ပဋိပက္ခနှင့် ရေဘေးဒဏ်ကြားမှ ကလေးငယ်ကို ကာကွယ်စောင့်ရှောက်နေသည့် မိခင်တစ်ဦး
သန့်ရှင်းသောသောက်သုံးရေနှင့် အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေး အကူအညီများက ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနှင့် ရေဘေးဒဏ်ကြောင့် အခက်အခဲတွေ့နေရသော မိခင်တစ်ဦးအား သူမ၏ ရင်သွေးငယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။
- English
- မြန်မာ
အသက် ၂၁ နှစ်မျှသာ ရှိသေးသည့် ဖြိုးနဒီကျော်သည် လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ ခင်ပွန်းဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိမှု၊ မိသားစုဝမ်းစာရေး လမ်းစပျောက်ခဲ့ရမှုနှင့် ရပ်ကွက်အတွင်း သောက်သုံးရေ ရင်းမြစ်များကို ညစ်ညမ်းစေခဲ့သည့် ရေကြီးရေလျှံမှုစသည့် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ ယခုကဲ့သို့ ဒုက္ခတွေကြားကပင် သူမ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ၇ လအရွယ် သားငယ် အောင်သူရဖြိုး၏ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ဖို့ပင် ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် ဖြိုးနဒီကျော်တို့ နေထိုင်ရာရပ်ကွက်အနီးသို့ လက်နက်ကိုင်ပဋိပက္ခများ ကူးစက်ရောက်ရှိလာခဲ့သည်။ လေယာဉ်သံ သို့မဟုတ် လက်နက်ကြီးပစ်ခတ်သံများ ကြားရသည့်အခါတိုင်း မိသားစုများ အိမ်မှထွက်ပြေးပြီး ဘေးကင်းရာ ပုန်းခိုစရာနေရာ လိုက်ရှာခဲ့ကြရကြောင်း သူမက ပြန်ပြောင်းပြောပြသည်။
"ဒီရပ်ကွက်ထဲက ကလေးတွေတောင် လူကြီးတွေ သင်ပေးထားတော့ လေယာဉ်သံ ကြားတာနဲ့ အလိုလို အိမ်ပြင်ပြေးထွက်ပြီး အပင်အောက်မှာ ဝပ်တတ်နေကြပြီ" ဟု ဖြိုးနဒီကျော်က ပြောသည်။
ရွာထဲတွင် ဆက်နေရန် လုံးဝ မဖြစ်နိုင်တော့သည့် အခြေအနေတွင် ခင်ပွန်းဖြစ်သူနဲ့အတူ ထွက်ပြေးခဲ့ကြရသည်။ ရွာက ထွက်ခါနီးအချိန်တွင် ခင်ပွန်းဖြစ်သူသည် လက်နက်ကြီး မိုင်းစမှန်ပြီး ခြေသလုံးတွင်ဒဏ်ရာ ရရှိခဲ့သည်။ ထိုစဉ်က ကိုယ်ဝန် ရင့်မာနေပြီဖြစ်သည့် ဖြိုးနဒီကျော်သည် ဒဏ်ရာပြင်းထန်စွာရထားသည့် ခင်ပွန်းဖြစ်သူကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရင်း ပါလာသည့် အိုးခွက်နဲ့ အဝတ်အစား အနည်းငယ်ကို ဆွဲကာ လျိုမြောင်တွေထဲတွင် ပုန်းခိုရင်း တစ်နေရာမှ တစ်နေရာသို့ ပြေးလွှားခဲ့ရသည်။ နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ၏ ဆေးကုသစရိတ်အတွက် သူတို့၏ တစ်ကောင်တည်းသော နွားကို ရောင်းချပြီး ဆေးရုံသို့ မကြာခဏ သွားရောက်ကုသခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ခြေထောက်မှာ လုံးဝပြန်မကောင်းလာတော့ဘဲ အလုပ်ပြန်မလုပ်နိုင်တော့ပေ။
စစ်ပွဲတွေကြားထဲတွင် မွေးဖွားလာခဲ့သည့် မွေးကင်းစ သားငယ်လေးနှင့်အတူ ဇာတိရွာကို အရဲစွန့်ပြီး ပြန်လာခဲ့သော်လည်း သူတို့၏ ရုန်းကန်ရမှုများမှာ ပြီးဆုံးမသွားခဲ့ပေ။
ယခုနှစ် မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တော်ကြီး ရေလွှဲဆည် ရေလျှံကျကာ ရွာအတွင်းသို့ ရေများဝင်ရောက်လာခဲ့ပြီး ဖြိုးနဒီကျော်တို့ကဲ့သို့ ရာပေါင်းများစွာသော မိသားစုများ ဒုက္ခရောက်ခဲ့ကြရသည်။ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ မိုးရာသီ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၉၅၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့ရပြီး နေအိမ်များ၊ ဝမ်းစာရေး လမ်းကြောင်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရသည်။
ဖြိုးနဒီကျော်၏ အိမ်လေးမှာလည်း လုံးဝ ရေမြုပ်သွားခဲ့သည်။ အိမ်သာများနှင့် ရေလှောင်ကန်များ ရေဝင်စိမ်ခဲ့သဖြင့် ဒေသတွင်း ရေအရင်းအမြစ်များ ညစ်ညမ်းသွားခဲ့သည်။ ရလဒ်အနေဖြင့် သူမ၏ ၇ လအရွယ် သားငယ် အောင်သူရဖြိုး အပါအဝင် ရပ်ကွက်အတွင်းရှိ ကလေးအများအပြားတွင် အရေပြားရောဂါများနှင့် အဖျားရောဂါများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့သည်။
နေရပ်စွန့်ခွာရမှုနှင့် ခင်ပွန်း၏ ဝင်ငွေဆုံးရှုံးမှုတို့ကြောင့် ကလေးငယ်ကို ပြုစုစောင့်ရှောက်နေရသည့် မိခင်တစ်ဦးအတွက် သန့်ရှင်းသောသောက်သုံးရေနှင့် အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ ရရှိဖို့ရန် ခက်ခဲလာခဲ့သည်။ ထို့ကြောင့် မည်သည့်အချိန်တွင် ပြန်လည်ဝယ်ယူနိုင်မည်ကို မသိနိုင်သောကြောင့် ဆပ်ပြာနှင့် သွားပွတ်ဆေး အပါအဝင် ရှိသမျှပစ္စည်းများကို ခြိုးခြံချွေတာ သုံးစွဲခဲ့ကြရသည်။
ထိုသို့ ထပ်လောင်းကြုံတွေ့ရသည့် အခက်အခဲများကြားမှ လိုအပ်နေသော အကူအညီများ ရောက်ရှိလာခဲ့သည်။ UNICEF သည် ရေဘေးသင့်ဒေသရှိ မိသားစုများအား ရေကြီးပြီးနောက် သန့်ရှင်းသောရေ ရရှိစေရန်၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး လိုအပ်ချက်များကို စီမံနိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ ရေပုံးများနှင့် ရေသန့်စင်ဆေးပြားများကို ထောက်ပံ့ပေးခဲ့သည်။
“UNICEF ကပေးတဲ့ ရေသန့်စင်ဆေးပြားနဲ့ ချက်ပြုတ်သောက်သုံးရေတွေကို ညဘက်မှာ ခတ်ထားလိုက်တယ်။ အဲဒါက မိသားစုအတွက် သန့်ရှင်းတဲ့ ရေကို ရရှိစေပါတယ်” ဟု မဖြိုးနဒီကျော်က ပြောသည်။
“တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေထဲမှာပါတဲ့ ကာဘိုလစ်ဆပ်ပြာက ကလေးရဲ့ အရေပြားပေါ်က အဖုအပိမ့်တွေကို သက်သာစေတယ်။ အနည်းဆုံး သုံးလလောက် အသုံးခံမယ့် သွားပွတ်တံနဲ့ သွားပွတ်ဆေး အသစ်တွေ ရလိုက်လို့ အခုဆို မနက်ခင်း သွားတိုက်ဖို့ မကြောက်တော့ဘူး” ဟု သူမက ဆိုသည်။
ဖြိုးနဒီကျော်နှင့် သူမ၏ မိသားစုအတွက်တော့ ပစ္စည်းများ ကုန်သွားမည်ကို မစိုးရိမ်ရတော့ဘဲ အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေးကို လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်။
မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ (Myanmar Humanitarian Fund) မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၏ ရက်ရောသော ကူညီပံ့ပိုးမှုဖြင့် UNICEF သည် မတ္တရာမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ ပဋိပက္ခကြောင့် ပြန်လည်ရောက်ရှိလာသည့် အိမ်ထောင်စုများနှင့် ရေဘေးသင့် အိမ်ထောင်စုပေါင်း ၂,၉၁၇ စု (လူဦးရေ ၁၁,၉၀၆ ဦး) ထံ သောက်သုံးရေ သန့်စင်သည့် ပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများကို ဖြန့်ဝေပေးခဲ့သည်။
“ဒုက္ခတွေ ကြုံနေရချိန်မှာ ကလေးအတွက် သေချာမပြင်ဆင်ပေးနိုင်လို့ ကိုယ့်ကိုယ်ကို အားငယ်မိခဲ့တယ်” ဟု ဖြိုးနဒီကျော်က ပြောသည်။
သန့်ရှင်းသောရေ ရရှိဖို့နှင့် အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းဖို့ လိုအပ်သည့် ပစ္စည်းများ ရရှိလိုက်ခြင်းသည် လပေါင်းများစွာ ဒုက္ခရောက်ခဲ့ရပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရရှိစေခဲ့သည်။
“ကလေး၏ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပြီဆိုတာ သိရတာက ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် မျှော်လင့်ချက်တွေ ပေးပါတယ်” ဟု သူမက ဆိုသည်။