မြန်မာနိုင်ငံရှိ ထပ်ဆင့်ကြုံတွေ့နေရသော အကျပ်အတည်းများကြားမှ ကလေးငယ်များအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုများ ပိုမိုအားဖြည့်ပေးအပ်

02 ဧပြီလ 2026
A child smiles at the camera beside a wooden plank.
UNICEF Myanmar/2026/Minzayar Oo မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ရှိ ကျေးရွာတစ်ရွာမှ ရှေးဦးအရွယ် ကလေးသူငယ် ပညာရေးစင်တာ (မူကြိုကျောင်း) တွင် ဓာတ်ပုံအရိုက်ခံစဉ် ပြုံးနေသည့် အင်းသားတိုင်းရင်းသူ ကလေးမလေးတစ်ဦး။

ရန်ကုန် - မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးအခက်အခဲများနှင့် ထပ်တလဲလဲ ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များကြောင့် လိုအပ်ချက်များ ပိုမိုကြီးမားလာနေချိန်တွင်၊ အန္တရာယ်တစုံတရာကျရောက်လွယ်သော ကလေးသူငယ်များနှင့် မိသားစုများအတွက် အကူအညီများပေးအပ်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ပံ့ပိုးကူညီပေးမှုအပေါ် ယူနီဆက်မှလှိုက်လှဲစွာ ကြိုဆိုပါသည်။

ယင်းရန်ပုံငွေကို တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) မှတစ်ဆင့် Global Development South-South Cooperation Fund (GDF) က ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။

ယခုအကူအညီများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ အကျပ်အတည်းများကြောင့် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများထံသို့ ပေးအပ်သွားမည်ဖြစ်ပြီး၊ ၎င်းတို့အထဲတွင် ကာလရှည် နေရပ်စွန့်ခွာရမှုများ ကြုံတွေ့နေရသည့် ဒေသများနှင့် မကြာသေးမီက ငလျင်ဒဏ်ခံစားခဲ့ရသော လူမှုအသိုင်းအဝိုင်းများလည်း ပါဝင်ပါသည်။

ဤရန်ပုံငွေ၏ အကူအညီဖြင့် ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အကူအညီ အလိုအပ်ဆုံးသော နေရာများတွင် ရေ၊ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH)၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး (child protection) နှင့် မသန်စွမ်း ကလေးသူငယ်များအတွက် အကူအညီများ (disability inclusion) အပါအဝင် ဘက်စုံလွှမ်းခြုံနိုင်သည့် အသက်ကယ်ဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ထပ်ဆင့်အကျပ်အတည်းများ၏ အဆိုးရွားဆုံးသော ဝန်ထုပ်ဝန်ပိုးများကို ကလေးသူငယ်များကဆက်လက်ခံစားနေရဆဲ ဖြစ်ပါသည်။ ကလေးသူငယ် အများအပြားသည် ၎င်းတို့၏ အိုးအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရပြီး မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပြတ်တောက်ခြင်း၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များ မြင့်တက်လာခြင်းနှင့် မိုးရာသီကာလအတွင်း ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားလာခြင်းတို့ကို ရင်ဆိုင်နေရပါသည်။ ဤအခြေအနေများသည် မသန်စွမ်းကလေးသူငယ်များနှင့် အန္တရာယ်တစုံတရာကျရောက်လွယ်သော ကလေးသူငယ်များအတွက်ပိုမို၍ပင် ဆိုးရွားလှပါသည်။

“မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ကလေးသူငယ်တွေဟာ သူတို့ရဲ့ လုံခြုံရေး၊ ကျန်းမာပျော်ရွှင်ရေးနဲ့ အနာဂတ်ကို ထိခိုက်စေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေကနေ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေအထိ ထပ်ဆင့်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းမျိုးစုံကြားမှာကြီးပြင်းနေရပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက် ဌာနေကိုယ်စားလှယ် မစ္စတာ ယာဆူမာဆာ ကီမူရာ (Yasumasa Kimura) ကပြောကြားခဲ့ပါသည်။ "တရုတ်နိုင်ငံအစိုးရရဲ့ သဒ္ဓါထက်သန်တဲ့ ပံ့ပိုးကူညီပေးမှုဟာ အခုလို အလွန်အရေးကြီးတဲ့ အချိန်အခါမှာ ထွက်ပေါ်လာတာဖြစ်ပြီး၊ နေရပ်စွန့်ခွာရမှုတွေ၊  သဘာဝဘေးအန္တရာယ်တွေနဲ့ အခြားသော အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ကလေးသူငယ်တွေနဲ့ မိသားစုတွေအပြင် မသန်စွမ်းသူတွေအတွက်ပါ သန့်ရှင်းသောရေ၊ ကာကွယ်စောင့်ရှောက်မှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်ကလေးသူငယ်ကိုမှ နောက်ချန်မထားခဲ့ပါဘူး။”

ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီရရှိလာစေရန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကိုခိုင်မာအားကောင်းစေရန်နှင့် မသန်စွမ်းကလေးသူငယ်များအတွက် အထူးပံ့ပိုးကူညီမှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစုများ၏ လက်ငင်းလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည့်အပြင် အနာဂတ်အတွက် ကြံ့ကြံ့ခံနိုင်စွမ်းကိုပါတည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများနှင့် သဘာဝဘေးဒဏ်များ အပါအဝင် ထပ်ဆင့်အကျပ်အတည်းများကြားတွင် လိုအပ်ချက်များ ဆက်လက်ကြီးမားနေဆဲဖြစ်ရာ မြန်မာနိုင်ငံတဝှမ်းရှိ အထိခိုက်လွယ်ဆုံးနှင့် သွားလာရခက်ခဲသောဒေသများမှ ကလေးသူငယ်များထံသို့ အကူအညီများ ရောက်ရှိနိုင်ရေးအတွက် စဉ်ဆက်မပြတ်၍ လိုက်လျောညီထွေရှိသော ပံ့ပိုးကူညီမှုများကအလွန်ပင် အရေးပါလှပါသည်။
 

မီဒီယာ အဆက်အသွယ်

UNICEF Myanmar
အီးမေးလ်: [email protected]

မြန်မာနိုင်ငံရှိ ယူနီဆက် အကြောင်း

ယူနီဆက်သည် ၁၉၅၀ ပြည့်နှစ်မှစ၍ မြန်မာပြည်သူပြည်သားများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့် ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
 

ယူနီဆက်၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
X, Facebook နှင့် Instagram တို့တွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည်။