လက်နက်ကိုင်ပဋိပက္ခနှင့် ရေဘေးဒုက္ခကြားမှ မျှော်လင့်ချက်အလင်းရောင်
မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် သဘာဝဘေးဒဏ်ခံ မိသားစုများထံ ဘေးကင်းလုံခြုံသော သောက်သုံးရေနှင့် မရှိမဖြစ် လိုအပ်သော တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခြင်း
- English
- မြန်မာ
“ကျွန်မတို့မှာ ဘာမှယူချိန် မရှိခဲ့ပါဘူး။ ခြေထောက် မသန်စွမ်းတဲ့ သားငယ်လေးကို ရင်ခွင်ထဲ အတင်းပွေ့ဖက်၊ သားကြီးရဲ့ လက်ကို မြဲမြဲဆွဲပြီး ရေလွတ်ရာကို ရင်တထိတ်ထိတ်နဲ့ ပြေးခဲ့ရတာပါ”
ရုတ်တရက်ရင်ဆိုင်ခဲ့ရသည့် ရေဘေးအန္တရာယ်အတွင်း မိသားစုကို ဘေးကင်းရာသို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရန် ကြိုးပမ်းခဲ့ရသည့် မနီလာဝင်းတို့ မိသားစုအတွက် ထိုအချိန်က အရေးကြီးဆုံးမှာ မိသားစု၏ ဘေးကင်းလုံခြုံရေးနှင့် သားနှစ်ယောက်၏ ဘေးကင်းရေးပင် ဖြစ်သည်။
စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးရပ်ကွက်၊ တောင်ဘော်ဂါအရပ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မနီလာဝင်းတို့ မိသားစုသည်လည်း ဒုက္ခများကြားမှ ဘဝကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရသူများ ဖြစ်သည်။ မနီလာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကိုဇော်မင်းလေး၊ ၄၁ နှစ် တို့သည် ပန်းရံလုပ်ငန်းဖြင့် ရိုးသားစွာ လုပ်ကိုင်စားသောက်ကြပြီး မိသားစုတွင် သားကြီး ဟိန်းမင်းထက်၊ ၆ နှစ် နှင့် သားငယ် ဟိန်းမင်းမြတ်၊ ၃ နှစ် တို့အပါအဝင် စုစုပေါင်း မိသားစု ၄ ယောက် ရှိသည်။
သားအကြီးဖြစ်သူ ဟိန်းမင်းထက်မှာ KG တန်း တက်ရောက်နေပြီဖြစ်သော်လည်း သားငယ်လေး ဟိန်းမင်းမြတ်မှာမူ မွေးရာပါ ခြေထောက် မသန်စွမ်းသူလေး ဖြစ်သည်။ ကလေး အသက် ၆ ပတ်သားအရွယ်ကတည်းက ပြန်လည်ကောင်းမွန်လာစေရန် တတ်နိုင်သမျှ ဆေးကုသခဲ့သော်လည်း မိသားစု နှစ်ယောက်စလုံး ပန်းရံလုပ်မှ ရရှိသည့် တစ်ရက်လျှင် ပျမ်းမျှ ကျပ် ၂၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာခန့်) သာ ရှိသော ပုံမှန်မဟုတ်သော ဝင်ငွေဖြင့် ဆေးကုသစရိတ်ကို မတတ်နိုင်တော့သည့်အတွက် ဆေးကုသမှုကို မတတ်သာပဲ ရပ်ဆိုင်းထားခဲ့ရသည်။
ယခုနှစ် မုတ်သုံမိုး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားခဲ့ရသော ရာပေါင်းများစွာသော ပြည်သူများအနက် နီလာဝင်း၏ မိသားစုသည်လည်းပါဝင်သည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ပြည်သူပေါင်း ၉၅၀,ဝဝဝ ခန့် သည် ရေဘေးဒဏ်ခံခဲ့ရပြီး အိမ်ခြေများ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနများ အပါအဝင် အရေးပါသော အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆက်လက်ဖြစ်ပွားနေသော မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများသည် ဒေသခံပြည်သူများအတွက် နေ့စဉ်လူမှုဘဝ စိန်ခေါ်မှုများနှင့် စိုးရိမ်ပူပန်မှုများကို ပိုမိုကြီးထွားစေခဲ့သည်။
နီလာဝင်းသည် အိမ်ထောင်ကျပြီးနောက် လွန်ခဲ့သော ၇ နှစ်ခန့်က တောင်ဘော်ဂါသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး ထိုအတောအတွင်း ရေကြီးမှု ၃ ကြိမ်ခန့် ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် ၂၀၂၆ ခုနှစ် မုတ်သုံမိုးကြောင့် ဇီးချောင်း ရေလျှံတက်လာသည့် ရေဘေးမှာမူ အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။
“ဒီနှစ် ဩဂုတ်လ ၄ ရက်နဲ့ ၅ ရက်နေ့တုန်းက ရေတွေက ကြောက်စရာကောင်းလောက်အောင် အရမ်း မြန်မြန် တက်လာတာ။ ခဏလေးအတွင်းမှာပဲ ရင်ခေါင်းလောက်အထိ ရောက်သွားတော့ အိမ်က ပစ္စည်းတွေလည်း ဘာမှ မသိမ်းနိုင်တော့ဘဲ အနီးနားက ဓမ္မာရုံဆီ အမြန် ပြေးခိုခဲ့ရတာပေါ့။" ဟု မနီလာဝင်းက ရင်ဖွင့်သည်။
ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ရခြင်းနှင့် မုတ်သုံရာသီအတွင်း မနားတမ်း ရေကြီးရေလျှံမှုများကြောင့် ပြည်သူများ၏ ဘဝမှာ ကစဉ့်ကလျား ဖြစ်ခဲ့ရပြီး အရေးပေါ် လိုအပ်ချက်များစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်မှုနှင့် အိမ်သာများ ပျက်စီးသွားမှုတို့မှာ သောက်သုံးရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို အလွန် မြင့်မားစေခဲ့သည်။
ဤအကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် UNICEF မှ အရေးပေါ် ရွှေ့ပြောင်းသောက်သုံးရေ သန့်စင်စက်များ တပ်ဆင်ပေးခဲ့ရာ လိုအပ်နေသော သန့်ရှင်းသော သောက်သုံးရေများကို ရရှိစေခဲ့သည်။ ထို့ပြင် UNICEF ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Barefoot Doctors Myanmar မှလည်း ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။
Barefoot Doctors Myanmar မှ WASH ညှိနှိုင်းရေးမှူး သော်တာ က "ရေကို ကျိုချက်သောက်သုံးဖို့ အဆင်မပြေတာ၊ သို့မဟုတ် ရေသန့်စင်ဆေးပြား မရှိတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါလို ပြဿနာတွေနဲ့ ကြုံတွေ့ရပါတယ်။ ညစ်ညမ်းနေတဲ့ ရေတွေထဲကို ဖြတ်သွားရတာ ကြောင့်လည်း အရေပြား ယားယံတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ရေသန့်စင်ဆေးပြား သုံးစွဲပုံ၊ အိမ်မှာပဲ ဓာတ်ဆားရည် ပြုလုပ်ပုံ၊ သင့်တော်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းပုံနဲ့ စွန့်ပစ်ပစ္စည်း စနစ်တကျ စွန့်ပစ်ပုံစတဲ့ လက်တွေ့ကျတဲ့ ပြသမှုတွေနဲ့ အသိပညာပေး သင်တန်းတွေကို ပေးအပ်ခဲ့ရတာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဩဂုတ်လ ၁၁ ရက်နေ့တွင် UNICEF ၏ ပံ့ပိုးမှုဖြင့် Barefoot Doctors Myanmar သည် နီလာဝင်း၏ မိသားစု အပါအဝင် ရေဘေးဒဏ်ခံ မိသားစုများထံ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းအိတ်များကို တိုက်ရိုက် ဖြန့်ဝေပေးခဲ့သည်။ ဤပစ္စည်းများသည် ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရသည့် မိသားစုများအတွက် မရှိမဖြစ် အရေးပါသော အထောက်အပံ့ ဖြစ်ခဲ့သည်။
"ကာဘောလစ် ဆပ်ပြာ ပါလာတော့ သားလေးတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာအောင် ရေချိုးပေးလို့ ရသွားတာပေါ့။ အဝတ်အစားတွေလည်း သန့်စင်အောင် လျှော်လို့ ရတယ်။ အမျိုးသမီးသုံး ပစ္စည်းတွေဆိုရင် အရင်ကဆို စဉ်းစားတောင် မစဉ်းစားနိုင်တဲ့ ပစ္စည်းမျိုးပါ။ အခုလို ရလိုက်တော့ ရာသီလာတဲ့အချိန် စိတ်ရော ကိုယ်ရော အများကြီး သက်တောင့်သက်သာ ရှိသွားပါတယ်။" လို့ မနီလာဝင်းက မျက်နှာထက်မှာ အပြုံးနဲ့ ဝမ်းသာပီတိ စကားဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ၏ အလယ်တွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် စစ်ဘေးရှောင်စခန်းများရှိ မိသားစုများသည် အထူးပင် ခက်ခဲဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း အဆိုပါ စိန်ခေါ်မှုများကြားမှ UNICEF နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများသည် မရှိမဖြစ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံတင်မကဘဲ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ကလေးသူငယ်များနှင့် မိသားစုများ၏ ရင်ထဲတွင် မျှော်လင့်ချက် အလင်းရောင်ကိုပါ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ထူးခြားစွာဖြင့် Barefoot Doctors Myanmar သည် ရေဘေးဒဏ်ခံခဲ့ရသော မိသားစု ၂,၂၄၀ ကျော်၊ စုစုပေါင်း လူဦးရေ ၁၀,ဝ၄၅ ဦးထံ သို့ ကူညီထောက်ပံ့မှုများ အရောက်အရှိန်မြှင့် ဆောင်ရွက်နိုင်ခဲ့သည်။
"ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ သားလေးတွေ ကျန်းကျန်းမာမာနဲ့ ပညာတတ်ကြီးဖြစ်စေချင်တယ်။ မိဘတစ်ယောက်အနေနဲ့ သူတို့ ပညာသင်တဲ့ လမ်းခရီးမှာ တတ်နိုင်သလောက် အပြည့်အဝ ထောက်ပံ့ပေးချင်တာပေါ့။"ဟု သားငယ်လေးကို ပွေ့ဖက်ရင်း မနီလာဝင်းက သူမ၏ ရင်တွင်းမျှော်လင့်ချက်ကို ရောယှက်နေသည့် အပြုံးဖြင့် ပြောပြခဲ့ပါသည်။