ကာကွယ်ဆေးများဖြင့် ထုဆစ်သော အိပ်မက်များ
မျိုးဆက်လက်ဆင့်ကမ်း ကျန်းမာရေးအမွေအနှစ်
- English
- မြန်မာ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အသက် ၁နှစ်နဲ့၈လအရွယ် ခူးထီးရယ်က သူ့ရဲ့ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားလေးကို မိဘတွေအနားမှာရပ်ရင်း ဂုဏ်ယူစွာနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပါတယ်။ ဒီစာရွက်လေးဟာ သာမန်စာရွက်တစ်ရွက် မဟုတ်ပါဘူး။ ဒါဟာ ကယားပြည်နယ်ကနေ ရှမ်းပြည်နယ်အထိ ပဋိပက္ခတွေကို ရှောင်တိမ်းရင်း သားသမီးတွေကို ဘေးကင်းအောင် ကာကွယ်ပေးဖို့ ကြိုးစားခဲ့ရတဲ့ ဒီမိသားစုရဲ့ ရုန်းကန်ကျော်ဖြတ်ခဲ့မှု ခြေလှမ်းအားလုံးကို ကိုယ်စားပြုနေပါတယ်။
အသက် ၃၄ နှစ်အရွယ် ဓမ္မအမှုတော်ဆောင် လက်ထောက်ဆရာတော် လူရယ်နဲ့ ဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် စူစန်နာတီမိုးတို့ဟာ သားသမီးလေးယောက်၊ လူရယ်ရဲ့ မိဘတွေဖြစ်တဲ့ ဦးအူးရယ် (၆၇ နှစ်) နဲ့ ဒေါ်နော်ထေးမြာ (၅၉ နှစ်) တို့နဲ့အတူ တောင်ကြီးမြို့မှာ နေထိုင်ကြပါတယ်။ လူဦးရေ ရှစ်ယောက်၊ မျိုးဆက် သုံးဆက်ရှိတဲ့ ဒီမိသားစုဟာ ခိုင်မာတဲ့ ကြံ့ခိုင်မှုနဲ့အတူ သားသမီးတွေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ မယိမ်းမယိုင်တဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ စုစည်းနေထိုင်ကြတာပါ။
လွန်ခဲ့တဲ့ ၄ နှစ်၊ ကယားပြည်နယ်၊ ဖယ်ခုံအရှေ့ဘက်ကမ်းက သူတို့ရဲ့ ငြိမ်းချမ်းတဲ့ ကျေးရွာလေးဟာ လက်နက်ကြီးသံတွေနဲ့အတူ ပျက်စီးခဲ့ရပါတယ်။
“လက်နက်ကြီးတွေ ရွာထဲ ကျလာတဲ့အခါမှာ ကလေးငယ်တွေနဲ့အတူ ဆက်ပြေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” လို့ လူရယ်က ပြန်ပြောပြပါတယ်။ နှစ်အတော်ကြာ တစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့ခဲ့ရပြီးနောက် ယခုနှစ် အစောပိုင်းမှာတော့ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ တောင်ကြီးမြို့မှာ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီမိသားစုအတွက် ကာကွယ်ဆေးဆိုတာ ဆေးပုလင်းလေးတွေတင် မဟုတ်ဘဲ မိသားစုကို ဘေးအန္တရာယ်ကနေ ကာကွယ်ပေးတဲ့ “ကျန်းမာရေးအဆောင်လက်ဖွဲ့” တစ်ခုလိုပါပဲ။ အဖိုးဖြစ်သူ ဦးအူးရယ်က သူ့လက်မောင်းက အမာရွတ်ဟောင်းလေးကို ပြုံးပြီး ကြည့်နေပါတယ်။ “ဒီအမှတ်အသားလေးက ငါ့ဘဝတစ်လျှောက်လုံး ရောဂါဘယတွေကနေ ကာကွယ်ပေးခဲ့တာ” လို့ သူက ဆိုပါတယ်။ ဒါဟာ သူငယ်စဉ်က ထိုးခဲ့တဲ့ ကျောက်ပေါက်ကာကွယ်ဆေး အမာရွတ်လေးပဲ ဖြစ်ပါတယ်။
အဖွားဖြစ်သူ ဒေါ်နော်ထေးမြာကတော့ သူမ ငယ်စဉ်က ရွာမှာ ဝက်သက်နဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ တွေကြောင့် ကလေးအများအပြား အသက်ဆုံးရှုံးခဲ့ရတဲ့ မှောင်မိုက်တဲ့ အတိတ်ကို မှတ်မိနေပါတယ်။ “ငါ့သားလေးတောင် ငယ်ငယ်က ဝမ်းပျက်ဝမ်းလျှော ဖြစ်လိုက်တာ သေမလိုပဲ။ တချို့ကလေးတွေဆို အသက်တောင် မမီလိုက်ကြဘူး။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်လာပြီး ဗဟုသုတတွေပေး၊ ကာကွယ်ဆေးတွေ ထိုးပေးတော့မှ ဒီရောဂါတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတာ” လို့ သူမက ပြောပြပါတယ်။ အခု သူမရဲ့ မြေးလေးတွေ ခေတ်မီကာကွယ်ဆေးတွေ ထိုးနှံနေတာကို ကြည့်ရင်း ဒီ “ဘဝရဲ့ဒိုင်းလွှား” ဟာ တစ်မျိုးဆက်ကနေ တစ်မျိုးဆက်ကို လက်ဆင့်ကမ်း ကူးပြောင်းနေတာကို သူမ မြင်တွေ့နေရပါတယ်။
မိခင်ဖြစ်သူ စူစန်နာတီမိုးအတွက်တော့ ဒီအကာအကွယ်ကို ရဖို့အတွက် အများကြီး စွန့်စားခဲ့ရပါတယ်။ အခု အသက် ၁နှစ်နဲ့ ၈လအရွယ်ရှိပြီဖြစ်တဲ့ သားလေး ခူးထီးရယ်ဟာ စစ်ဘေးရှောင်နေရတဲ့ ကာလအတွင်းမှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့ ငယ်ဘဝကို လုံခြုံတဲ့အိမ်မှာ မဖြတ်သန်းခဲ့ရဘဲ ပြေးလွှားရင်း ဖြတ်သန်းခဲ့ရပါတယ်။ ကာကွယ်ဆေးထိုးဖို့ဆိုတာ သူတို့အတွက် ဆေးခန်းသွားရုံသက်သက် မဟုတ်ပါဘူး။ အန္တရာယ်ကြားကနေ ထပ်ခါတလဲလဲ ဆုံးဖြတ်ခဲ့ရတဲ့ ရွေးချယ်မှုတစ်ခုပါ။
“အခက်ခဲဆုံးကတော့ လူ ၃၀၀၊ ၄၀၀ လောက် ရှိနေတဲ့ ဆေးခန်းထဲမှာ ရောက်နေတုန်း လေယာဉ်သံကြားရင် အားလုံး ငြိမ်နေလိုက်ရတာပဲ။ လူတွေအားလုံး မြေပြင်မှာ ဝပ်နေကြရတယ်။ လူအုပ်ထဲကို လေကြောင်းတိုက်ခိုက်မှု ထိသွားမှာကို အရမ်းကြောက်ပေမဲ့ ကျွန်တော်တို့ ဆေးခန်းကနေ မထွက်ခဲ့ဘူး။ ကလေးတွေ ပိုလီယိုလို ရောဂါမျိုးနဲ့ မခံစားရစေဖို့ ဒီအန္တရာယ်ကို ရင်ဆိုင်ခဲ့တာပါ။ သူတို့ရဲ့ အနာဂတ်ကို ကျွန်တော်တို့ မကာကွယ်ပေးနိုင်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး” လို့ လူရယ်က ရှင်းပြပါတယ်။
အခုဆိုရင် အငယ်ဆုံး ၅ လသားအရွယ် ခူးဖိုးရယ်ဟာ ယူနီဆက် (UNICEF) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့အတူ တောင်ကြီးမြို့မှာ ကာကွယ်ဆေးတွေကို ဘေးကင်းစွာနဲ့ အကြိမ်ပြည့် ထိုးနှံနိုင်နေပါပြီ။
လူရယ်ကတော့ ကာကွယ်ဆေးတွေ ရောက်ရှိအောင် ကြိုးပမ်းပေးကြသူအားလုံးကို ကျေးဇူးတင်စကား ဆိုပါတယ်။ “ဝေးလံခက်ခဲတဲ့ ဒေသတွေက ကလေးတွေအတွက်လည်း ကျွန်တော် စိုးရိမ်မိပါတယ်။ ဒီ ‘ဘဝရဲ့အကာအကွယ်’ ဟာ ကလေးတိုင်းဆီကို မပျက်မကွက် ရောက်ရှိပါစေလို့ ဆုတောင်းပါတယ်” တဲ့။
ဒီမိသားစုရဲ့ မျှော်လင့်ချက်က ရိုးရှင်းပေမဲ့ နက်နဲပါတယ်။ သူတို့ ချစ်တဲ့ နေရပ်ကို ပြန်ပြီး အိမ်လေးကို ပြန်လည်တည်ဆောက်နိုင်မယ့်နေ့ကို အိပ်မက်မက်နေကြပါတယ်။ အဲဒီနေ့ မရောက်မချင်းတော့ သူတို့ရဲ့ ကလေးတွေ ကျန်းမာသန်စွမ်းနေတာကို ကြည့်ပြီး ဖြေသိမ့်နေကြမှာပါ။ ကာကွယ်ဆေး တစ်လုံးချင်းစီဟာ သူတို့ ဘယ်တော့မှ လက်မလျှော့မယ့် အိပ်မက်တွေဆီကို လှမ်းတက်နေတဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတော့တယ်။