ပဋိပက္ခကြောင့် နေအိမ်နှင့် ဝေးကွာနေရသော်လည်း မြန်မာကလေးငယ်များ အိပ်မက်မက်နေကြဆဲ

ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့များသည် မြန်မာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များကို မြှင့်တင်

By UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo
19 ဇွန်လ 2026

ပူပြင်းလှတဲ့ နွေနေပူအောက်မှာ ရုတ်တရက်ဆိုသလို မုတ်သုံအကြိုမိုးတပြိုက် ရွာချလိုက်ပါတယ်။ ကလေးခြောက်ယောက်ကတော့ ကျေးရွာငယ်လေးအတွင်းက သက်ကယ်မိုးပြီး ဝါးနဲ့ကာရံထားတဲ့ အိမ်ငယ်လေးထဲမှာ စုဝေးနေကြပါတယ်။ 

အခုအခါမှာတော့ ဒီယာယီတဲငယ်လေးဟာ စောမူဆေးနဲ့ နော်ဆေးဝါးတို့ 1မိသားစုအတွက် လေးနှစ်နီးပါးနေထိုင်လာခဲ့တဲ့ အိမ်လေးဖြစ်လို့နေပါပြီ။ ၂၀၂၂ ခုနှစ်ကတည်းက ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြရတဲ့ မိသားစုလေးဟာ အခုထိ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ 

ဒီဝါးနံရံလေးတွေက မိုးတွေ၊ လေတွေဒဏ်ကနေ ကာကွယ်ပေးနိုင်ပေမယ့် သူတို့ဘဝကို ထာဝရပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ ဖုံးကွယ်ထားဖို့ရာ မစွမ်းနိုင်ပါဘူး။

"၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ကျွန်တော်တို့ရွာထဲ တိုက်ပွဲစဖြစ်တယ်။ သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ပစ်တာ အဆက်မပြတ်ပဲ" လို့ စောမူဆေး၊ ၃၉ နှစ်က ပြောပြပါတယ်။

ကလေးခြောက်ယောက်ဖခင်ဖြစ်သူ စောမူဆေးက တစ်ဖက်ရွာမှာ တစ်ဦးတည်းနေတဲ့ ဦးလေးဖြစ်သူကိုကြည့်ဖို့ သွားရာက ပြန်လာတဲ့လမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက လမ်းတစ်လျှောက်က ရွာသားတွေကိုခေါ်လာတာ တွေ့လိုက်ရတယ်။

"ကျွန်တော်အရမ်းကြောက်သွားပြီး အသားကုန်ပြေးခဲ့တယ်။ စစ်သားတွေက ကျွန်တော်ထွက်ပြေးတော့ ကျွန်တော့်ကို သေနတ်နဲ့လှမ်းပစ်တယ်။ တော်သေးလို့ ကျွန်တော်လွတ်လာတယ်။ ကျွန်တော်လည်း မိသားစုအတွက် တော်တော်စိတ်ပူသွားပြီး ရွာမှာ ဆက်နေလို့မဖြစ်တော့ဘူးဆိုတာ သိလိုက်တယ်။"

အိမ်ပြန်ရောက်တော့ ပြင်ဆင်ဖို့အချိန်မရခဲ့ပါဘူး။

"ကျွန်မယောက်ျား အိမ်ပြန်ရောက်တာနဲ့ ကျွန်မတို့လည်း ချက်ချင်းအိမ်ကထွက်လာခဲ့တယ်။ တခြားရွာသားတွေလည်း ထွက်ပြေးခဲ့ကြတယ်။ ကျွန်မတို့ အဝတ်တစ်ထည်ကိုယ်တစ်ခုကလွဲပြီး ဘာမှယူမလာနိုင်ခဲ့ဘူး" လို့ နော်ဆေးဝါး၊ ၄၆ နှစ်က ပြန်ပြောပြပါတယ်။

ကလေးတွေရယ်၊ အိမ်နီးချင်းတွေရယ်နဲ့အတူတူ ဘေးလွတ်ရာရှာဖို့ မိုးစိုစို ရွှံ့ထူနေတဲ့ တောလမ်းတွေထဲ နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ကြရပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo စစ်ဘေးရှောင်စခန်းတစ်ခု၌ ကလေးသူငယ်အသိပညာပေးပွဲအတွင်း ကလေးများ ပါဝင်တက်ရောက်ပြီး ယူနီဆက်မှထောက်ပံ့သော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပစ္စည်းများ ပေးဝေစဉ်။

သမီးလေးဖြစ်သူ နော်ဖောအယ်မူ၊ ၁၅ နှစ်ကလည်း အဲဒီတုန်းက ကြောက်ရွံ့ခဲ့ရတာကို အခုထိမှတ်မိနေတုန်းပါ။

"ကျွန်မတို့ သေနတ်သံတွေနဲ့ ဝေးအောင် တောတွေတောင်တွေကြားထဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ထွက်ပြေးခဲ့ကြရတယ်။ ကျွန်မတော်တော်ကြောက်တာ” လို့ ပြန်ပြောပြပါတယ်။

မိသားစုက အရင်ဆုံး ဘုရားကျောင်းတစ်ခုမှာ ခိုလှုံခဲ့ကြတယ်။ သုံးလလောက်ကြာပြီးနောက်မှာ ဘုရားကျောင်းအထိပါ တိုက်ပွဲတွေရောက်လာတဲ့အတွက် သူတို့ ထပ်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။ 

အိုးအိမ်စွန့်ပြီးပြေးနေရတဲ့ဘဝက တော်တော်မလွယ်လှပါဘူး။ မိသားစုအိမ်ကလည်း တိုက်ပွဲကြောင့်ရော၊ ခိုးယူဖျက်ဆီးခံရတာတွေကြောင့်ပါ ပျက်စီးသွားခဲ့ရသလို အလုပ်လုပ်ဖို့သုံးတဲ့ ပစ္စည်းကိရိယာတွေကလည်း ယူမလာနိုင်ဘဲ ချန်ထားခဲ့ရပါတယ်။ မိသားစုအနေနဲ့ အလုပ်က ပုံမှန်မရှိတော့ ဝင်ငွေကလည်း နည်းလွန်းပြီး အိုးအိမ်စွန့်ခွာလာရကတည်းက ကလေးတွေ ကျောင်းမတက်နိုင်ခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း စစ်ဘေးရှောင်နေရာတစ်ခုတွင် ယူနီဆက်မှ ဝေပေးသည့် ကလေးသူငယ်ကာကွယ်ရေးပစ္စည်းများကို ကလေးများ အိမ်ပြန်သယ်သွားစဉ်။

"ကျွန်မတို့ရွာကို ပြန်ချင်ပြီ။ ဒါပေမဲ့ အခုထိ စိတ်မချရသေးဘူး။ မိုင်းတွေလည်းရှိတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေတုန်းပဲ။ ကျွန်မကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးကို စိတ်ပူတယ်။ သူတို့ကို အဆုံးရှုံးမခံနိုင်ဘူး" လို့ နော်ဆေးဝါးက ဆိုပါတယ်။

ဒါကတော့ နော်ဆေးဝါးတို့ မိသားစုလိုပဲ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက စစ်ဘေးရှောင်မိသားစုပေါင်းများစွာ ရင်ဆိုင်နေကြရတဲ့ လက်တွေ့အမှန်တရားတွေပဲဖြစ်ပါတယ်။

မိသားစုတွေဟာ တိုက်ပွဲတွေကြောင့် အိမ်လည်း ပြန်လို့မရနိုင်ဘဲ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ မြို့အပြင်မှာ ယာယီတဲလေးတွေထိုးပြီး မရေရာမှုအမျိုးမျိုးနဲ့ နေထိုင်နေကြရပါတယ်။ ရွာထဲမှာ လေယာဉ်တွေဝဲနေတုန်းပဲလို့ တချို့တွေက ပြောကြတယ်။ တချို့ရွာသားတွေက လယ်စိုက်ဖို့အတွက် ပြန်ဖို့ကြိုးစားရင်း မိုင်းထိပြီး သေဆုံး ဒဏ်ရာရတာတွေရှိနေတာကြောင့်လည်း ပြန်ဖို့ထိတ်လန့်နေကြပါတယ်။

"ကျွန်တော်တို့ရွာမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံနေတုန်းပဲလို့ ပြောကြတယ်" လို့ ကိုဂျွန်ကိုက ပြောပြပါတယ်။ ကိုဂျွန်ကိုကလည်း မိသားစုနဲ့အတူ စစ်ဘေးရှောင်ခဲ့တာ လေးနှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ "အခုထိ အိမ်ပြန်ဖို့စိတ်မချရသေးဘူးဆိုတဲ့သဘောပေါ့။"

ခင်ပွန်းဖြစ်သူက ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အသက် ၃၈ နှစ်အရွယ် မတင်မြကတော့ သမီးနှစ်ယောက်နဲ့အတူ အနီးက ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခိုလှုံနေထိုင်နေသူပါ။ 

သူတို့မိသားစုဟာ သူတို့ရွာအထိ တိုက်ပွဲတွေရောက်လာတဲ့အတွက် လွန်ခဲ့တဲ့ သုံးနှစ်က ရွာကနေ ထွက်ပြေးလာခဲ့ကြရတာဖြစ်ပါတယ်။

မတင်မြက သူ့ရွာကအိမ်နဲ့ လယ်ကို တစ်ခါတလေ သွားပြန်ကြည့်တတ်ပေမယ့် အန္တရာယ်များနေသေးတယ်လို့ သူက ပြောပြပါတယ်။

"မနှစ်က ကျွန်မတို့ရွာနားကို လေယာဉ်နဲ့ဗုံးကြဲတယ်တဲ့" လို့ မတင်မြက လေသံဖျော့ဖျော့လေးနဲ့ဆိုပါတယ်။ "ချောင်းနားမှာ ရွာသားသုံးယောက် သေသွားတယ်။ နှစ်ယောက်က ကျွန်မသိတဲ့ အမျိုးသမီးတွေ။ စာသင်ကျောင်းနားမှာလည်း နောက်ထပ်ဗုံးတစ်လုံး ထပ်ကျသေးတယ်တဲ့။"

စစ်ဘေးရှောင်မိသားစုများစွာအတွက် မိသားစုဝင်တွေနဲ့ ကွဲကွာခြင်းဟာ သူတို့ရဲ့နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက တရပ်တကျေးမှာ မိသားစုအတွက် အလုပ်လုပ်နေရသလို သူမကလည်း သမီးဖြစ်သူတွေအတွက် မြန်မာမုန့်လေးတွေရောင်းရင်း ရုန်းကန်နေခဲ့ရပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် ဘုန်းတော်ကြီးကျောင်းတစ်ခုအတွင်းရှိ မူကြိုကျောင်းတွင် ကလေးငယ်များ နေ့လယ်စာအတူစားနေစဉ်။

"အခုဆိုကျွန်မတို့အိမ်မှာ ယောက်ျားသားမရှိဘူး။ အထူးသဖြင့် ညရေးညတာဆို ကျွန်မသမီးလေးတွေရဲ့ လုံခြုံရေးအတွက် စိတ်ပူတယ်" လို့ သူက ဆိုပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းက ကလေးပေါင်းများစွာကို အသက်နဲ့မမျှတဲ့ ဝန်တွေပိစေပါတယ်။

အသက် ၁၁ နှစ်အရွယ် အောင်ချမ်းမြေ့နဲ့ အစ်မဖြစ်သူ အေးချမ်းမြေ့တို့ရဲ့ မိဘနှစ်ပါးစလုံးက ရွာကို ခေတ္တပြန်ချိန်လေးအတွင်းမှာ လက်နက်ကြီးထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရတာကြောင့် လက်ရှိမှာ အဘိုးအဘွားတွေနဲ့အတူ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခိုလှုံနေထိုင်နေကြပါတယ်။ 

ကြီးမားတဲ့ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရသူ မောင်နှမနှစ်ဦးအတွက်လည်း ယူနီဆက်က ထောက်ပံ့ပစ္စည်းလေးတွေ ပံ့ပိုးပေးခဲ့ပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo အောင်ချမ်းမြေ့၊ ၁၁ နှစ်၊ နှင့် အစ်မဖြစ်သူ အေးချမ်းမြေ့၊ ၁၃ နှစ်က ယူနီဆက်မှပံ့ပိုးပေးသည့် ကလေးသူငယ်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို ဖွင့်ဖောက်ကြည့်နေစဉ်။

"ပုံးထဲက ပစ္စည်းတွေထဲမှာ ဆင်ပုံပါတဲ့ဘောင်းဘီကို သားအကြိုက်ဆုံးပဲ။ သားက တိရစ္ဆာန်လေးတွေကိုချစ်တယ်။ အဲဒီထဲမှာဆင်ကိုအချစ်ဆုံးပဲ" လို့ အောင်ချမ်းမြေ့က ပြောပါတယ်။

"သမီးက ပုံဆွဲရတာကြိုက်တယ်။ ပုံဆွဲစာအုပ်နဲ့ ရောင်စုံခဲတံက သမီးအကြိုက်ဆုံးပဲ" လို့ အစ်မဖြစ်သူကပြောပြပါတယ်။

စစ်ဘေးရှောင်ကလေးငယ်တွေနဲ့ မိသားစုတွေ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေက ပံ့ပိုးမှုနဲ့အတူ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေကို ကလေးသူငယ်ကာကွယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးခဲ့ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် စစ်ဘေးရှောင်စခန်း ရှစ်ခုက ကလေးငယ် ၇၅၄ ဦးကို ကလေးကာကွယ်ရေးပစ္စည်းပုံးပေါင်း ၄၀၂ ပုံးကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ မိဘတွေနဲ့ စောင့်ရှောက်သူ ၄၄၁ ဦးက ကလေးသူငယ် ကာကွယ်ရေးပြဿနာများ၊ စိတ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုခြင်း၊ လူမှုစိတ်ပိုင်းပံ့ပိုးမှု၊ ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း အန္တရာယ် (EORE)နဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုနဲ့ အမြတ်ထုတ်ခံရခြင်းမှ ကာကွယ်ခြင်းစတာတွေနဲ့သက်ဆိုင်တဲ့ အသိပညာပေးဟောပြောပွဲတွေမှာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပစ္စည်းတွေမှာ အဝတ်အစား၊ ညှပ်ဖိနပ်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း၊ ကစားစရာ၊ ပုံဆွဲပစ္စည်း၊ ဖျာ၊ မိုးကာ၊ ဆိုလာမီးအိမ်နဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေအပါအဝင် အသက်အရွယ်အလိုက်၊ ကျားမ သီးသန့်သုံး ပစ္စည်းမျိုးစုံပါဝင်ပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ယူနီဆက်မှပံ့ပိုးပေးသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးများအတွက် ကလေးသူငယ် ကာကွယ်ရေးသုံးပစ္စည်းပုံးတစ်ခုကိုဖွင့်ဖောက်နေသည်ကို ကလေးငယ်များ စိတ်လှုပ်ရှားစွာကြည့်နေစဉ်။

မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေနဲ့အတူ ဝင်ငွေအခွင့်အလမ်း အကန့်အသတ်ရှိနေတဲ့ မိသားစုတွေအတွက် ဒီပံ့ပိုးမှုက လက်တွေ့ကျတဲ့ အထောက်အပံ့ဖြစ်စေပြီး စိတ်လုံခြုံမှုရစေပါတယ်။

"ဝင်ငွေကလည်းမရှိသလောက်နည်းပြီး ကုန်ဈေးနှုန်းတွေကလည်း တက်လွန်းတော့ ဒီပစ္စည်းတွေက ကျွန်မတို့ နေ့စဉ်ဘဝအတွက် တကယ်အကျိုးရှိတယ်။ ကျွန်မတို့က ဝါးကြမ်းခင်းပေါ်မှာပဲ စောင်ခြုံပြီးအိပ်နေကြရတာ။ အခုတော့ ဖျာလေးတွေရလာပြီ။ ကလေးတွေ အိပ်ရတာပိုအဆင်ပြေသွားမှာ" လို့ နော်ဆေးဝါးက ဆိုပါတယ်။

သမီးငယ်ဖြစ်သူ နော်ဖောအယ်မူအတွက်လည်း သိပ်အသုံးဝင်တဲ့ပစ္စည်းတစ်ခု ပါပါတယ်။

"အခုဆို လစဉ်သုံးပစ္စည်းတွေက ဈေးတအားကြီးလို့ ကျွန်မတို့ မဝယ်နိုင်ဘူး။ ဒီပုံးထဲမှာ ဒီပစ္စည်းလေးတွေထည့်ပေးထားလို့ ကျွန်မသိပ်ကျေးဇူးတင်ပါတယ်။" 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo နော်ဆေးဝါးနှင့် မိသားစုက ၎င်းတို့၏ ယာယီနေအိမ်လေးအတွင်း ကလေးသူငယ်ကာကွယ်ရေးပစ္စည်းများကို ဖွင့်ဖောက်ကြည့်နေကြစဉ်။

အခြားဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခိုလှုံနေတဲ့ မတင်မြအတွက်တော့ ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ ထည့်သွင်းပေးထားတဲ့ လက်ဆွဲဆိုလာမီးအိမ်လေးကြောင့် ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

"ဒီမီးအိမ်လေးကြောင့် ညဘက်တွေမှာ အလင်းရောင်ရတော့ သမီးလေးတွေအတွက် ပိုပြီးလုံခြုံတာပေါ့" လို့ ပြောပြပါတယ်။

အသိပညာပေးဟောပြောပွဲတွေကလည်း မိသားစုတွေကို သားသမီးတွေကို ဘယ်လိုပိုပြီးကာကွယ်ပေးနိုင်မလဲဆိုတာ သိရှိလာအောင် ကူညီပေးပါတယ်။

"မိုင်းအကြောင်းဟောပြောပွဲတွေကနေ မိုင်းအန္တရာယ်တွေအကြောင်း ကျွန်မသိလာတယ်။ အရင်က ဒီအကြောင်းကို ပေါ့ပေါ့လေးပဲထင်ခဲ့တာ၊ အခုတော့ ကျွန်မ သတိကြီးကြီးထားရမယ်ဆိုတာ သဘောပေါက်သွားပြီ" လို့ မတင်မြက ပြောပြပါတယ်။

စစ်ဘေးရှောင်မိခင်တစ်ဦးဖြစ်သူ နော်လားမြာအတွက်လည်း ဒီဟောပြောပွဲတွေကနေ အရေးကြီးတဲ့ သတိပေးချက်တစ်ခုကို သိလာခဲ့ပါတယ်။

"ကျွန်မကလေးတွေ ပြောတာကို နားထောင်ပေးဖို့ အရေးကြီးတဲ့အကြောင်း ကျွန်မသိခဲ့ပြီ။ ကလေးတွေပြောတာ နားထောင်ပေးတာက ကျွန်မတို့သားအမိတွေရဲ့ ဆက်ဆံရေးကို ပိုကောင်းစေတယ်ဆိုတာ အခု ကျွန်မနားလည်သွားပြီ" လို့ ဆိုပါတယ်။

မိမိတို့နေအိမ်ကို စွန့်ခွာလာခဲ့ရသည်မှာ နှစ်နဲ့ချီကြာမြင့်လာခဲ့တဲ့တိုင်အောင် စစ်ဘေးရှောင်ကလေးအများစုက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဦးနှောက်ထဲစွဲနေကြတုန်းပါ။ သို့တိုင်အောင် ကလေးတွေဟာ ဆက်ပြီး သင်ယူနေ၊ ကစားနေ၊ အနာဂတ်အတွက် အိပ်မက်တွေ မက်နေကြတုန်းပဲဖြစ်ပါတယ်။

နော်ဖောအယ်မူက သူ့ရဲ့ရွာ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေအတူ ချောင်းထဲမှာ ငါးမျှားခဲ့ကြတဲ့နေ့တွေကို သတိရနေပါတယ်။

"တစ်နေ့ ကျွန်မ နိုင်ငံခြားမှာ ပညာသင်ပြီး ဆရာဝန်ဖြစ်အောင်လုပ်ချင်တယ်။ ဒါမှ ကျွန်မရပ်ရွာကလူတွေကို ကျန်းမာအောင်စောင့်ရှောက်ပေးနိုင်မှာ" လို့ ဆိုပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2026/Minzayar Oo မတင်မြ၊ သမီးများနှင့် တူလေးတို့ကို ၎င်းတို့၏ ယာယီနေအိမ်အပြင်ဘက်တွင် တွေ့ရစဉ်။

ဘုန်းကြီးကျောင်းမှာ ခိုလှုံနေထိုင်သူ သဉ္ဇာအောင် ၁၁ နှစ်က စာရေးစားပွဲမဝယ်နိုင်တဲ့အတွက် ပလတ်စတစ်အဝတ်ပုံးပေါ်မှာ တင်ပြီးစာရေးရပါတယ်။

သူက ပုံဆွဲဝါသနာပါပြီး ရွာမှာ ကျန်ခဲ့တဲ့သူငယ်ချင်းတွေအကြောင်း မကြာမကြာ တွေးဖြစ်ပါတယ်။

"သမီးသူငယ်ချင်းတချို့က ရွာမှာကျန်ခဲ့တယ်။ သူတို့ကို အရမ်းလည်းသတိရတယ်။ စိတ်လည်းပူတယ်" လို့ ပြောပြပါတယ်။

အနာဂတ်အတွက် သူ့မျှော်လင့်ချက်က ဘာလဲလို့ မေးတဲ့အခါ သူ့ရဲ့ အဖြေက ရိုးရှင်းလှပါတယ်။

"သမီးတို့ အိမ်ကိုပဲ အမြန်ဆုံးပြန်ချင်တယ်။"

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေတဲ့မိသားစုတွေအတွက် အနာဂတ်ဆိုတာ မရေရာလှပါဘူး။ နေရပ်စွန့်ခွာရတာတွေ၊ အခက်အခဲအမျိုးမျိုးတွေအပြင် မိသားစု၊ သူငယ်ချင်းတွေနဲ့ ခွဲခွာနေရတဲ့ ဒုက္ခမျိုးစုံကြားကနေပဲ ကလေးတွေဟာ သူတို့ရဲ့ အိပ်မက်တွေကို ဆက်ပြီးမက်နေကြဆဲပါ။ ဒီအိပ်မက်တွေကတစ်ဆင့် မျှော်လင့်ချက်တွေကလည်း ရှိနေဆဲပါပဲ။