ပဋိပက္ခဒဏ်ခံစားနေရသော မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်မိသားစုများအတွက် အရေးတကြီးလိုအပ်နေသော အကူအညီများကို ကိုရီးယားသမ္မတနိုင်ငံမှပေးအပ်

22 သြဂုတ်လ 2025
An ethnic Kachin family pictured sitting outside their family's shelter-room, at an IDP camp in Waingmaw, Kachin State, Myanmar.
Minzayar Oo

ရန်ကုန် ၊ ဩဂုတ်လ ၂၁ ရက် ၊ ၂၀၂၅ ခုနှစ် - မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်သင့်ပြီး အန္တရာယ်တစုံတရာကျရောက်လွယ်သော ကလေးသူငယ်များနှင့် မိသားစုများအတွက် အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန် ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ ပံ့ပိုးကူညီပေးမှုအပေါ် ယူနီဆက်မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။

ပြည်သူများနေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်း၊ ဆင်းရဲတွင်းပိုနက်လာခြင်း၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပြတ်တောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များမြင့်တက်လာခြင်းစသည့် အမျိုးမျိုးသော အခက်အခဲများ၊ စိန်ခေါ်မှုများရင်ဆိုင်နေရချိန်တွင် အဆိုပါအကူအညီများသည် အချိန်ကိုက်ဖြစ်ပါသည်။ နိုင်ငံတဝှမ်းတွင် လူဦးရေ ၃.၅ သန်းကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ ကလေးသူငယ်များဖြစ်ကြပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော ရာစုနှစ်အတွင်း အင်အားအပြင်းဆုံးဖြစ်သည့် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးနှင့် လက်ရှိဖြစ်ပေါ်နေသော မုတ်သုံရာသီသည် သန့်ရှင်းသော ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကာအကွယ်ရရှိမှုများကို ပိုမိုခက်ခဲစေပြီး ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ကလေးသူငယ်များ၏ ကျန်းမာပျော်ရွှင်မှုကို ထိခိုက်စေနိုင်သော အခြားဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေပါသည်။

အဆိုပါပံ့ပိုးကူညီမှုကြောင့် ကျန်းမာရေး၊ အာဟာရ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ရေ ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH) တို့တွင် အသက်ကယ်ဝန်ဆောင်မှုများကို ယူနီဆက်အနေဖြင့် တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် ရောက်ရှိရန်ခက်ခဲပြီး ဝန်ဆောင်မှုများကို လက်လှမ်းမမီသော ဒေသများရှိ ကလေးသူငယ်များနှင့် မိခင်များအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရရရှိရေးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ခြင်း၊ သန့်ရှင်းသောရေ၊ တစ်ကိုယ်ရည်နှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် ဖြေရှင်းနည်းများကို ပံ့ပိုးကူညီခြင်း၊ ပဋိပက္ခဒဏ်၊ နေရပ်စွန့်ခွာရခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားနေရသော ကလေးသူငယ်များ၊ မကြာသေးမီက ငလျင်ဒဏ်ခံစားခဲ့ရသည့်ကလေးသူငယ်များ အထူးအားဖြင့် သွားလာရခက်ခဲသောဒေသများနှင့် ဝန်ဆောင်မှုများရရှိမှုနည်းပါးသောဒေသများမှ ကလေးသူငယ်များအတွက် လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း တို့ ပါဝင်ပါသည်။

“ဒီလိုခက်ခဲတဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ကိုရီးယားသမ္မတနိုင်ငံက ဆက်လက်ရပ်တည်သွားမှာပါ။ ကိုရီးယားသမ္မတနိုင်ငံနဲ့ ယူနီဆက် တို့ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်း (ROK-UNICEF Resilience for Children project) ကတစ်ဆင့် ကျွန်တော်တို့ရဲ့ ကူညီမှုဟာ ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေဆီ လိုအပ်တဲ့ အရေးပေါ်အကူအညီတွေ ပေးနိုင်အောင် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ H.E. Mr. Bae Byeong-soo က ပြောကြားခဲ့သည်။

“ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေအတွက် ကိုရီးယားသမ္မတနိုင်ငံရဲ့ အခုလို သဒ္ဒါထက်သန်တဲ့ ပံ့ပိုးကူညီပေးမှုဟာ အသက်ဆက်သွေးကြောတစ်ခုပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက် ဌာနေကိုယ်စားလှယ် Yasumasa Kimura က ပြောကြားခဲ့ပါသည်။ “ဒီပံ့ပိုးကူညီမှုကြောင့် အကူအညီအများဆုံးလိုအပ်နေသူတွေဆီ မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေကို ကျွန်တော်တို့ ဆက်လက်ပြီး တိုးချဲ့ပံ့ပိုးပေးသွားနိုင်မှာဖြစ်ပါတယ်။ အခုလို အချိန်အခါကိုက်ညီပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ထည့်ဝင်ကူညီမှုအတွက် ကျွန်တော်တို့ သိပ်ကို ကျေးဇူး တင်ပါတယ်။”

လိုအပ်ချက်ပေါ်အခြေခံသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ သတ်မှတ်ထားသောလုပ်ငန်းမူဘောင်များမှတစ်ဆင့် ကလေးသူငယ်တိုင်း၏ အခွင့်အရေးများနှင့် ကောင်းကျိုးချမ်းသာကို ကာကွယ်ပေးရန်အတွက် ယူနီဆက်သည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်

UNICEF Myanmar
အီးမေးလ်: [email protected]

မြန်မာနိုင်ငံရှိ ယူနီဆက် အကြောင်း

 

ယူနီဆက်သည် ၁၉၅၀ ပြည့်နှစ်မှစ၍ မြန်မာပြည်သူပြည်သားများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့် ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
 

ယူနီဆက်၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်

 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
X, Facebook နှင့် Instagram တို့တွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည်။