ယူနီဆက်မြန်မာ ဌာနေကိုယ်စားလှယ်
Mr. Yasumasa Kimura
- English
- မြန်မာ
မစ္စတာ Yasumasa Kimura ကို ၂၀၂၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါသည်။
လက်ရှိခန့်အပ်မှုမတိုင်မီ Mr. Kimura သည် ၂၀၂၃ ခုနှစ် မေလမှစ၍ ဆီးရီးယားနိုင်ငံတွင် ယူနီဆက်ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းတွင် ရှုပ်ထွေးပြီးကြာရှည်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများထဲမှတစ်ခုတွင် မဟာဗျူဟာမြောက်၊ အစီအစဉ်ရေးရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာခေါင်းဆောင်မှုများကို ပံ့ပိုးပေးခဲ့ပါသည်။ Mr. Kimura သည် ဆီးရီးယားနိုင်ငံ ယူနီဆက်ရုံးကို တစ်စုတစ်စည်းတည်းသောနိုင်ငံရုံးဖွဲ့စည်းပုံသို့ ပေါင်းစည်းနိုင်ရန် ဦးဆောင်ကူညီခဲ့ပြီး၊ ညှိနှိုင်းမှု၊လုပ်ငန်းလည်ပတ်မှုဆိုင်ရာအချိတ်အဆက်ရှိမှုနှင့် အစီအစဉ်ဆိုင်ရာထိရောက်မှုရှိရေးကို တိုးတက်စေခဲ့ပါသည်။ ထို့အပြင် အသက်ကယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုမှ၊ အစောပိုင်းပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သို့ မဟာဗျူဟာပြောင်းလဲမှုကို ဦးဆောင်ကာ ဆီးရီးယားနိုင်ငံ၏ သမိုင်းဝင်ပြောင်းလဲမှုကာလတွင် ယူနီဆက်ကို နိုင်ငံ၏အဓိကမိတ်ဖက်အဖြစ် တည်ရှိနိုင်စေရန်လုပ်ဆောင်နိုင်ခဲ့ပါသည်။
Mr. Kimura သည်ယူနီဆက်တွင်၂၅ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ယူနီဆက်အိန္ဒိယ (၂၀၂၁-၂၀၂၃) အတွက် ဒုတိယဌာနေကိုယ်စားလှယ် (အစီအစဉ်များ) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယူနီဆက်၏ အကြီးမားဆုံးနိုင်ငံအစီအစဉ်တစ်ခုအားပံ့ပိုးပေးခဲ့ကာ၊ ပြည်နယ်၂၃ ခုနှင့် ပြည်ထောင်စုနယ်မြေနှစ်ခုကိုလွှမ်းခြုံထားသည့် ကွင်းဆင်းရုံး ၁၃ ခုအတွက် အကြံပေးခြင်းနှင့် စီမံခန့်ခွဲမှုအထောက်အပံ့များ ပံ့ပိုးပေးခဲ့ပါသည်။ ၎င်းသည်ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ယူနီဆက်ပြည်သူ့မိတ်ဖက်ဌာနခွဲ၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း (၂၀၁၆-၂၀၂၀)၊ ဘန်ကောက်မြို့ရှိ အရှေ့အာရှနှင့်ပစိဖိတ်ဒေသရုံးတွင် ယူနီဆက်ပုဂ္ဂလိကရန်ပုံငွေရှာဖွေရေးနှင့်မိတ်ဖက်အဖွဲ့အစည်းများ၏ ဒေသဆိုင်ရာအကြီးအကဲအဖြစ်လည်းကောင်း (၂၀၁၂-၂၀၁၅) ဆောင်ရွက်ခဲ့ပါသည်။ Mr. Kimura သည် နယူးရော့ခ်ရှိ ယူနီဆက်ရုံးချုပ်တွင်လည်း ရာထူးပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဂျပန်နိုင်ငံသားဖြစ်သူ Mr. Kimura သည် အမေရိကန်ပြည်ထောင်စု၊ ကလာ့ခ်တက္ကသိုလ်မှ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့်လူမှုရေးပြောင်းလဲမှုဆိုင်ရာဘွဲ့ကိုရရှိခဲ့ပါသည်။