဆက်သည် ကလေးသူငယ်များ၏ ရှင်သန်ရေးနှင့် ကိုယ်စိတ်ကျန်းမာရေးအတွက် အရေးကြီးသည့် ဝန်ဆောင်မှုများနှင့် အသက်ကယ်ထောက်ပံ့ရေးပစ္စည်းများကို အစဉ်အမြဲကဲ့သို့ပင် ပံ့ပိုးပေးရန် ကတိကဝတ်ပြုထားပါသည်။ 

စိန်ခေါ်မှုအများဆုံးနှင့် ရောက်ရှိရန် ခက်ခဲသည့် ဒေသများရှိ ကလေးသူငယ်များအထိပင် မိမိတို့ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် ဒေသခံရပ်ရွာလူထု အသိုင်းအဝိုင်းများမှဖြစ်သော မိမိတို့၏ ကျယ်ပြန့်သည့် မိတ်ဖက်အဖွဲ့ကွန်ရက်နှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မိမိတို့၏ ကျယ်ပြန့်သော လွှမ်းခြုံမှုသည် အခက်ခဲဆုံးအခြေအနေများတွင်ပင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသူကလေးသူငယ်များနှင့် အားနည်းထိခိုက်လွယ်သော ကလေးသူငယ်များအတွက် အကောင်းဆုံးရလဒ်များကို ပေးစွမ်းနိုင်စေပါသည်။ 

ယူနီဆက်သည် အမြဲတမ်းကဲ့သို့ပင် အဆင်းရဲအနွမ်းပါးဆုံးသူများ၊ မသန်စွမ်းသူများ၊ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများ၊ မိသားစုများနှင့် အတူမရှိသူများနှင့် ကွဲကွာနေသူများကဲ့သို့ အထိခိုက်လွယ်ဆုံးကလေးများဆီသို့ ရောက်ရှိပံ့ပိုးနိုင်ရန် အထူးအလေးထားပါသည်။ ရောက်ရှိရန်ခက်ခဲသည့် ဒေသများနှင့် နွမ်းပါးသည့် မြို့ပြရှိ ဆင်ခြေဖုံးဒေသများမှ ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်လည်း လုပ်ဆောင်လျက်ရှိပါသည်။