မြန်မာနိုင်ငံရှိ ကလေးသူငယ်များ
အန္တရာယ်ကျရောက်နေသော အနာဂတ်မျိုးဆက်သစ်များ
- English
- မြန်မာ
ကလေးများအားလုံး အသက်ရှင်ရပ်တည်ရန်နှင့် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှု လိုအပ်ပါသည်။
ချောက်ကမ်းပါးစွန်းပေါ်မှ မြန်မာနိုင်ငံရှိ ကလေးငယ်များသည်ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် အကြီးလေးဆုံး ဝန်ထုပ်ဝန်ပိုးကို ထမ်းထားကြရပါသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် မြင့်တက်လာသော ပဋိပက္ခ ၊ မလုံခြုံမှု၊ အစုလိုက်နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အရေးကြီး ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ၎င်းတို့၏ ကိုယ်စိတ်ကျန်းမာရေး၊ အနာဂတ်နှင့် ရှင်သန်မှုတို့အပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းယူချိန်မှစ၍ မြန်မာနိုင်ငံသည် ဒေသအသီးသီးတွင် ပဋိပက္ခနှင့် မလုံခြုံမှုများတဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၆ ခုနှစ် နှစ်လယ်အထိ စစ်ဘေးရှောင်ဦးရေ ၃. ၇ သန်းကျော်ရှိလာပြီး ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းနီးပါးမှာ ကလေးသူငယ်များဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် အကူအညီလိုအပ်နေသော – နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သည့် – လူပေါင်း ၁၆.၂ သန်းအနက် အနည်းဆုံး ၄.၉ သန်းမှာ ကလေးသူငယ်များဖြစ်ပြီး မသေချာမရေရာသော အနာဂတ်ကို ရင်ဆိုင်နေကြရပါသည်။
ထပ်တလဲလဲဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်များကလည်း ဤခြိမ်းခြောက်မှုများကို ထပ်တိုးလာစေသည်
မကြာခဏ ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များသည် ကလေးငယ်များအတွက် ရှိရင်းစွဲ ဘေးအန္တရာယ်များကို ပိုမိုဆိုးရွားလာစေသည်။ ကလေးသူငယ်များသည် မိုခါဆိုင်ကလုန်းမုန်တိုင်း (၂၀၂၃)၊ ယာဂီတိုင်ဖုန်းမုန်တိုင်း (၂၀၂၄)၊ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော မုတ်သုံရာသီ ရေကြီးရေလျှံမှုများနှင့် ၂၀၂၅ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဘေးကဲ့သို့သော သဘာဝဘေးအန္တရာယ်မျိုးစုံကြောင့် အထိခိုက်ခံစားရဆုံးသူများ ဖြစ်ကြသည်။ ဤဖြစ်ရပ်ဆိုးများကြောင့် အိုးအိမ်တိုက်တာများ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ မိသားစုများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေနှင့် ဘေးကင်းလုံခြုံသော အိမ်သာစနစ်များကိုပင် အသုံးမပြုနိုင်တော့ဘဲ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ပိုမိုဆိုးရွားသွားစေသည်။ လက်နက်ကိုင်ပဋိပက္ခများအပြင် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့် အန္တရာယ်များက ကလေးသူငယ်များ၊ အထူးသဖြင့် ရောက်ရှိရန် ခက်ခဲပြီး ချို့ငဲ့သော ဒေသများမှ ကလေးငယ်များ ရင်ဆိုင်နေကြရသည့် သောကဗျာပါဒများကို ပိုမိုနက်ရှိုင်းစေလျက် ရှိပါသည်။
ကလေးများအတွက် ခိုလှုံရာနေရာများ ပျောက်ဆုံးခြင်း
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့်အတူ တိုက်ရိုက်နှင့် သွယ်ဝိုက်သော တိုက်ခိုက်မှုများ၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများက အတင်းအကျပ် လူသစ်စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ အသက်မပြည့်မီ အဓမ္မလက်ထပ်စေခြင်း၊ မတရားဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ အလွဲသုံးစားပြုခံရခြင်းနှင့် အရေးပါသော အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမီမရရှိခြင်း စသည့် ဆိုးရွားလှသော ဘေးအန္တရာယ်များကို ယခင်ကထက် ပိုမိုရင်ဆိုင်နေရသည်။
စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် ထိခိုက်ပျက်စီးစေခြင်းများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် အကန့်အသတ်ရှိလှသော ဘေးကင်းရာ ခိုလှုံခွင့်နယ်မြေများကို ပိုမိုကျဉ်းမြောင်းသွားစေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပြတ်တောက်သွားစေကာ ၎င်းတို့၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကိုယ်စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဘေးကင်းလုံခြုံသော နေရာများကို ဆုံးရှုံးသွားစေပါသည်။
ထို့ပြင် အာဟာရချို့တဲ့မှု၊ ပညာသင်ယူခွင့် ဆုံးရှုံးခြင်းနှင့် ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါများအတွက် အရေးပါသော ကာကွယ်ဆေးများ ထိုးနှံခွင့်မရရှိသည့် ကလေးငယ်အရေအတွက် မြင့်တက်လာခြင်းသည် နိုင်ငံ၏ အနာဂတ် ကောင်းကျိုးနှင့် လူမှုစီးပွား ကုန်ထုတ်စွမ်းအားကိုပါ သိသိသာသာ ခြိမ်းခြောက်နေပါသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၊ မလုံခြုံမှု၊ စီးပွားရေးကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု (ငွေကြေးဖောင်းပွမှု)၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်းနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ အကန့်အသတ်ရှိခြင်းတို့ကြောင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရသော မိသားစုအများအပြား ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်း မှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို အပြင်းအထန် ခံစားနေကြရသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ် မျိုးဆက်တစ်ခုလုံးသည် ချောက်ကမ်းပါးစွန်းတွင် ကျလုဆဲအနေအထားသို့ ရောက်ရှိနေပြီး၊ ၎င်းတို့၏ ကိုယ်စိတ်ကျန်းမာရေး ပြည့်စုံကောင်းမွန်ကြောင်း သေချာစေရန်နှင့် ၎င်းတို့၏ အနာဂတ်ကို ကာကွယ်ရန်အတွက် ဘက်စုံကျယ်ပြန့်သော ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH) ဆိုင်ရာ အထောက်အပံ့များကို လက်ငင်းတုံ့ပြန်မှုအဖြစ်ရော ရေရှည်မဟာဗျူဟာမြောက်ပါ မရှိမဖြစ် လိုအပ်လျက်ရှိပါသည်။
ယူနီဆက်မှ တုံ့ပြန်ဆောင်ရွက်နေပုံ
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် နှစ်ပေါင်း ၇၅ နှစ်ကျော် ဆောင်ရွက်ပေးခဲ့သည့် သမိုင်းဝင်အတွေ့အကြုံများကို ထိရောက်စွာ အသုံးချ၍၊ ငြိမ်းချမ်းသည့် ကာလများတွင်ရော ဘေးကျပ်နံကျပ် အခြေအနေများ ကြုံတွေ့ရချိန်တွင်ပါ အစဉ်တစိုက် ပံ့ပိုးကူညီပေးလျက် ရှိပါသည်။
ပြောင်းသာပြင်လွယ်ရှိမှုသည် ကျွန်ုပ်တို့၏ လက်စွဲဆောင်ပုဒ်တစ်ခုဖြစ်ပြီး၊ ယူနီဆက် (UNICEF) သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ စိန်ခေါ်မှုပေါင်းများစွာ ရှိနေသည့်တိုင်အောင် ကလေးငယ်များ မည်သည့်နေရာတွင်ပင် ရှိနေပါစေ ၎င်းတို့၏ ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ထိန်းသိမ်းပေးလျက်ရှိကာ၊ မြေပြင်လိုအပ်ချက်များကို လေးလေးနက်နက် ဖြည့်ဆည်းပေးနိုင်ရန် အခြေအနေ အရပ်ရပ်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါသည်။မြန်မာနိုင်ငံတွင် ယူနီဆက် (UNICEF) ၏ ရှည်လျားလှသော သမိုင်းကြောင်းသည် အခြားသောနိုင်ငံများနည်းတူ ကျွန်ုပ်တို့၏ အဓိကအားသာချက်တစ်ခုဖြစ်ပြီး၊ ဘက်ပေါင်းစုံပါဝင်သော ကဏ္ဍစုံတုံ့ပြန်မှုများကို ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည် ကဏ္ဍအသီးသီးတွင် ရရှိထားသော အတွေ့အကြုံကောင်းများကို အကောင်းဆုံးအသုံးချလျက်၊ မိတ်ဖက်အဖွဲ့အစည်းအမျိုးမျိုးနှင့်အတူ ပုံစံမျိုးစုံဖြင့် မြေပြင်လုပ်ငန်းစဉ်များကို ဖော်ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရသော ကာလရှည်တည်ရှိမှုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ကွန်ရက်များကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းရှိသော စွမ်းအားသည် ပြဿနာများ၏ အခြေခံအကြောင်းရင်းများကို ထဲထဲဝင်ဝင် နားလည်စေရန်နှင့် ထိရောက်သော ဖြေရှင်းနည်းများကို ဖော်ထုတ်နိုင်ရန်အတွက် လိုအပ်သည့် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကို ရရှိစေပါသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ယူနီဆက်သည် ကလေးသူငယ်များအတွက် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH)၊ ပညာရေး (ပူးတွဲဦးဆောင်)၊ အာဟာရ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် မိုင်းအန္တရာယ် ကာကွယ်တားဆီးရေး လှုပ်ရှားမှု (Mine Action) စသည့် ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲ့ (Cluster) ငါးခုနှင့် တာဝန်ယူရမည့် နယ်ပယ်ငါးခုကို အဓိကဦးဆောင်နေပြီး၊ ကလေးသူငယ်များအတွက် ဘက်စုံအကျိုးရလဒ်များကို ဖန်တီးဖော်ဆောင်ပေးလျက် ရှိပါသည်။
ယူနီဆက်သည် ကလေးသူငယ်များ၏ ရှင်သန်ရေးနှင့် ကိုယ်စိတ်ကျန်းမာရေးအတွက် အရေးကြီးသည့် ဝန်ဆောင်မှုများနှင့် အသက်ကယ်ထောက်ပံ့ရေးပစ္စည်းများကို အစဉ်အမြဲကဲ့သို့ပင် ပံ့ပိုးပေးရန် ကတိကဝတ်ပြုထားပါသည်။
စိန်ခေါ်မှုအများဆုံးနှင့် ရောက်ရှိရန် ခက်ခဲသည့် ဒေသများရှိ ကလေးသူငယ်များအထိပင် ကျွန်ုပ်တို့ ဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် ဒေသခံရပ်ရွာလူထု အသိုင်းအဝိုင်းများမှဖြစ်သော မိမိတို့၏ ကျယ်ပြန့်သည့် မိတ်ဖက်အဖွဲ့ကွန်ရက်နှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျွန်ုပ်တို့၏ ကျယ်ပြန့်သော လွှမ်းခြုံမှုသည် အခက်ခဲဆုံးအခြေအနေများတွင်ပင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသူကလေးသူငယ်များနှင့် အားနည်းထိခိုက်လွယ်သော ကလေးသူငယ်များအတွက် အကောင်းဆုံးရလဒ်များကို ပေးစွမ်းနိုင်စေပါသည်။
ယူနီဆက်သည် အမြဲတမ်းကဲ့သို့ပင် အဆင်းရဲအနွမ်းပါးဆုံးသူများ၊ မသန်စွမ်းသူများ၊ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများ၊ မိသားစုများနှင့် အတူမရှိသူများနှင့် ကွဲကွာနေသူများကဲ့သို့ အထိခိုက်လွယ်ဆုံးကလေးများဆီသို့ ရောက်ရှိပံ့ပိုးနိုင်ရန် အထူးအလေးထားပါသည်။ ရောက်ရှိရန်ခက်ခဲသည့် ဒေသများနှင့် နွမ်းပါးသည့် မြို့ပြဆင်ခြေဖုံးဒေသများမှ ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်လည်း လုပ်ဆောင်လျက်ရှိပါသည်။