UNICEF အကြောင်း
ကလေးများအားလုံးတွင် အသက်ရှင်ရပ်တည်နိုင်ရန်၊ ရှင်သန်တိုးတက်နိုင်ရန်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်အလားအလာများ ပြည့်ဝလာစေရန် ဖြည့်ဆည်းနိုင်မည့် အခွင့်အရေးတွေရှိပါသည်။
- English
- မြန်မာ
UNICEF ဟူသည်
ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာအဖွဲ့ဖြစ်သော ယူနီဆက်သည် ကလေးသူငယ်တိုင်း၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး လက်လှမ်းမီရန် ခက်ခဲသော ဒေသများရှိ ကလေးငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်လျက်ရှိပါသည်။ မိမိတို့သည် နိုင်ငံနှင့် နယ်မြေပေါင်း ၁၉၀ ကျော်တွင် ကလေးငယ်များ ရှင်သန်ရပ်တည်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို အပြည့်အဝ အသုံးချနိုင်ရန်အတွက် လိုအပ်သည်များကို ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။
မိမိတို့သည် ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဝန်ဆောင်မှုများကို ကူညီပံ့ပိုးပေးနေသည့်အပြင် ကလေးငယ်များအား အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုမှုများမှ ကာကွယ်ရန်၊ လိုအပ်နေသူများထံ သန့်ရှင်းသော သောက်သုံးရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ်များ အရောက်ပို့ဆောင်ပေးရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကူးစက်ရောဂါဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရန်အတွက်ပါ ရှေ့တန်းမှ စည်းရုံးလှုံ့ဆော် ဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်ပါသည်။
ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးပံ့ပိုးထောက်ပံ့ရေးအဖွဲ့ဖြစ်သည့်အပြင် ယူနီဆက်သည် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ (ဂိုဒေါင်) ကိုလည်း စီမံခန့်ခွဲလျက် ရှိပါသည်။ အရေးပေါ်အခြေအနေများ မတိုင်မီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ကာလများတွင် မျှော်လင့်ချက်များနှင့်အတူ အသက်ကယ်ဆယ်ရေး အကူအညီများကို မြေပြင်တွင် လက်တွေ့ကျကျ ဆောင်ကြဉ်းပေးနေသည့် အဖွဲ့အစည်းလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ပေးမည့် ယူနီဆက်၏ လုပ်ငန်းစဉ်များသည် နိုင်ငံလွတ်လပ်ရေးရရှိပြီး မကြာမီ ၁၉၅၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ကာလက ကလေးငယ်များတွင် အဖြစ်များပြီး နာတာရှည်ကူးစက်တတ်သော ကာလသားရောဂါ (Yaws)၊ ကျောက်ကြီးရောဂါ (Smallpox) နှင့် အနာကြီးရောဂါ (Leprosy) စသည့် ရောဂါဆိုးများမှ ကာကွယ်နိုင်ရန် စတင်ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။
ထိုအချိန်မှစ၍ ယနေ့အထိ စိန်ခေါ်မှုပေါင်းများစွာ ရှိနေသော်လည်း ယူနီဆက်သည် ကဏ္ဍစုံမှ ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ရလဒ်များ ပေါ်ထွက်လာစေရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ်များနှင့် မိသားစုများ ကျန်းမာရေးနှင့် အာဟာရ၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အစရှိသည့် ကဏ္ဍများတွင် ရေရှည်အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် မိမိတို့က ကူညီပံ့ပိုးပေးလျက် ရှိသည်။ ထို့ပြင် အရေးပေါ်အခြေအနေများ ကြုံတွေ့ရချိန်တွင်လည်း ကလေးငယ်များနှင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုများကို ပေးအပ်လျက်ရှိပါသည်။
လက်ရှိတွင် ရှည်လျားထွေပြားပြီး ရှုပ်ထွေးလှသော ဘက်စုံအကျပ်အတည်းများ၏ သက်ရောက်မှုကို မြန်မာနိုင်ငံ ခံစားနေရသည်။ ထို့ကြောင့် ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးရုံသာမက၊ လူမှုအသိုင်းအဝိုင်းများ၏ ရေရှည်ကြံ့ကြံ့ခံနိုင်ရည်စွမ်းအား (Resilience) ပိုမိုကောင်းမွန်လာစေရန်အတွက်ပါ အလေးထား ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံရှိ နိုင်ငံတကာအသိုင်းအဝိုင်းတွင် သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အားလျော်စွာ၊ ယူနီဆက်သည် မြန်မာ့ကလေးငယ်များ ပိုမိုကြံ့ခိုင်ပြီး တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်စေရန်အတွက် တစ်ဦးတည်းသော တမူထူးခြားသည့် အခန်းကဏ္ဍမှ အစဉ်ဦးဆောင် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
ကျွန်ပ်တို့၏တာဝန်
ယူနီဆက် (UNICEF) အဖွဲ့အား ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အလားအလာကောင်းများကို အပြည့်အဝ ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်ပေးအပ်ထားပါသည်။
ယူနီဆက်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ကို အခြေခံလမ်းညွှန်အဖြစ် ခံယူထားပြီး၊ ကလေးသူငယ်အခွင့်အရေးများကို ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်စံနှုန်းများနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအဖြစ် အခိုင်အမာ ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ကလေးသူငယ်များ ရှင်သန်ရပ်တည်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် လူသားမျိုးနွယ်တစ်ရပ်လုံး တိုးတက်ပြောင်းလဲဖို့အတွက် မရှိမဖြစ်လိုအပ်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များဖြစ်ကြောင်း ယူနီဆက်က အလေးအနက် ယုံကြည်ပါသည်။
ကျွန်ပ်တို့၏ မစ်ရှင်အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် - https://www.unicef.org/about/mission-statement