စက္ကူဖိနပ်ကလေးများမှသည် တောက်ပသောအနာဂတ်ဆီ
ကာကွယ်ဆေး၏ အကာအကွယ်အောက်တွင် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်တို့သည် သူတို့၏ အိပ်မက်များကို စတင်ပုံဖော်နေကြပြီဖြစ်သည်
- English
- မြန်မာ
နေရောင်ခြည်ဖြာကျနေတဲ့ အင်းလေးကန်ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက် မောင်းလိုက်မယ်ဆိုရင် အေးချမ်းသာယာလှတဲ့ “ရွာကြီးပန်းပုံ” ရွာကလေးကို ရောက်ရှိနိုင်ပါတယ်။ မိုးရာသီမှာဆိုရင် အိမ်ရှေ့အထိ ရေတွေတက်လာတတ်လို့ လှေကပဲ အဓိက သွားလာရေးယာဉ် ဖြစ်ပေမဲ့ အခုလို နွေဦးရာသီမှာတော့ တစ်မျိုးလေး လှပနေပါတယ်။ ရေကျသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ မြေဆီလွှာကောင်းတွေပေါ်မှာ စိမ်းလန်းစိုပြည်တဲ့ လယ်ကွင်းပြင်ကြီးတွေက အဆုံးမရှိ ဖြန့်ကျက်ထားပါတယ်။ နာမည်ကျော် ဖောင်တော်ဦးဘုရားနဲ့လည်း မလှမ်းမကမ်းမှာရှိတဲ့ ဒီအေးချမ်းတဲ့ ရွာကလေးရဲ့ လယ်ကွင်းတွေထဲမှာ အမျိုးသမီးတွေက တိတ်တဆိတ် ကောက်စိုက်နေကြတာကို တွေ့ရမှာပါ။
ဒီလိုသာယာတဲ့ဒေသမှာ အသက် ၅၈ နှစ်အရွယ် အင်းသားလယ်သမား ဦးကြည်ဝင်းဟာ ဇနီးဖြစ်သူ ဒေါ်သန်းဦး၊ သား ကိုအောင်ဝင်းထွန်း၊ ချွေးမ မအေးချမ်းမြေ့ကျော်နဲ့ မြေးငယ်နှစ်ယောက်တို့နဲ့အတူ နွေးထွေးတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ ဦးကြည်ဝင်းအတွက်တော့ ကာကွယ်ဆေးဆိုတာ ဆေးပုလင်းလေးတွေထက် ပိုပါတယ်။ ဒါဟာ သူ့မိသားစုတစ်ခုလုံးကို ကာကွယ်ပေးထားတဲ့ “အသက်ကယ်ဒိုင်းလွှား” တစ်ခုပါပဲ။ အရင်က ကျန်းမာရေးဗဟုသုတနည်းပါးလို့ အင်းလေးကန်က စီးဆင်းလာတဲ့ ဘီလူးချောင်းရေကို တိုက်ရိုက်သောက်သုံးခဲ့ကြတာကြောင့် ခဏခဏ ရောဂါဝေဒနာ ခံစားခဲ့ရတဲ့ အတိတ်ကို သူ မမေ့ပါဘူး။ ဒါကြောင့်လည်း သူ့သားသမီး ၃ ယောက်လုံးကို ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး မိသားစုအနာဂတ်အတွက် ကျန်းမာရေးအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအစဉ်အလာကို သားဖြစ်သူ ကိုအောင်ဝင်းထွန်းနဲ့ ချွေးမ မအေးချမ်းမြေ့ကျော်တို့က ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းလာကြပါတယ်။ သူတို့ရဲ့ ကလေးတွေဖြစ်တဲ့ ခိုင်စုထက်နဲ့ ထက်ပိုင်ဖြိုးတို့ကို အဆုတ်ရောင်၊ ဝက်သက်နဲ့ ပိုလီယိုလို အန္တရာယ်ရှိတဲ့ ရောဂါတွေကနေ ကင်းဝေးအောင် ကာကွယ်ဆေးတွေ အပြည့်အဝ ထိုးနှံပေးထားပါတယ်။ “ဆေးထိုးခါနီးရင် ကလေးတွေက ကြောက်ပြီး ငိုတတ်ကြတာပေါ့။ ဒါပေမဲ့ ဒါဟာ သူတို့လေးတွေ သန်မာဖို့အတွက်ဆိုတာ သိလို့ မေတ္တာနဲ့ပဲ ချော့မော့ပြီး ထိုးပေးဖြစ်ပါတယ်” လို့ မအေးချမ်းမြေ့ကျော်က ပြောပြပါတယ်။ ကလေးတွေဟာ ထမင်းလည်း ကောင်းကောင်းစား၊ ကျန်းမာသန်စွမ်းပြီး ကြီးပြင်းလာတာကို မြင်ရတာက မိခင်တစ်ယောက်အတွက်တော့ အကြီးမားဆုံးသော စိတ်အေးရမှုပါပဲ။
အခုဆိုရင် အသက် ၇ နှစ်အရွယ် ခိုင်စုထက်လေးဟာ ကျန်းမာရုံတင်မကဘဲ ဉာဏ်လည်း အရမ်းကောင်းပါတယ်။ အမေနဲ့ အဖွားဖြစ်သူတို့ အင်္ကျီချုပ်နေတာကို ကြည့်ရင်းကနေ သူမမှာ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်တဲ့ ဝါသနာလေး စတင်ပွင့်လန်း လာခဲ့ပါတယ်။ စက္ကူတွေ၊ ရောင်စုံခဲတံတွေနဲ့ တိပ်တွေကို သုံးပြီး သူမကိုယ်တိုင် ဖိနပ်လေးတွေ၊ အိတ်ကလေးတွေကို ဖန်တီးနေသလို စက္ကူစလေးတွေပေါ်မှာလည်း အင်္ကျီဒီဇိုင်းတွေကို ရေးဆွဲနေတတ်ပါတယ်။ ဒီလိုတက်ကြွတဲ့ ဖန်တီးနိုင်စွမ်းတွေကတော့ ဆရာ၊ ဆရာမတွေဆီက ရရှိတဲ့ ကျန်းမာရေးနဲ့ အာဟာရဗဟုသုတတွေ၊ ယူနီဆက် (UNICEF) နဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် ရွာအရောက် အချိန်မီ ရရှိတဲ့ ကာကွယ်ဆေးတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။
ဦးကြည်ဝင်းတို့ရဲ့ အိမ်ကလေးထဲမှာတော့ အခုဆိုရင် မျိုးဆက် ၃ ဆက်လုံးဟာ ကာကွယ်ဆေးရဲ့ “မမြင်ရတဲ့ ဒိုင်းလွှား” အောက်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်နေကြပါပြီ။ အငယ်ဆုံးမိသားစုဝင်လေးတွေဖြစ်တဲ့ ခိုင်စုထက်နဲ့ ထက်ပိုင်ဖြိုးတို့ကလည်း ကျန်းမာတဲ့ ခြေလှမ်းတွေနဲ့ အနာဂတ်ဆီကို လှမ်းတက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ရွာကြီးပန်းပုံရွာရဲ့ စိမ်းလန်းတဲ့ လယ်ကွင်းပြင်တွေကြားမှာ ကလေးတွေရဲ့ ရယ်မောသံတွေ ပဲ့တင်ထပ်နေသလို၊ သူတို့လေးတွေ ကျန်းမာစွာ ကြီးပြင်းလာပြီး တစ်နေ့မှာ ရွာအတွက် ဂုဏ်ဆောင်နိုင်သူတွေ ဖြစ်လာဖို့က ဒီမိသားစုရဲ့ အမြတ်နိုးဆုံး မျှော်လင့်ချက်ပဲ ဖြစ်ပါတော့တယ်။