ရေပိုက်ခေါင်းလေးဖွင့်လိုက်ရုံပဲ
အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း သန့်ရှင်းတဲ့ရေနဲ့ အိမ်သာတွေက အသက်ခုနစ်နှစ်အရွယ် သမီးငယ်လေးနဲ့ မိသားစုရဲ့ ဘဝကို ပြန်လည်တည်ဆောက်ဖို့ ဘယ်လိုကူညီပေးနိုင်ခဲ့သလဲ
- English
- မြန်မာ
ခုနစ်နှစ်အရွယ် သမီးလေး ဂျူးဂျူးစံအတွက် အရင်ကဆိုရင် ရေခပ်ရတာကို ပင်ပန်းတဲ့အလုပ်တစ်ခုလို့ သိထားခဲ့တာပါ။ ဒါပေမဲ့ အခုဆိုရင် ရေပိုက်ခေါင်းလေး ဖွင့်လိုက်ရုံနဲ့ သန့်ရှင်းတဲ့ရေကို အလွယ်တကူ ရနိုင်ပါပြီ။ မြန်မာနိုင်ငံ မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဘန်ဒါကျေးရွာက မေလရဲ့ ညနေခင်းတစ်ခုမှာ နေရောင်ခြည်စွမ်းအင်သုံး ရေဘုံပိုင်တစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေဖြည့်နေတဲ့ ဂျူးဂျူးစံလေးကို တွေ့ရမှာပါ။ "အခု ဘုံပိုင်အသစ်က မပင်ပန်းတော့ဘူး။ ပိုက်ခေါင်းလေးဖွင့်လိုက်ရုံပဲ" လို့ နှစ်တန်းကျောင်းသူလေးက ပြုံးပြီးပြောပြပါတယ်။ ရေခပ်ဖို့ဆိုတာ သူတို့မိသားစုအတွက်တော့ တစ်နှစ်တာလုံး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ အလုပ်ကြီးကနေ ဒီလိုရိုးရှင်းလွယ်ကူတဲ့ နေ့စဉ်လုပ်ငန်းလေးအဖြစ် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါပြီ။
ဒီဒုက္ခက ၂၀၂၅ ခုနှစ် မတ်လမှာ မန္တလေးတိုင်းဒေသကြီးမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကနေ စတင်ခဲ့ပါတယ်။ ရက်ကန်းရက်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်းတွေနဲ့ အသက်မွေးတဲ့ ကျေးရွာလေးအတွက်တော့ ငလျင်က အဆောက်အဦတွေတင်မကဘဲ ရေပေးဝေရေးစနစ်တွေကိုပါ ပျက်စီးစေခဲ့တဲ့အတွက် သောက်စရာရေမရှိဘဲ ရက်သတ္တပတ်ပေါင်းများစွာ နေခဲ့ရပါတယ်။
ဂျူးဂျူးစံအတွက် ငလျင်ကြီးကပေးတဲ့ စိတ်ဒဏ်ရာက အတော်ပြင်းထန်ခဲ့ပြီး ရက်နဲ့ချီပြီး နေမကောင်းတောင်ဖြစ်ခဲ့ပါတယ်။ သူက အနီးက ပြိုကျနေတဲ့အဆောက်အအုံတစ်ခုထဲမှာ ထိတ်လန့်တကြား ပြေးနေခဲ့ရတာကို သေသေချာချာ မှတ်မိနေပါသေးတယ်။ ငလျင်လှုပ်ပြီးနောက်မှာ အသက် ၄၁ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ခိုင်ခိုင်မင်းအတွက် ဂျူးဂျူးစံ၊ သားကြီးဖြစ်တဲ့ ဇော်လင်းထွန်း၊ ၁၅ နှစ်နဲ့ ၃ နှစ်အရွယ် ဒေါင်းစင်ဒရုန်းကလေးငယ် မြင့်မြတ်ဗိုတို့ကို စောင့်ရှောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ဦးအောင်သူ၊ ၄၁ နှစ်ရဲ့ နေ့စဉ်ဝင်ငွေက ပုံမှန်မရှိတဲ့အတွက် မှီခိုနေရတဲ့ မိသားစုဟာ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ကိုတောင် အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့ရပါတယ်။
အဘက်ဘက်က ရုန်းကန်ရခြင်းတွေထဲမှာ သောက်သုံးဖို့ သန့်ရှင်းတဲ့ရေမရခြင်းနဲ့ အိမ်သာအသုံးမပြုနိုင်ခြင်းတွေက အကြီးမားဆုံး နေ့စဉ်ဒုက္ခတွေ ဖြစ်လာခဲ့ပါတယ်။ ငလျင်ကြောင့် သူတို့အိမ်ရဲ့ အိမ်သာ ပျက်စီးသွားပြီး အိမ်နီးချင်းအိမ်က တစ်လုံးတည်းသော အိမ်သာကို လူကိုးယောက်မျှပြီး သုံးခဲ့ရပါတယ်။ လုံခြုံတဲ့ သီးသန့်အိမ်သာမရှိခြင်းက အထူးသဖြင့် မိသားစုရဲ့ အငယ်ဆုံး၊ အားအနည်းဆုံးကလေးတွေအတွက် သိသိသာသာ ထိခိုက်နစ်နာစေခဲ့ပါတယ်။ ဂျူးဂျူးစံလို ငယ်ရွယ်တဲ့ကလေးတွေအတွက် အိမ်သာကို လွယ်လင့်တကူ အသုံးမပြုနိုင်တာက အခြေခံ တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းဖို့တောင် ခက်ခဲလွန်းစေပြီး ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်တဲ့အန္တရာယ်တွေလည်း ပိုများလာပါတယ်။
ဒေါင်းစင်ဒရုန်းကလေးငယ်ဖြစ်တဲ့ သုံးနှစ်သားလေး မြင့်မြတ်ဗိုအတွက် ဒီအခြေအနေက ပိုလို့တောင်စိတ်ပင်ပန်းစရာကောင်းလှပါတယ်။ မရင်းနှီးတဲ့၊ လူအများနဲ့ မျှသုံးရတဲ့နေရာတွေဟာ ဒေါင်းစင်ဒရုန်းကလေးငယ်တွေအတွက် အတော့်ကို ဒုက္ခများစေသလို သူ့ရဲ့ကိုယ်စိတ်ကျန်းမာရေးကိုလည်းများစွာ ထိခိုက်စေပါတယ်။ အလားတူပဲ ကလေးတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ အမြဲခွင့်တောင်းပေးခဲ့ရတဲ့ မိခင်ဖြစ်သူ ဒေါ်ခိုင်ခိုင်မင်းအတွက်လည်း အတော်လေး စိတ်ဖိစီးခဲ့ရပါတယ်။ "အမြဲတမ်းလိုလို ကျွန်မတို့ အိမ်သာသုံးဖို့အတွက် အလှည့်ရောက်ဖို့ စောင့်ခဲ့ရတယ်" လို့ သူကဆိုပါတယ်။
အခက်အခဲတွေကိုဖြတ်သန်းနေစဥ်ပဲ ယူနီဆက်ရဲ့ ဘက်စုံ WASH ပြန်လည်ထူထောင်ရေးနဲ့ တကိုယ်ရေသန့်ရှင်းမှု မြှင့်တင်ရေး ပရောဂျက်လို့ခေါ်တဲ့ ရပ်ရွာအစီအစဉ်တစ်ခုက ဘန်ဒါကျေးရွာအတွက် မရှိမဖြစ်အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို ပြန်လည်တည်ဆောက်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိသားစုတွေအတွက် စိတ်သက်သာရာရခဲ့ပါပြီ။ ဒီပရောဂျက်က ကျေးရွာအတွက် နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တစ်ခုကို တပ်ဆင်ပေးခဲ့သလို ယင်လုံအိမ်သာတွေကိုလည်း ဆောက်ပေးခဲ့ပါတယ်။ ဒီထဲမှာ ဒေါ်ခိုင်ခိုင်မင်းတို့အိမ်အတွက်လည်း သီးသန့်အိမ်သာတစ်လုံး ပါဝင်ပါတယ်။
"အိမ်သာအသစ်တစ်လုံးရလိုက်တဲ့အချိန်မှာ ကျွန်မတော်တော်ဝမ်းသာရပါတယ်" လို့ ဒေါ်ခိုင်ခိုင်မင်းက ပြောပြပါတယ်။ ဒေါ်ခိုင်ခိုင်မင်းတို့ မိသားစုက အိမ်သာအသစ်တစ်လုံးအပြင် ၂၀ လီတာဆန့် ရေပုံးတစ်ပုံးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကိုလည်း လက်ခံရရှိခဲ့ပါတယ်။ သန့်ရှင်းတဲ့ရေကိုလည်း အခမဲ့ ရရှိလာပြီဖြစ်တဲ့အတွက် အရင်က မိသားစုအနေနဲ့ ရေဝယ်ဖို့သုံးစွဲခဲ့ရတဲ့ငွေကို အခုအခါမှာ စားစရာတွေနဲ့ ကလေးတွေအတွက် ဆေးဝါးလို မိသားစုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ဘေးကင်းလုံခြုံတဲ့ အိမ်သာသစ်ရရှိခဲ့တဲ့ မိသားစုအတွက် ကျန်းမာရေးကလည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ အခုဆိုရင် ဒေါ်ခိုင်ခိုင်မင်းက ကျေးရွာတစ်ကိုယ်ရည်သန့်ရှင်းမှု မြင့်တင်ရေး ပညာပေးဟောပြောပွဲတွေကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။ ပြီးရင် ဒီဟောပြောပွဲတွေက သိရှိလာခဲ့တဲ့ ဗဟုသုတွေကို သမီးငယ် ဂျူးဂျူးစံကို လက်ဆင့်ကမ်းပြန်လည် မျှဝေပေးပါတယ်။ အခုဆိုရင် သမီးငယ်လေးဟာ အစာမစားခင်၊ အိမ်သာသုံးပြီးချိန်နဲ့ ကစားပြီးချိန်စတဲ့ အရေးကြီးတဲ့ အချိန်တွေမှာ လက်ဆေးဖို့ကို သေသေချာချာ သိနေပြီဖြစ်ပါတယ်။ အခုဆိုရင် ဂျူးဂျူးစံက ငလျင်ကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကလည်း တဖြည်းဖြည်း ပျောက်ပျက်သွားပြီး နေ့လယ်ခင်းတွေမှာဆိုရင်တော့ မိခင်ကို အိမ်မှုကိစ္စတွေကူညီပေးရင်း၊ ကစားရင်း၊ စာလုပ်ရင်း ဖြတ်သန်းနေပါပြီ။
ကျောင်းမှာလည်း ဂျူးဂျူးစံက စာကြိုးစားတဲ့ကလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ဆရာမပေးတဲ့ 'A' တွေရော၊ ကြယ်တွေပါ အများကြီးရတဲ့အကြောင်း ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။ တခြားကလေးတွေက အိမ်စာလုပ်ဖို့ မေ့တတ်ပေမယ့် ဂျူးဂျူးစံလေးက ဘယ်တော့မှ အိမ်စာလုပ်ဖို့ မမေ့တတ်ပါဘူး။ ထူးချွန်တဲ့ နှစ်တန်းကျောင်းသူလေးမှာ သူ့ဘဝအတွက် ပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုရှိပါတယ်။ "သမီးက ကျောင်းဆရာမကြီးဖြစ်ချင်တာ။ ဘာလို့လဲဆိုတော့ ပညာတတ်ကြီးဖြစ်ချင်လို့" လို့ ယုံကြည်မှုအပြည့်နဲ့ ပြောပြခဲ့ပါတယ်။
သမီးငယ်လေး တက်ကြွထူးချွန်ပြီး မိသားစုလည်း ပြန်ရပ်တည်နိုင်လာတာကို မြင်ရတဲ့ ဒေါ်ခိုင်ခိုင်မင်းကတော့ ကျေးဇူးတင်စကားတွေ ရင်ထဲအပြည့်နဲ့ပါ။ သူ့အတွက်တော့ ရေပေးဝေရေးစနစ်အသစ်ရယ်၊ အိမ်သာအသစ်ရယ်ဆိုတာ အခြေခံအဆောက်အအုံဆိုတဲ့ အဓိပ္ပါယ်ထက် အများကြီးပိုပါတယ်။ ဒါတွေဟာ သူ့ရဲ့ သားသမီးတွေ ဘေးကင်းလုံခြုံစွာနဲ့ ကြီးပြင်းလာဖို့ အခြေခံအုတ်မြစ်တွေပါပဲ။ "ဒီလိုပံ့ပိုးမှုတွေကို ကျွန်မတို့လို နောက်ထပ် မိသားစုအများကြီးကို ရစေချင်တယ်။ ဒါမှ မိသားစုအားလုံး ကျန်းကျန်းမာမာ၊ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ" လို့ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြန်စဉ်းစားမိပြီး ပြောပြခဲ့ပါတယ်။