ကျွန်ုပ်တို့၏မိတ်ဖက်များ
ကလေးငယ်များအာလုံးရဲ့ ဘဝတွေ ပိုမိုကောင်းမွန်စေရေးအတွက် အစဥ်လက်တွဲလုပ်ဆောင်လျှက်
- English
- မြန်မာ
အခွင့်အလမ်း
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ၎င်းတို့၏ ဘဝများကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်ရန် ယူနီဆက် (UNICEF) အပေါ် နေ့စဉ်နှင့်အမျှ မျှော်လင့်အားကိုးလျက် ရှိကြသည်။ မိသားစုများကလည်း မိမိတို့၏ ရင်သွေးငယ်များ အာဟာရပြည့်ဝပြီး၊ ကျန်းမာဘေးကင်းကာ ပညာသင်ကြားနိုင်ရေးအတွက် ယူနီဆက်က ဆက်လက်ပံ့ပိုးပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြသည်။ ထို့အတူ ရပ်ရွာလူမှုအသိုင်းအဝန်းများကလည်း ၎င်းတို့၏ ရင်ဖွင့်သံများနှင့် လိုအပ်ချက်များကို ကမ္ဘာကကြားသိစေရန် ယူနီဆက်ကိုပင် မှီခိုအားထားကြသည်။
တစ်ချိန်တည်းမှာပင် ယူနီဆက်၏ အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများကလည်း ၎င်းတို့ထောက်ပံ့ထားသော ရန်ပုံငွေများနှင့် ကူညီပံ့ပိုးမှုများကို ကလေးသူငယ်များအတွက် ထိရောက်ပြီး အကျိုးရှိသော မြေပြင်လုပ်ငန်းစဉ်များအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ကျွန်ပ်တို့အပေါ် အပြည့်အဝ ယုံကြည်ကိုးစားကြသည်။ အပြန်အလှန်အားဖြင့် ယူနီဆက်သည်လည်း ကျွန်ပ်တို့ ခံယူထားသည့် လုပ်ငန်းတာဝန်များအပေါ် ဆက်လက်ယုံကြည်မှုရှိနေရန်၊ ကလေးငယ်များ၏ တောက်ပသော မနက်ဖြန်များအတွက် ဖြစ်နိုင်ခြေရှိသမျှကို အတူတကွ ပုံဖော်ပေးရန်နှင့် မိတ်ဖက်များ၏ ပံ့ပိုးကူညီမှုများကို ရေရှည် ဆက်လက်ထိန်းသိမ်းသွားနိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများအပေါ်တွင် ထပ်တူ မှီခိုအားထားနေရပါသည်။
ကျွန်ပ်တို့ မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုကြောင့်သာ ယူနီဆက်သည် ကလေးသူငယ်များအတွက် ဆန်းသစ်သော အတွေးအခေါ်များနှင့် ရှေ့ဆောင်လုပ်ငန်းစဉ်များကို ဖော်ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်ပ်တို့သည် ကလေးငယ်များ မွေးဖွားချိန်မှစ၍ ဆယ်ကျော်သက်အရွယ်အထိ ကလေးဘဝတစ်လျှောက်လုံး (Life-cycle approach) ဘက်စုံကဏ္ဍစုံမှ ပံ့ပိုးကူညီပေးခြင်း၊ လက်တွေ့အကျိုးရှိကြောင်း သက်သေပြထားသည့် ဖြေရှင်းနည်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ အရေးပေါ်အခြေအနေများနှင့် ယင်းနောက်ပိုင်းကာလများတွင် လျင်မြန်ဖြတ်လတ်စွာ ပြင်ဆင်တုံ့ပြန်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံအတွင်း ကျွန်ပ်တို့၏ ရေရှည်ခိုင်မာသော တည်ရှိမှုနှင့် အတွေ့အကြုံများအပေါ် အခြေခံ၍ ကလေးငယ်များအတွက် အကြီးမားဆုံးနှင့် အထိရောက်ဆုံးသော ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်ခြင်းပင် ဖြစ်ပါသည်။
စိန်ခေါ်မှုများ
ဘက်ပေါင်းစုံမှအကျပ်အတည်းများနှင့်အတူ ပဋိပက္ခများတိုးပွားလာခြင်း – မကြာသေးမီနှစ်များအတွင်း နိုင်ငံတစ်ဝှမ်း ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ မြင့်တက်လာပြီး ကလေးများနှင့် ၎င်းတို့၏ မိသားစုများကို ထိခိုက်စေကာ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းအထိ လူဦးရေ ၃. ၇ သန်းကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။ နိုင်ငံရေးအကျပ်အတည်းအပြင် စီးပွားရေးစိန်ခေါ်မှုများကြောင့် ပြည်သူများ၏ အားနည်းထိခိုက်လွယ်မှု ပိုတိုးလာခဲ့သည်။ ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုနှင့် ငလျင်များကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ထပ်ခါတလဲလဲဖြစ်ပွားခြင်းသည် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် ကလေးငယ် ၄.၉ သန်းအပါအဝင် လူပေါင်း ၁၆.၂ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်။
ရန်ပုံငွေအကန့်အသတ်များ - ယူနီဆက်မြန်မာသည် လိုအပ်ချက်များ မြင့်တက်နေချိန်တွင် ကလေးသူငယ်များအား ကူညီနိုင်ရန်အတွက် အရင်းအမြစ်များကိုရရှိရန် ကြိုးစားရုန်းကန်နေရသည်။ ယင်းက ကလေးငယ်များစွာကို အရေးပါသော အသက်ကယ် ပံ့ပိုးမှုများ ကင်းမဲ့သွားစေနိုင်သည့် အန္တရာယ်ရှိလာစေပြီး- ရန်ပုံငွေထောက်ပံ့မှုအားနည်းလျှင် - သို့မဟုတ် 'မေ့လျော့ခံ'ရသည့် -အကျပ်အတည်းကြုံရလျှင် ကလေးသူငယ်များ မည်သို့ဖြစ်သွားမည်နည်း- ဟူ၍ မေးစရာဖြစ်လာခဲ့ပါသည်။
ယူနီဆက်၏ ရေရှည်တည်တံ့သော တုံ့ပြန်ဖြေရှင်းမှု
ယူနီဆက်မြန်မာ၏ လူသားချင်းစာနာထောက်ထားမှု မဟာဗျူဟာသည် ပဋိပက္ခဖြစ်ပွားနေသော ပြည်နယ်များနှင့် တိုင်းဒေသကြီးများရှိ နယ်မြေခံရုံးများ၏ လွှမ်းခြုံမှုကို အမြင့်မားဆုံးဖြစ်စေလျက် ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုကို ကျယ်ပြန့်စေရန် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားကုလသမဂ္ဂအေဂျင်စီများနှင့် လက်တွဲလုပ်ဆောင်ရန် အာရုံစိုက်ထားပါသည်။
ယူနီဆက်မြန်မာသည် မိတ်ဖက်အဖွဲ့များနှင့်အတူ ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုကို ကျယ်ပြန့်စေရန် အောက်ပါ ကဏ္ဍများမှတစ်ဆင့် အထောက်အထားနှင့် အတွေ့အကြုံအခြေပြု မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်ပါသည်-
ကျန်းမာရေးနှင့်အာဟာရ – အခြေခံကျန်းမာရေးစောင့်ရှောက်မှုပလက်ဖောင်းကို အသုံးပြု၍ အသက်ကယ်ခြင်း၊ သက်ရောက်မှုမြင့်မားသောမိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး ကြားဝင်ပံ့ပိုးမှုများပေးခြင်း၊ အခြားမရှိမဖြစ် လိုအပ်သောကဏ္ဍများနှင့် ပူးတွဲပံ့ပိုးခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ပေါင်းစည်းခြင်း၊ အာဟာရဆိုင်ရာဝန်ဆောင်မှုများ၊ မျိုးပွားမှုအသက်အရွယ်ရှိကလေးများနှင့် အမျိုးသမီးများအတွက် ပိုမိုကောင်းမွန်သော အစားအစာများနှင့် ကြိုတင်ကာကွယ်ရေး ဝန်ဆောင်မှုများ၊ ကာကွယ်ဆေးလုံးဝ ထိုးနှံခြင်းမရှိသော ကလေးများအပေါ် အာရုံစိုက်သော ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုများ။
ကျန်းမာရေးနှင့်အာဟာရ – အခြေခံကျန်းမာရေးစောင့်ရှောက်မှုပလက်ဖောင်းကို အသုံးပြု၍ အသက်ကယ်ခြင်း၊ သက်ရောက်မှုမြင့်မားသောမိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး ကြားဝင်ပံ့ပိုးမှုများပေးခြင်း၊ အခြားမရှိမဖြစ် လိုအပ်သောကဏ္ဍများနှင့် ပူးတွဲပံ့ပိုးခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ပေါင်းစည်းခြင်း၊ အာဟာရဆိုင်ရာဝန်ဆောင်မှုများ၊ မျိုးပွားမှုအသက်အရွယ်ရှိကလေးများနှင့် အမျိုးသမီးများအတွက် ပိုမိုကောင်းမွန်သော အစားအစာများနှင့် ကြိုတင်ကာကွယ်ရေး ဝန်ဆောင်မှုများ၊ ကာကွယ်ဆေးလုံးဝ ထိုးနှံခြင်းမရှိသော ကလေးများအပေါ် အာရုံစိုက်သော ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုများ။
ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး - ထိခိုက်ခံစားရသော လူမှုအသိုင်းအဝိုင်းများသို့ အထိရောက်ဆုံး ပံ့ပိုးကူညီနိုင်ရန် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ထိခိုက်ခံစားရသူများအတွက် အသက်ကယ် WASH ဝန်ဆောင်မှုများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပံ့ပိုးပေးခြင်း၊ ကျန်းမာရေး၊ အာဟာရ၊ ပညာရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများ၊ ဒေသတွင်း ဝယ်ယူမှုနှင့် တိုက်ရိုက်ဖြန့်ဖြူးမှု နည်းလမ်းများ နှင့် ပေါင်းစည်းပေးခြင်း။
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး – စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်း ပံ့ပိုးမှုများအပါအဝင် အလွန်အရေးကြီးသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပေါင်းစပ်ဝန်ဆောင်မှုအမျိုးမျိုး ပံ့ပိုးခြင်း၊ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ချိုးဖောက်မှုများကိုစောင့်ကြည့်ရန်၊ အစီရင်ခံရန်နှင့် တုံ့ပြန်ဖြေရှင်းရန် စွမ်းရည်မြှင့်တင်ခြင်း၊ ပြင်းထန်သောချိုးဖောက်မှုများကို ကာကွယ်ရန်နှင့် ဖြေရှင်းရန် ပဋိပက္ခတွင် ပါဝင်သူများနှင့် ဆွေးနွေးခြင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး - မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းကွန်ရက်များနှင့်ပူးပေါင်း၍ မသန်စွမ်းမှုစစ်ဆေးခြင်းနှင့် ဖော်ထုတ်ခြင်းကို တိုးချဲ့ဆောင်ရွက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများနှင့် လက်ခံရရှိသူများကို အခြားဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးခြင်း၊ ထိခိုက်လွယ်မှုနှင့် လိုအပ်ချက်အကဲဖြတ်မှုများကို ပံ့ပိုးရန် အချက်အလက်နှင့် အထောက်အထား ထုတ်ယူခြင်း။
ပညာရေး – အကျပ်အတည်းကြောင့် ထိခိုက်ခံစားနေသည့် ကလေးသူငယ်များအား မူလတန်းကြိုကျောင်းနေ အရွယ်ကလေးများနှင့် လက်ရှိအကျပ်အတည်းမတိုင်မီကပင် အစိုးရကျောင်းပညာရေးစနစ်ပြင်ပ ရောက်ရှိနေသော ကလေးများအပါအဝင် ကျောင်းနေအရွယ်ကလေးများအတွက် ဆီလျော်အောင်ပြုပြင်ထားသော ဖြည့်စွက်သင်ယူမှုအခွင့်အလမ်းများမှတစ်ဆင့် ဘေးကင်းလုံခြုံစွာသင်ယူနိုင်ရန် ပံ့ပိုးပေးခြင်း။
ကဏ္ဍပေါင်းစုံ – လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုမှုမှ ကာကွယ်စောင့်ရှောက်ရေးကို အစီအစဉ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအတွင်း ပေါင်းစည်းထည့်သွင်းခြင်း၊ လက်ရှိ လူမှုအသိုက်အဝန်း ဝေဖန်အကြံပြုချက်ယန္တရားများကို ခိုင်မာစေခြင်း ၊ ဖယ်ထုတ်ခံထားရဆုံးသော လူမှုအသိုင်းအဝိုင်းများအပေါ် အာရုံစိုက်ခြင်း ၊ ထိခိုက်ခံစားနေရသော ပြည်သူများအတွက် တာဝန်ခံမှုရှိကြောင်း သေချာစေခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် စံသတ်မှတ်ထားသည့် အစီရင်ခံခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် အပြန်အလှန် ဆက်သွယ်ရေးကို သေချာစေရန် ဒစ်ဂျစ်တယ် တီထွင်ဆန်းသစ်မှုများနှင့် လူမှုမီဒီယာလမ်းကြောင်းများကို မြှင့်တင်ခြင်း။
ယူနီဆက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကအားသာချက်
ကလေးတိုင်းအတွက် ရှိနေပေးခြင်းနှင့်ပတ်သက်လျှင် အဓိကပိုင်ဆိုင်မှု ငါးခုသည် ယူနီဆက်အား အခြားအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက အားသာချက်များ ရှိစေပါသည်။
အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခြင်း – ယူနီဆက်သည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် မိသားစုများအား နှစ်ပေါင်း ၇၅ နှစ် ကျော်ကြာ ပံ့ပိုးပေးခဲ့ပြီး ယခုအခါ ဤရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း၏ နောက်ကွယ်တွင် ဖုံးကွယ်ခံနေရသော နစ်နာသူ မြန်မာ့ကလေးသူငယ်များကို ကျွမ်းကျင်မှု၊ လက်လှမ်းမီမှုနှင့် ကျယ်ပြန့်မှုတို့အားဖြင့် အရေးပေါ်အကူအညီပေးရန်အတွက် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ယူနီဆက်မြန်မာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာရုံစိုက်ထားပြီးပဋိပက္ခဖြစ်ပွားနေသော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နယ်မြေခံရုံးများ၏ လွှမ်းခြုံမှုကို အများဆုံးဖြစ်စေသည်။
ဦးဆောင်ခြင်းနှင့် ရှေ့ဆောင်ခြင်း – နိုင်ငံအတွင်း မိမိတို့၏ ယုံကြည်စိတ်ချရသော ရေရှည်တည်ရှိမှုနှင့် မိမိတို့၏ မိတ်ဖက်များနှင့် ကွန်ရက်များနှင့်အတူ မိမိတို့၏ စည်းရုံးရေးစွမ်းအားသည် ပြဿနာများ၏ အခြေခံအကြောင်းရင်းများကို နားလည်ရန်နှင့် ထိရောက်သော ဖြေရှင်းချက်များကို ရှာဖွေရန် လိုအပ်သည့် လေးနက်သော အယူအဆ သဘောထားများကို ပေးပါသည်။ မြန်မာနိုင်ငံတွင် ယူနီဆက်သည် အေဂျင်စီ အစုအဖွဲ့ ငါးခုနှင့် WASH ၊ ပညာရေး၊ အာဟာရ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် မိုင်းလှုပ်ရှားမှုများ စသည့် တာဝန်ယူရမည့် နယ်ပယ်ငါးခုကို ဦးဆောင်လျက်ရှိသည်။
ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်တစ်လျှောက်လုံး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း – ယူနီဆက်သည် ဘဝခရီးစဉ်၏ အဆင့်တစ်ခုစီတွင် ကလေးများ ကျန်းမာပြီး အကာအကွယ်ရရှိကြောင်း၊ အာဟာရပြည့်ဝသော အစားအသောက်ကို လက်ခံရရှိကြောင်း သေချာစေခြင်းနှင့် အရေးကြီးဆုံးအနေဖြင့် – ၎င်းတို့တက်ရောက်နေသည့် မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် လုံလောက်သော ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများရှိကြောင်း သေချာစေသည်၊ သို့မှသာ နောက်ဆုံးတွင် တဝဲဝဲလည်နေသော ကြီးလေးသည့် ဆင်းရဲနွမ်းပါးမှုသံသရာကို ဖျက်နိုင်မည်ဖြစ်သည်။
အရေးပေါ်အခြေအနေမတိုင်မီ၊ အရေးပေါ်ကာလအတွင်းနှင့်နောက်ပိုင်း – အရေးပေါ်ကာလအတွင်းနှင့် နောက်ပိုင်း – မိမိတို့၏ အဖွဲ့များသည် ပထမဆုံး တုံ့ပြန်ဖြေရှင်းသူများဖြစ်ပြီး ကလေးများအား ကာကွယ်ရန် လိုအပ်သော ထိရောက်သည့် စနစ်များ၊ ဆက်ဆံရေးများနှင့် အစီအစဉ်များကို တည်ဆောက်ထားသည်။ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက မိမိတို့၏ တတ်သိပညာရှင်များသည် အဆင်သင့်ရှိပြီး အရေးကြီးဆုံးနေရာများတွင် အကျိုးထိရောက်မှုရှိစေရန် ၎င်းတို့၏ ရှိနှင့်ပြီး ကျွမ်းကျင်မှုများ၊ ကိရိယာများ၊ နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်များနှင့် ဆက်နွှယ်မှုများကို အသုံးချပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ အကျပ်အတည်းတစ်ခု ပြီးဆုံးသွားသည့်တိုင် ကလေးများ၏ ဒုက္ခများမှာ မပြီးဆုံးသွားပါ။ မိမိတို့သည် အရေးပေါ်အခြေအနေဖြစ်ပွားပြီးနောက် နောက်ပိုင်းအထိ သို့မဟုတ် ကလေးများ မိမိတို့ကို လိုအပ်နေသရွေ့ မိမိတို့ ရှိနေနိုင်ပါသည်။
ကျွမ်းကျင်ဝန်ထမ်း – ကျွန်ပ်တို့သည် ကျွန်ပ်တို့၏ ဝန်ထမ်းများအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများမှသည် အကြီးတန်း ကိုယ်စားလှယ်များအထိ ဝန်ထမ်းအားလုံးသည် ထူးချွန်ထက်မြက်သည့် အရည်အချင်းကိုယ်စီ ရှိကြပြီး၊ ရေရှည်ခိုင်မာ၍ ယုံကြည်စိတ်ချရသော ဆက်ဆံရေးကွန်ရက်များကို တည်ဆောက်ထားနိုင်သူများ ဖြစ်ကြသည်။
ယူနီဆက် (UNICEF) အနေဖြင့် အလှူရှင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ပံ့ပိုးကူညီမှုများကို အမြဲတစေ အသိအမှတ်ပြုလျက်ရှိပြီး၊ အရည်အသွေးမြင့်မားသော အလှူရှင်အစီရင်ခံစာများကို အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရန် အလေးအနက် ကတိပြုပါသည်။ ဤကတိကဝတ်သည် လက်ခံရရှိထားသော ရန်ပုံငွေခွဲဝေအသုံးပြုမှုများကို ရှင်းလင်းပြတ်သားစွာ မြင်သာစေပြီး တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု (Accountability and Transparency) ကို သေချာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့အပြင် ဤအစီရင်ခံစာများသည် ကျွန်ပ်တို့၏ တန်ဖိုးရှိသော မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများနှင့် ယူနီဆက်နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည့် အကျိုးသက်ရောက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘာသို့ ထင်ဟပ်မီးမောင်းထိုးပြရာလည်း ရောက်ပါသည်။
သင်၏ ပံ့ပိုးကူညီမှုဖြင့် ကျွန်ုပ်တို့ အတူတကွ ဘဝများကို ကယ်တင်နိုင်သည်
၂၀၂၆ ခုနှစ်တွင် ယူနီဆက်သည် ကလေးသူငယ် ၂.၆ သန်းအပါအဝင် လူဦးရေ ၃.၃ သန်းကို ပံ့ပိုးပေးနိုင်ရန် ရည်မှန်းထားသည်။ ယူနီဆက်သည် လူဦးရေ ၁ သန်းကို အရေးကြီးသော WASH အထောက်အပံ့များပေးခြင်း၊ ကလေးများနှင့်အမျိုးသမီးဦးရေ ၆၀၀,၀၀၀ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများပေးခြင်း၊ အသက် ၅ နှစ်အောက်ကလေးဦးရေ ၂ သန်းကို ဗီတာမင်အေဖြည့်စွက်စာများ ပံ့ပိုးခြင်း၊ ကလေးငယ်၊ ဆယ်ကျော်သက်နှင့် စောင့်ရှောက်သူဦးရေ ၄၄၁, ၈၃၁ ကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု ဝန်ဆောင်မှုများပေးခြင်းနှင့် ကလေးငယ် ၆၆၇, ၀၀၀ ကို ပညာရေးလက်လှမ်းမီမှုရစေခြင်းတို့ကို ရည်ရွယ်ပါသည်။
ယူနီဆက်ကို ရန်ပုံငွေပံ့ပိုးပေးခြင်းမှာ ရာနှုန်းပြည့်မိမိစိတ်သဘောဆန္ဒအလျောက်သာ ဖြစ်ပါသည်။ ကျွန်ပ်တို့၏ အရေးကြီးသော လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းရန် ကျွန်ပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများကိုသာ အားထားရသည်ဟု ဆိုလိုပါသည်။ ၂၀၂၅ ခုနှစ်တွင် ကလေးသူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများ၏ လိုအပ်ချက်များကြီးမားလာသည်နှင့်အမျှ ၎င်းတို့အပေါ် မိမိတို့၏ ပံ့ပိုးထောက်ပံ့မှုများ ပိုမိုကြီးမားလာသည့်တိုင် ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု (HAC) သည် ၇၅ ရာခိုင်နှုန်း လိုငွေပြမှုနှင့်အတူ ငွေကြေးထောက်ပံ့မှု အလွန်လျော့နည်းခဲ့သည်။ ဤကြီးမားသော ဘဏ္ဍာရေး အကန့်အသတ်သည် သန်းပေါင်းများစွာသော ကလေးများအတွက် အရေးကြီးသော လူသားချင်းစာနာထောက်ထားမှု၊ ကျန်းမာရေးနှင့် ငလျင်တုန့်ပြန်မှု ဝန်ဆောင်မှုများ၏ အတိုင်းအတာကို များစွာအကန့်အသတ်ရှိစေပါသည်။
ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်များအနေဖြင့် မြန်မာနိုင်ငံရှိ မြင့်မားလာသည့် လိုအပ်ချက်များကို တုံ့ပြန်ရန်နှင့် ပြည်သူများထံသို့ အရေးပါသော အကူအညီများ ရောက်ရှိရန်အတွက် ကြိုတင်ခန့်မှန်းနိုင်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသည့် ပိုမိုများပြားသော ရန်ပုံငွေများ အရေးတကြီး လိုအပ်လျှက်ရှိပါသည်။
၂၀၂၆ ခုနှစ်အတွက် ကလေးငယ် ၂.၆ သန်းအပါအဝင် လူဦးရေ ၃.၃ သန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ယူနီဆက်က အမေရိကန်ဒေါ်လာ ၂၆၇. ၂ သန်း တောင်းခံထားပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့်အညီ ကလေးများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ရှားမှု မေတ္တာရပ်ခံချက် ၂၀၂၆ သည် ကြံ့ကြံ့ခံနိုင်မှု တည်ဆောက်ခြင်းအပေါ် အလေးအနက်အာရုံစိုက်လျှက် လိုအပ်ချက်အများဆုံးဖြစ်သည့် ဒေသများကို ပံ့ပိုးရန် အဓိကထားပါသည်။
ကဏ္ဍ | 2024 လိုအပ်ချက်များ (US$) |
| ကျန်းမာရေး | ၃၀, ၄၂၉, ၈၉၂ |
| အာဟာရ | ၂၅, ၅၇၀, ၅၅၂ |
| ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး | ၃၆, ၀၁၄, ၀၈၄ |
| ပညာရေး | ၈၀, ၈၅၄, ၀၂၈ |
| ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး | ၅၅, ၇၁၃, ၈၀၄ |
| လူမှုကာကွယ်စောင့်ရှောက်ရေး | ၂၇, ၆၃၈, ၃၂၀ |
| ကဏ္ဍပေါင်းစုံ | ၆, ၀၃၀, ၇၆၃ |
| အစုအဖွဲ့ ညှိနှိုင်းဆောင်ရွက်မှုနှင့် ကွင်းဆင်းလုပ်ငန်းများ | ၄, ၉၃၄, ၆၀၅ |
| စုစုပေါင်း | ၂၆၇, ၁၈၆, ၀၄၈ |