ကလေးငယ်များဆီသို့ အသက်ကယ် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာသည့် ခရီးစဉ်

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် ကလေးငယ်များထံသို့ မရှိမဖြစ်လိုအပ်သော အကူအညီများ ရောက်ရှိခဲ့ပုံ

UNICEF Myanmar
A young boy sits among household belongings and bedding, holding a UNICEF hygiene kit box during a humanitarian assistance distribution.
UNICEF Myanmar/2025/Nyan Zay Htet
27 ဧပြီလ 2026

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ ရှိတဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးရွားဆုံး ဖြစ်တဲ့ အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ယူနီဆက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလေယာဉ်တစ်စင်းကို မြန်မာနိုင်ငံဆီ စေလွှတ်နိုင်ခဲ့ပါတယ်။ ဒါဟာ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုကနေ စီစဉ်ပြီး မြန်မာနိုင်ငံကို ပထမဆုံး ဆင်းသက်လာတဲ့ လေယာဉ်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ယူနီဆက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးစင်တာကနေ ထွက်ခွာလာခဲ့တာပါ။ ဥရောပသမဂ္ဂ (EU) ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အရေးပေါ်ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၈၀ ကို တင်ဆောင်လာတဲ့ ဒီလေယာဉ်ဟာ အစားအစာ၊ ရေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလောက်မရှိဘဲ ခက်ခဲစွာ ရုန်းကန်နေရတဲ့ ငလျင်ဘေးသင့် ကလေးငယ်တွေနဲ့ မိသားစုတွေကို ကူညီဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီကုန်တင်လေယာဉ်ပေါ်မှာ ပါလာတဲ့ အသက်ကယ်ထောက်ပံ့ရေးပစ္စည်းတွေဟာ အကျပ်အတည်းကာလကြားမှာ အသက်ရှင်သန်ရေးအတွက် အလွန်အရေးပါတဲ့ အရာတွေပါ။ နာမကျန်းဖြစ်နေသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးဖို့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေ၊ ခွဲစိတ်ကိရိယာတွေအပြင် အရေးပေါ်အခြေအနေမှာ ဘေးကင်းလုံခြုံစွာ မီးဖွားနိုင်ဖို့ သားဖွားကိရိယာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာခဲ့ရတဲ့ ကလေးငယ်တွေ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်ရာမှာ လုံခြုံနွေးထွေးမှုနဲ့ ပုံမှန်အခြေအနေကို ပြန်လည်ခံစားရစေဖို့ ရည်ရွယ်ပြီး ကလေးပျော်နေရာ (Child-Friendly Spaces) တွေ ဖန်တီးပေးဖို့အတွက် တဲတွေနဲ့ ကစားစရာပစ္စည်းတွေကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နေ့ရက်တိုင်းဟာ မိသားစုအများစုအတွက် အသက်ရှင်ရပ်တည်ဖို့ ခက်ခဲတဲ့ တိုက်ပွဲတစ်ခုလို ဖြစ်ခဲ့ပါတယ်။ အိုးအိမ်တွေ ပျက်စီးခဲ့ရသလို ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး၊ မိဘတွေအတွက်လည်း သားသမီးတွေကို ကျွေးမွေးဖို့ အစားအစာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ အခြေအနေမျိုးပါ။

ဒါ့အပြင် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေကို ကုသပေးဖို့ အသင့်သုံး ကုထုံးအစားအစာ (RUTF) တွေကိုလည်း အရေးပေါ် ပို့ဆောင်ပေးခဲ့ပါတယ်။ ယူနီဆက်ရဲ့ ကျန်းမာရေးနဲ့ အာဟာရအဖွဲ့တွေဟာ မြေပြင်မှာ မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ကြပြီး၊ ကလေးငယ်တွေမှာ အာဟာရချို့တဲ့မှု ရှိ၊ မရှိ စစ်ဆေးပေးတာတွေ၊ အရေးပေါ် ကုသမှုလိုအပ်နေတဲ့ ကလေးငယ်တွေဆီ ကုထုံးအစားအစာတွေ ဝေငှပေးတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးဖို့အတွက် ကျေးရွာတွေတစ်လျှောက် ရွေ့လျားဆေးခန်းတွေ ဖွင့်လှစ်ပေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင်တွေကို စောင့်ရှောက်မှုပေးတာနဲ့ မွေးကင်းစကလေးငယ်တွေအတွက် အရေးကြီးတဲ့ ပထမဆုံးကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်ဖို့ကိုလည်း သေချာဆောင်ရွက်ပေးခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ ယူနီဆက်ရဲ့ ဂိုဒေါင်တွေကနေလည်း ကြိုတင်ပြင်ဆင်ထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အပြင်းထန်ဆုံး ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေဆီ အလျင်အမြန် ပို့ဆောင်ပေးခဲ့ပါတယ်။ ပဋိဇီဝဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ဓာတ်ဆားထုတ်တွေနဲ့ အခြားအရေးကြီးတဲ့ ဆေးဝါးတွေပါဝင်တဲ့ သေတ္တာတွေကို နေအိမ်တွေကို စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီ ဖြန့်ဝေပေးခဲ့ပါတယ်။

ပျက်စီးသွားတဲ့ အဝီစိတွင်းတွေ၊ ကျိုးပေါက်သွားတဲ့ ရေပိုက်တွေနဲ့ ညစ်ညမ်းသွားတဲ့ ရေတွင်းတွေကြောင့် သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတော့တဲ့ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် သောက်သုံးဖို့နဲ့ ချက်ပြုတ်ဖို့ ဘေးကင်းစိတ်ချရတဲ့ ရေရရှိစေဖို့ ရေပုံးတွေနဲ့ ရေသန့်စင်ဆေးပြားတွေကိုလည်း ပံ့ပိုးပေးခဲ့ပါတယ်။ မိန်းကလေးတွေ၊ အမျိုးသမီးတွေနဲ့ မိသားစုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေ ပါဝင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။

ကလေးပျော်နေရာ (Child-Friendly Spaces) တွေထဲမှာတော့ နေရပ်စွန့်ခွာလာရတဲ့ ကလေးငယ်တွေဟာ ကစားဖို့၊ သင်ယူဖို့နဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ လုံခြုံတဲ့နေရာတစ်ခုကို ရရှိခဲ့ကြပြီး သူတို့ရဲ့ ရယ်မောသံတွေဟာလည်း တဖြည်းဖြည်း ပြန်လည်လွှမ်းခြုံလာခဲ့ပါတယ်။ လုံခြုံစွာ သိမ်းဆည်းနိုင်ပြီး သယ်ဆောင်ရ လွယ်ကူတဲ့ သော့ခတ်လို့ရတဲ့ သတ္တုသေတ္တာတွေထဲမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် ဘုတ်ဂိမ်း (Board Games) တွေ၊ ပုံဆွဲသင်ပုန်းတွေနဲ့ အားကစားပစ္စည်းတွေကို ထည့်သွင်းပေးထားပါတယ်။ တစ်ကြိမ်ကို ကလေးငယ် ၉၀ ဦးအထိ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ ဒီကစားစရာပစ္စည်းတွေဟာ ကလေးတွေအတွက် အကျပ်အတည်းကာလအတွင်းမှာ ကစားရင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ပျော်ရွှင်မှုတွေနဲ့ ပုံမှန်အခြေအနေကို ပြန်လည်ရရှိစေဖို့ အများကြီး အထောက်အကူပြုပါတယ်။

ရေတွက်လို့မရနိုင်အောင် များပြားလှတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက်တော့ ဒီထောက်ပံ့ရေးပစ္စည်းတွေဟာ အသက်ကယ်ကြိုးတစ်ချောင်းဖြစ်သလို မျှော်လင့်ချက်၊ နှစ်သိမ့်မှု၊ အချင်းချင်း နွေးထွေးစွာ ချိတ်ဆက်မှုနဲ့ အသစ်တဖန် ပြန်လည်ရှင်သန်လာတဲ့ ပျော်ရွှင်မှုတွေရဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ယူနီဆက်အနေနဲ့ ကလေးငယ်တွေ စိတ်ဒဏ်ရာကနေ ကုစားနိုင်ဖို့နဲ့ သူတို့ရဲ့ တန်ဖိုးထားရတဲ့ ကလေးဘဝကို ပြန်လည်ရရှိစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဆက်လက်ပေးပို့နေပါတယ်။ ဒါ့အပြင် မိသားစုတွေအနေနဲ့ စိတ်ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာစေဖို့၊ ဘဝတွေကို အသစ်ပြန်လည်တည်ဆောက်နိုင်ဖို့နဲ့ ပိုမိုလှပပြီး မျှော်လင့်ချက်အပြည့်ရှိတဲ့ အနာဂတ်တစ်ခုကို ကြိုဆိုနိုင်ဖို့အတွက်လည်း အစွမ်းကုန် ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။