မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးသူ ကလေးရှေ့နေကြီး

ရှေ့နေကြီးတစ်ဦးက ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးရဲ့ အခွင့်အရေးတွေကို ဘယ်လို ကာကွယ်ပေးခဲ့ပြီး မိသားစုကို မျှော်လင့်ချက်တွေ ဘယ်လိုဆောင်ကြဉ်းပေးနိုင်ခဲ့ပါသလဲ

By UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo
24 သြဂုတ်လ 2026

နှစ်ပတ်ကြာသည်အထိ ဒေါ်စန်းအေး1 တစ်ယောက် သူ့ရဲ့ ၁၅ နှစ်အရွယ်သားလေး ဘယ်ရောက်နေသလဲဆိုတာကို မသိရဖြစ်နေပါတယ်။ 

ကလေးလေးယောက်မိခင်ဖြစ်သူ ဒေါ်စန်းအေးဟာ သားဖြစ်သူရဲ့ သတင်းရလိုရငြား နေရာအနှံ့ နေ့စဉ် လိုက်လံစုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာသတင်းမှ မရဘဲ လက်လျှော့ပြန်လာခဲ့ရတာ နေ့တိုင်းလိုလိုပါ။ နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ သတင်းကို ရပါပြီ။ သားဖြစ်သူဟာ ထိန်းသိမ်းခံထားရပြီး ပြင်းထန်တဲ့စွဲချက်များစွာကို ရင်ဆိုင်နေရပါတယ်တဲ့။ 

"ကျွန်မ လုံးဝ ကူကယ်ရာမဲ့သလို ခံစားခဲ့ရတယ်။ ကျွန်မသားလေးရဲ့ ရထိုက်တဲ့ အခွင့်အရေးတွေအကြောင်းလည်း ကျွန်မ ဘာမှမသိခဲ့သလို ရှေ့နေတစ်ယောက်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာလည်း ကျွန်မမသိခဲ့ဘူး" လို့ မိခင်ဖြစ်သူ ဒေါ်စန်းအေးက ပြောပြခဲ့ပါတယ်။ 

လက်လုပ်လက်စား မိသားစုလေးတစ်ခုအတွက် ရှေ့နေတစ်ယောက် ငှားဖို့ဆိုတာ စဉ်းတောင်မစဉ်းစားရဲတဲ့ အခြေအနေတစ်ခုပါ။ ရက်ကနေမှ သီတင်းပတ်တစ်ခုပြီး တစ်ခုပြောင်းလာခဲ့ချိန်မှာ သားဖြစ်သူတစ်ယောက်တည်း တရားရင်ဆိုင်ရမှာကို တွေးပြီး မိခင်ဖြစ်သူဟာ အစိုးရိမ်ကြီးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ လူတွေက "ကလေးရှေ့နေကြီး"လို့ခေါ်ကြတဲ့ ရှေ့နေတစ်ဦး ပဲခူးတိုင်းမှာ ရှိတယ်ဆိုတဲ့သတင်းတစ်ခု ရခဲ့ပါတယ်။ 

သူ့နာမည်ကတော့ ဦးမြင့်လှိုင်ပါ။ 

အသက် ၄၆ နှစ်အရွယ် ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးမြင့်လှိုင်ဟာ ပဲခူးတိုင်းဒေသကြီးအတွင်းက ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် တရားရေးကိစ္စတွေမှာ ရှေ့နေလိုက်ပါဆောင်ရွက်ပေးသူလို့ လူသိများပါတယ်။ ဒါ့အပြင် လူအင်အား၊ ငွေကြေးနွမ်းပါးပြီး မိမိရထိုက်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး နားလည်မှုအကန့်အသတ်ရှိတဲ့ မိသားစုတွေကိုလည်း ကူညီပေးနေသူဖြစ်ပါတယ်။ 

"ကျွန်တော့်ကိုယ်ကျွန်တော် ကလေးသူငယ် အခွင့်အရေးတွေကို ကာကွယ်ပေးနေသူတစ်ယောက်လို့ စမြင်လာတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူမိသလို သူတို့အတွက်ရပ်တည်ပြီး ကာကွယ်ပေးသွားဖို့လည်း ယုံကြည်မှုရှိတယ်" လို့ ဆိုပါတယ်။ 

 

ပြောင်းလဲလာသော ဥပဒေရေးရာ အခင်းအကျင်း 

ဒါပေမဲ့ အမြဲတမ်း ဒီလိုဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီလိုထိရှလွယ်တဲ့ အမှုတွေကို တာဝန်မယူခင်တုန်းကတော့ ဦးမြင့်လှိုင်မှာ ဥပဒေရေးရာနဲ့ပတ်သက်တဲ့ ကလေးသူငယ် အမှုကိစ္စရပ်တွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံသိပ်မရှိလှပါဘူး။ 

ဒါပေမဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းက တရားစီရင်ရေးဆိုင်ရာ အခင်းအကျင်းကို ပြန်ပြီးပုံဖော်လိုက်ချိန်မှာတော့ ဒါဟာပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပြီး ဖမ်းဆီး၊ ထိန်းသိမ်းခံရတဲ့၊ တရားစွဲဆိုခံရတဲ့ ကလေးသူငယ်နဲ့ လူငယ်အရေအတွက် ပိုပြီးများပြားလာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေ ပိုမိုများပြားလာချိန်မှာ အမှုလိုက်ပေးလိုတဲ့၊ အမှုလိုက်ပေးနိုင်တဲ့ ရှေ့နေတွေကလည်း ပိုပြီးနည်းပါးလာခဲ့ပါတယ်။ 

"ကျွန်တော်တို့မြို့မှာဆိုရင် ဒီလိုအမှုတွေကို လိုက်ပေးတဲ့သူက ကျွန်တော်တို့ လက်တစ်ဆုပ်စာပဲကျန်တော့တယ်။ ရှေ့နေတော်တော်များများက စွန့်စားရတဲ့အန္တရာယ်ကြောင့်ရော၊ ထိရှလွယ်တာရောကြောင့် အမှုသိပ်မလိုက်ပေးကြတော့ဘူး" လို့ ပြောပြပါတယ်။ 

ဥပဒေရေးရာ ကျွမ်းကျင်သူတွေဟာ ပိုပိုများပြားလာတဲ့ ဖိအားတွေ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ အကျိုးဆက်အနေနဲ့ကတော့ ကလေးတွေအတွက် ရှေ့နေလိုက်ပေးချင်တဲ့၊ ရှေ့နေလိုက်ပေးနိုင်မယ့် ဥပဒေပညာရှင်တွေကို မိသားစုတွေအနေနဲ့ ရှာတွေ့ဖို့ ခက်ခဲလာတဲ့အကြောင်း ဦးမြင့်လှိုင်က ဆက်လက်ပြီးရှင်းပြပါတယ်။ ကလေးတွေအတွက် ကာကွယ်ပေးခဲ့တဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအကြောင်း တစ်ဆင့်စကား တစ်ဆင့်နားကြားပြီး သူနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားလာတဲ့ မိသားစုတွေ အများအပြားရှိလာခဲ့ပါတယ်။ အမှုသည်ဟောင်းက ညွှန်းလိုက်လို့၊ အသိမိတ်ဆွေတွေ၊ ဒေသခံကွန်ရက်တွေက ညွှန်းလိုက်လို့ဆိုပြီး အကူအညီလိုအပ်နေတဲ့ မိခင်တွေ၊ မိသားစုဝင်တွေ ရောက်ရှိလာကြပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo ယူနီဆက်မှ ပံ့ပိုးပေးသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှ အုပ်စုလိုက်လုပ်ဆောင်ချက်အပိုင်းတစ်ခုလုပ်ဆောင်နေသည့် ဥပဒေပညာရှင်များကို တွေ့ရစဉ်။

ဒီလိုအရေးကြီးတဲ့လိုအပ်ချက်ကို ဖြည့်နိုင်ဖို့အတွက် ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်များနဲ့ ချိတ်ဆက်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်များအတွက် တရားမျှတမှု၊ ဥပဒေရေးရာ အကာအကွယ်ရရှိနိုင်ရေးတွေနဲ့ ပတ်သက်တဲ့ အထူးသင်တန်းတွေကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေကတစ်ဆင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ယူနီဆက်မြန်မာရဲ့ အစီအစဉ် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ 

ဒီအစီအစဉ်ကို ယူနီဆက်ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာဥပဒေရေးရာဖောင်ဒေးရှင်း (ILF) မြန်မာက အကောင်အထည်ဖော်ပြီး ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (ECHO) က ရန်ပုံငွေပံ့ပိုးပေးခဲ့ပါတယ်။  

ဒီသင်တန်းက လက်ရှိ တရားရုံးလုပ်ငန်းတွေအပေါ် ချဉ်းကပ်တဲ့ ဦးမြင့်လှိုင်ရဲ့ ပုံစံတွေကို ပြောင်းလဲစေခဲ့ပါတယ်။  

"သင်တန်းမှာ ကလေးသူငယ်အခွင့်အရေးတွေအကြောင်းနဲ့ ကလေးသူငယ်တွေ ရထိုက်တဲ့ အကာအကွယ်တွေအကြောင်း ကျွန်တော်တို့ သိခွင့်ရခဲ့တယ်။ ဒီဥပဒေတွေကို သိပြီးနောက်မှာ ကလေးသူငယ်အခွင့်အရေးတွေ လက်တွေ့မရရှိတဲ့အချိန်မျိုးမှာ ဒါတွေကို ထောက်ပြဖို့ သတ္တိတွေလည်းရခဲ့သလို ယုံကြည်မှုလည်း ရှိလာတယ်" လို့ သူက ပြောပြလာပါတယ်။ 

 

တရားရေးရာအား ဘက်ပေါင်းစုံမှ ချဉ်းကပ်ခြင်း 

ဒီအစီအစဉ်က ကလေးတွေအတွက် ပိုပြီးကျယ်ပြန့်တဲ့ တရားရေးစနစ် ခိုင်မာလာစေဖို့လည်း ဖြစ်စေခဲ့ပါတယ်။ 

"ယူနီဆက်နဲ့ပူးပေါင်းပြီး ရှေ့နေတွေ၊ ဥပဒေရေးရာ သက်ဆိုင်သူတွေကို ကလေးသူငယ်တရားစီရင်ရေး၊ ကလေးသူငယ်အခွင့်အရေး ဥပဒေတွေအကြောင်း ကျွန်မတို့ သင်တန်းပေးပို့ချနိုင်ခဲ့ပါတယ်” လို့ ILF Myanmar မှ တာဝန်ခံကပြောပြပါတယ်။  

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo ယူနီဆက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအရာရှိတစ်ဦးက ကလေးသူငယ် အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်အကြောင်း ဆွေးနွေးဟောပြောစဉ်။

“ကျွန်မတို့က တရားစီရင်ရေးစနစ်အတွင်းမှာရှိတဲ့ ရဲအရာရှိတွေ၊ အစိုးရရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ အခြားသော သက်ဆိုင်သူတွေအကြားမှာ ကလေးသူငယ်အခွင့်အရေးတွေကို ပိုပြီးသိရှိနားလည်လာအောင် စည်းရုံးတိုက်တွန်းတယ်" လို့ ILF Myanmar မှ ဒုတိယ နိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် လူငယ်တရားရေးရာအဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ "ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အခြေခံမူတွေနဲ့ အညီ ဆက်ဆံဖို့နဲ့ သူတို့အပေါ် သက်ရောက်မယ့် ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ သူတို့ရဲ့ အသက်အရွယ်၊ လိုအပ်ချက်နဲ့ အကောင်းဆုံး အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားပေးဖို့ပဲဖြစ်ပါတယ်။" 

ဒီအစီအစဉ်ရဲ့ နောက်ထပ်အဓိကအစိတ်အပိုင်းတစ်ခုကတော့ လေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးအခွင့်အရေးကာကွယ်ပေးနေတဲ့ ရှေ့နေတွေကို လူမှုရေးရာဝန်ဆောင်မှုပေးနေသော အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပေးဖို့ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ 

“ရှေ့နေတွေချည်းပဲ လုပ်လို့မရဘူး။ ကလေးတွေက ဥပဒေရေးရာ အကူအညီအပြင် လူမှုစိတ်ပိုင်း ပံ့ပိုးမှုတွေ၊ အမှုစီမံခန့်ခွဲရေးနဲ့ တခြားအကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေလည်း လိုအပ်တယ်။ ရှေ့နေတွေနဲ့ လူမှုရေးရာဝန်ဆောင်မှုပေးနေသော အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပေးခြင်းအားဖြင့် ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပိုပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်မှာဖြစ်တယ်" လို့ သူကဆက်ပြီး ပြောပြပါတယ်။ 

 

အိပ်မက်ဆိုးမှ နိုးလာခြင်း 

ဦးမြင့်လှိုင်အတွက် ဒေါ်စန်းအေးတစ်ယောက် သားဖြစ်သူမောင်အေးချမ်းအတွက် သူ့ကို လာရောက်ဆက်သွယ်ချိန်မှာတော့ ဒီပံ့ပိုးမှုက ဘယ်လောက် အရေးပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပါတယ်။ 

အဲဒီအချိန်တုန်းက မောင်အေးချမ်းက အသက် ၁၅ နှစ်ပဲရှိပါသေးတယ်။ မောင်နှမလေးယောက်မှာ အကြီးဆုံးဖြစ်ပြီး မိသားစုအတွက် နေ့စားအလုပ်လေးလုပ်နေခဲ့ပါတယ်။ ဦးမြင့်လှိုင်က မောင်အေးချမ်းကို တွေ့တဲ့အချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ သီတင်းပတ်နဲ့ချီပြီးရှိနေခဲ့ပါပြီ။ မိသားစုအနေနဲ့ မောင်အေးချမ်းဆီက သတင်းနှစ်ပတ်ကြာ ဘာသတင်းမှမကြားရဘဲ ဖြစ်နေသလို မောင်အေးချမ်းအနေနဲ့လည်း ကလေးတစ်ဦးအနေနဲ့ ရရှိနိုင်တဲ့ အကာအကွယ်တွေနဲ့ပတ်သက်ပြီး ဘာမှနားလည်မထားခဲ့ပါဘူး။ 

Photo of a mother and her son looking beyond the sky. There is a pagoda in the background.
UNICEF Myanmar/2026/Minzayar Oo ယခုအခါ အသက် ၁၉ နှစ်ရှိပြီဖြစ်သည့် မောင်အေးချမ်းကို မိခင်နှင့်အတူ တွေ့ရစဉ်။ အသက် ၁၅ နှစ်အရွယ်တွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး မိသားစုနှင့်နှစ်ပတ်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့သည်။

“ကျွန်တော် သူနဲ့ စတွေ့တုန်းက ကလေးတစ်ယောက်အနေနဲ့ရရမယ့် အခွင့်အရေးတွေအကြောင်း သူဘာမှမသိခဲ့ဘူး” လို့ ရှေ့နေကြီးက ဆိုပါတယ်။ “အဲဒါနဲ့ ကျွန်တော်သူ့ကို အဲဒီအခွင့်အရေးတွေအကြောင်း ရှင်းပြခဲ့တယ်။" 

မောင်အေးချမ်းအတွက် ဒီလိုစကားပြောခွင့်ရလိုက်ခြင်းက သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တစ်ခုမှာ အကြီးမားဆုံး စိတ်သက်သာရာရစေခဲ့ပါတယ်။ 

"ကျွန်တော် ပထမဆုံး ရှေ့နေကြီးကို တွေ့တဲ့အချိန်မှာ ရှေ့နေကြီးက ကျွန်တော့်ကို နွေးနွေးထွေးထွေး နှုတ်ဆက်တယ်၊ မကြောက်ဖို့လည်း နှစ်သိမ့်တယ်။ ပြီးတော့ ကျွန်တော် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေအကြောင်း ရှင်းပြတယ်။ ကလေးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကျွန်တော် အရင်ကဘာမှမသိခဲ့ဘူး" လို့ မောင်အေးချမ်းက ဆိုပါတယ်။ 

စိန်ခေါ်မှုတွေက အင်မတန်ကြီးမားပါတယ်။ ရှေ့နေနဲ့ အမှုသည်ကြား ဆက်သွယ်ရေးမှာလည်း အကန့်အသတ်တွေရှိနေပါတယ်။ မောင်အေးချမ်းက အသက်မပြည့်သေးသူ ကလေးတစ်ဦးဖြစ်ပေမယ့် တရားရုံးထုတ်တဲ့အခါတိုင်း သူ့ကို လက်ထိပ်ခတ်ခေါ်ဆောင်လာခဲ့ပါတယ်။ 

အထူးလေ့ကျင့်သင်တန်းက သိရှိလာတဲ့အသိအမြင်တွေအရ ဦးမြင့်လှိုင်ဟာ တရားရေးလုပ်ငန်းစဉ်တစ်လျှောက်မှာ ဆယ်ကျော်သက်လူငယ်လေးရဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းနိုင်ဖို့ ဆော်ဩခဲ့ပါတယ်။ ကလေးသူငယ် အခွင့်အရေးနဲ့ဆိုင်တဲ့ အခြေခံမူတွေကို ကျယ်ကျယ်ပြန့်ပြန့် နားမလည်ကြသေးတဲ့အချိန်မှာ သူဟာ ဥပဒေနဲ့ ညိစွန်းသော ကလေးတွေနဲ့၊ ဆယ်ကျော်သက်လူငယ်အပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး ကလေးသူငယ်အခွင့်အရေးပါ အခြေခံမူတွေကိုလိုက်နာဖို့လိုအပ်ကြောင်း ထပ်တလဲလဲ တိုက်တွန်းပြောကြားခဲ့သလို တရားရေးရာ ဆောင်ရွက်သူတွေကိုလည်း ဥပဒေအရ ကလေးတွေ ရသင့်ရထိုက်တဲ့ အကာအကွယ်တွေအကြောင်းကိုလည်း သတိပေးခဲ့ပါတယ်။ 

"ကလေးသူငယ် အခွင့်အရေးတွေနဲ့ ကလေးတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေအကြောင်း ကျွန်တော် ရှင်းပြခဲ့ရတယ်။ တရားရုံးရှေ့မှောက်မှာရော၊ တခြား တရားရေး ဆောင်ရွက်သူတွေကိုပါ တင်ပြခဲ့ပါတယ်" လို့ သူက ပြောပြပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo ယူနီဆက်မှ ပံ့ပိုးပေးသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှ အဖွဲ့လိုက်ဆွေးနွေးပွဲတစ်ခုလုပ်ဆောင်နေသည့် ဥပဒေပညာရှင်များကို တွေ့ရစဉ်။

ရှေ့နေကြီးက မောင်အေးချမ်းအတွက် ရှေ့နေလိုက်ပါဆောင်ရွက်ပေးခဲ့သလို မိသားစုကိုလည်း တရားရေးလုပ်ငန်းစဉ်တွေကို နားလည်လာအောင် ကူညီပေးခဲ့ပါတယ်။ ဒေါ်စန်းအေးအတွက် ဒီပံ့ပိုးမှုက သူ့အတွက် ပျောက်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်တဲ့ မျှော်လင့်ချက်တွေကို ပြန်ပြီးယူလာပေးနိုင်ခဲ့ပါတယ်။ 

"ဒီလိုပြဿနာမျိုး ကြုံတွေ့နေရတဲ့ ကျွန်မသားလေးနဲ့ တခြားကလေးတွေအတွက် ပံ့ပိုးမှုတွေရနိုင်တယ်ဆိုတာ သိလိုက်ရတာက ဒုက္ခတွေကြားကနေ ယုံကြည်မှုရော၊ သတ္တိတွေပါ ပြန်ရလာခဲ့ပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးအတွက် ကာကွယ်ပေးချင်တဲ့လူတွေ ရှိပါသေးလားဆိုပြီး ကျွန်မနားလည်ခဲ့ရတယ်။" 

လေးလကြာ ထိန်းသိမ်းခံခဲ့ရပြီး လနဲ့ချီ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခဲ့ပြီးနောက်မှာ အေးချမ်းရဲ့ အမှုပြီးဆုံးသွားပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ 

"ကျွန်တော် ဝမ်းသာလွန်းလို့ ငိုတောင်ငိုခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်တော် အဲဒီအိပ်မက်ဆိုးကနေ နိုးထလာခဲ့ပါတယ်" လို့ မောင်အေးချမ်းက ပြောပြပါတယ်။ 

 

အနာဂတ်ကို မျှော်ကြည့်ခြင်း 

ဒီနေ့မှာတော့ မောင်အေးချမ်းက အသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး နှစ်လသားအရွယ် သားလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်နေပါပြီ။ 

သူ လွတ်မြောက်လာပြီး နှစ်နဲ့ချီ ကြာမြင့်ခဲ့သော်လည်း မသေချာမရေရာမှုတွေက သူ့ဘဝရဲ့ အစိတ်အပိုင်း ဖြစ်နေဆဲပါ။ သူတို့အရွယ် လူငယ်များစွာလိုပဲ သူဟာလည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေဆဲ ပဋိပက္ခတွေနဲ့ ဆက်စပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်တာနဲ့ လူသစ်စုဆောင်းမှုတွေကြောင့် သူ့ရဲ့ ဘေးကင်းလုံခြုံရေးကို စိုးရိမ်ပူပန်နေရပါတယ်။ ဒီစိုးရိမ်စိတ်တွေကြောင့် တချို့နေ့တွေဆို အိမ်ကနေ အလုပ်ထွက်ရှာဖို့ မသွားဝံ့တဲ့ နေ့တွေတောင်ရှိပါတယ်။ 

ဒီအတွေ့အကြုံတွေက နောက်မျိုးဆက်အတွက် သူ့ရဲ့မျှော်လင့်ချက်တွေဟာလည်း ပိုပြီးနက်ရှိုင်းလာစေခဲ့ပါတယ်။ 

သူ့ရဲ့မွေးကင်းစသားလေးကို ကြည့်ပြီး တစ်ခါတလေ အနာဂတ်အကြောင်း တွေးမိတတ်ပါတယ်။ 

"အခုဆို အဖေတစ်ယောက်ဖြစ်လာတဲ့အခါ ကျွန်တော့်သားလေးရဲ့ အနာဂတ်ကို ဘေးကင်းပြီး စိတ်ချလက်ချဖြစ်စေချင်တယ်" လို့ သူက ‌ပြောပြပါတယ်။ 

Photo of a young man behind a glass door. There is a logo of the European Union and UNICEF in the background.
UNICEF Myanmar/2026/Minzayar Oo သားဖြစ်သူ၏ အနာဂတ်ကို ဘေးကင်းပြီး စိတ်ချလက်ချဖြစ်စေချင်သူ နှစ်လသားအရွယ်သားလေး၏ ဖခင် မောင်အေးချမ်း၊ ၁၉ နှစ်ကို တွေ့ရစဉ်။

ရှေ့နေကြီးဦးမြင့်လှိုင်အတွက် မောင်အေးချမ်းတို့လို ဖြစ်ရပ်မျိုးတွေဟာ သူ့အလုပ်ကို ရှေ့ဆက်လုပ်ဖြစ်စေတဲ့ အကြောင်းရင်းတွေဖြစ်ခဲ့ပါတယ်။ သင်တန်းတက်ရောက်ပြီးနောက်ပိုင်း ကလေးသူငယ်အမှုပေါင်း ၁၀၀ ကျော်ကို ပံ့ပိုးပေးခဲ့နိုင်ပြီဖြစ်သလို ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ဗဟုသုတတွေကို မိဘတွေ၊ ရဲအရာရှိတွေ၊ တရားရုံးအရာရှိတွေနဲ့ ရပ်ရွာလူထုကို အမြဲ မျှဝေပေးလေ့ရှိပါတယ်။ 

ရှေ့နေကြီးအနေနဲ့ UNICEF ၊ILF Myanmar နဲ့ the European Union (EU) တို့ကတစ်ဆင့် ပေးအပ်တဲ့ ဒီပံ့ပိုးမှုကြောင့် ဥပဒေရေးရာ အကူအညီကို လက်လှမ်းမီရရှိနိုင်ဖို့ အကန့်အသတ်ရှိနေချိန်မှာ အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရှေ့မှာ ရှေ့နေတွေ မားမားမတ်မတ် ရပ်တည်ပေးနိုင်ဖို့ရာ သိပ်ကိုအရေးကြီးတဲ့ အထောက်အပံ့ကောင်းတစ်ခုလို့ ယုံကြည်ထားပါတယ်။ 

"ဒီပံ့ပိုးမှုအတွက် UNICEF နဲ့ the EU ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်" လို့ သူက ဆိုပါတယ်။ ဒီပံ့ပိုးမှုသာ မရှိရင် ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်။ ကလေးတစ်ယောက် ထောင်ကျသွားခဲ့ရင် သူတို့ရဲ့ အနာဂတ်ဆိုတာ နောင်လာမယ့်နှစ်ပေါင်းများစွာအထိ ထိခိုက်သွားမှာ။ စိတ်ဒဏ်ရာတွေရမယ်၊ အခွင့်အလမ်းတွေ ဆုံးရှုံးမယ် ပြီးတော့ သူတို့ဘဝကို ပြန်တည်ဆောက်နိုင်ဖို့ ရုန်းကန်ကြရမယ်။ ဒါကြောင့် ဒီထောက်ပံ့မှုက သိပ်ကိုအရေးကြီးပါတယ်။" 

ရှေ့နေကြီးရဲ့ အိပ်မက်ကတော့ ရိုးရှင်းပါတယ်။ ကလေးတိုင်းဟာ သူတို့အခွင့်အရေးကို နားလည်ပြီး သူတို့ကို ကာကွယ်ဖို့ တာဝန်ကို လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ မျှဝေခံယူကြဖို့ပဲဖြစ်ပါတယ်။ 

"ကလေးသူငယ် အခွင့်အရေးတွေကို ကျောင်းတွေမှာ သင်ပေးနိုင်ရင်ကောင်းမယ်။ ဒါမှ ငယ်ရွယ်တဲ့အချိန်မှာကတည်းက သူတို့အခွင့်အရေးတွေကို နားလည်ကြမှာ" လို့ ဆိုပါတယ်။ "မိဘတွေ၊ ဆရာတွေ၊ ဥပဒေစိုးမိုးရေး အရာရှိတွေ၊ တရားသူကြီးတွေနဲ့ ကလေးတွေရဲ့ ဘဝနဲ့ ပတ်သက်သူတိုင်းလည်း ဒီအခွင့်အရေးတွေကို သိထားသင့်တယ်။ ကလေးတွေကို ကာကွယ်ပေးဖို့က ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲ။" 

အဲဒီအချိန်ကစပြီး ပဲခူးတိုင်းက ပြည်သူတွေက အားနည်းထိခိုက်လွယ်တဲ့ မိသားစုတွေရှေ့မှာ နှစ်များစွာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ သူ့ကို လေးလေးစားစားနဲ့ နာမည်တစ်ခု ပေးထားခဲ့ပါတယ်၊ အဲဒီနာမည်ကတော့ - 

ကလေးရှေ့နေကြီးပဲဖြစ်ပါတယ်။  


ဤဇာတ်လမ်းတွင် ဖော်ပြထားသော အမည်များနှင့် နေရာဒေသများကို ပြောင်းလဲဖော်ပြထားပါသည်။