ပဋိပက္ခဒဏ်သင့် ကလေးငယ်များအတွက် လုံခြုံရာ ရပ်ဝန်းလေးတစ်ခု
မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စေတနာ့ဝန်ထမ်း မိခင်တွေက ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လို ကုစားပေးနေပါသလဲ
- English
- မြန်မာ
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်က လူတွေပြည့်ကျပ်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ကလေးငယ်တွေရဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ သီဆိုတီးမှုတ်သံ၊ လက်ခုပ်သံတွေက ပဲ့တင်ထပ်နေပါတယ်။ ဒါဟာ စစ်ဘေးရှောင်မိသားစုတွေရဲ့ နေ့စဉ် စိုးရိမ်ပူပန်စရာတွေကနေ တဒင်္ဂလွတ်မြောက်ရာအချိန်လေးတစ်ခုပေါ့။
စနေ၊ တနင်္ဂနွေ မနက်ခင်းတိုင်းမှာ စခန်းထဲက ခန်းမကြီးတစ်ခုဟာ စည်စည်ကားကားနဲ့ လူအများစုဝေးရာနေရာတစ်ခု ဖြစ်လာပါတယ်။ ကလေးတွေရဲ့ အလယ်မှာတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ သီချင်းကို ဦးဆောင်သီဆိုနေတဲ့ အသက် ၃၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆီးဆီးမီးကို တွေ့ရပါလိမ့်မယ်။
ဒီမိသားစုတွေကို စစ်ဘေးရှောင်ရတဲ့အခြေအနေရောက်လာစေတဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ အခြေအနေတွေနဲ့၊ နေစရာနဲ့ လူဦးရေမမျှတဲ့ ကျပ်ကျပ်တည်းတည်းနေကြရတဲ့ဒုက္ခတွေ ရှိနေပေမယ့်လည်း ဒီနေရာလေးကတော့ လုံခြုံမှု၊ နွေးထွေးမှုတွေအပြည့်နဲ့ ဆီးကြိုနေသလို ခံစားရစေပါတယ်။ ထိတ်လန့်စရာ အမှတ်တရတွေဟာလည်း နာရီပိုင်းလောက်ပဲဖြစ်ဖြစ် မှေးမှိန်သွားပါတယ်။ ကလေးတွေဟာ ကလေးတွေအဖြစ် ဘာအတွေးမှမရှိဘဲ ပျော်ရွှင်ခွင့််ရစေပါတယ်။
ဒီပျော်စရာမြင်ကွင်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ ဒီမိသားစုတွေကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဖြစ်ရပ်တွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။
လွန်ခဲ့တဲ့သုံးနှစ်တုန်းကတော့ အခုစခန်းကို ရောက်ရှိနေထိုင်နေကြရသူတွေဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးက ကျေးရွာလေးတစ်ရွာမှာ သီးနှံစိုက်ပျိုးရင်း မွေးမြူရေးလုပ်ရင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ခဲ့ကြသူတွေပါ။ တိုက်ပွဲတွေ အိမ်တံခါးဝရောက်လာတဲ့အခါမှာတော့ ဒီငြိမ်းချမ်းမှုလေး ပျက်စီးသွားခဲ့ပြီး အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ ကချင်ပြည်နယ်တစ်ခုထဲမှာပဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတဝန်း အရှိန်မြှင့်လာတဲ့ ပဋိပက္ခတွေကြောင့်ရော၊ ထပ်တလဲလဲဖြစ်နေတဲ့ ဘေးအန္တရာယ်တွေကြောင့်ပါ လူဦးရေ ၄ သန်းနီးပါးခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ဒီအထဲက သုံးပုံတစ်ပုံကျော်ကတော့ ကလေးငယ်တွေဖြစ်နေကြပါတယ်။
ဆီးဆီးမီးက သူတို့ထွက်ပြေးခဲ့ရတဲ့ ကြောက်စရာမနက်ခင်းကို သေသေချာချာ မှတ်မိနေခဲ့ပါတယ်။ "သေနတ်သံတွေက ကျယ်လွန်းတော့ ကျွန်မသမီးလေး လန့်နိုးလာပြီး တိုက်ပွဲဖြစ်နေပြီလားလို့မေးတယ်။ ပြီးတော့ ကျွန်မတို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ တောထဲကို ထွက်ပြေးခဲ့ရတယ်" လို့ ပြောပြပါတယ်။
မိသားစုတွေဟာ တိုက်ပွဲကြားကနေ လွတ်မြောက်လာခဲ့ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေကြရပါတယ်။
မိမိတို့ရဲ့လယ်ယာလုပ်ငန်းတွေကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့ကြရတဲ့ မိဘတွေအဖို့ နေ့စဉ်ဝင်ငွေရတဲ့အလုပ်တစ်ခုရဖို့ မလွယ်ပါဘူး။ ပုံမှန်ဝင်ငွေကမရှိတဲ့အပြင် လူဦးရေပေါင်း ၁,၆၀၀ ကျော်လောက် ကျပ်ကျပ်တည်းတည်း စုဝေးနေထိုင်နေကြရတဲ့ အခြေအနေဟာ အားလုံးအတွက်တော့ စိတ်ဖိစီးစရာ ပတ်ဝန်းကျင်ပါ။ ဒါဟာ ကလေးတွေအတွက်တော့ ပိုလို့တောင် စိတ်ပင်ပန်းစေတဲ့ ပတ်ဝန်းကျင်ပေါ့။
ဒီလို နေ့စဉ် စိုးရိမ်ပူပန်စရာ ဝန်ကို ထမ်းနေကြရတဲ့ စခန်းက လူငယ်တွေနဲ့ ကလေးငယ်တွေကိုကြည့်ရင်း ဆီးဆီးမီးတစ်ယောက် မဖြစ်မနေပါဝင်ရမယ့် အနေအထားတစ်ခု ရှိလာပါတယ်။ အရိုးကင်ဆာကြောင့် အသက်မသေခဲ့ပေမယ့် မသန်စွမ်းဘဝရောက်ခဲ့ပြီး တစ်ကိုယ်တည်းမိခင်တစ်ဦးဖြစ်သူ ဆီးဆီးမီးအတွက်တော့ ခက်ခဲတဲ့လက်တွေ့အခြေအနေတွေကို ရင်ဆိုင်ရတာဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။ သူမဟာ ပြင်းထန်လှတဲ့နာကျင်မှုတွေနဲ့ များစွာသော ခွဲစိတ်မှုအမျိုးမျိုးကို နှစ်နဲ့ချီ ရင်ဆိုင်ခဲ့ရပြီး ခုနစ်နှစ်အရွယ် သမီးလေးကို တစ်ဦးတည်း ပျိုးထောင်ရတဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသူ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။
ကိုယ်တိုင် အားငယ်ခဲ့ရတဲ့ ခံစားချက်ကို ရင်သိသည်းသိ နားလည်ထားတဲ့ ဆီးဆီးမီးဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့ခိုလှုံရာနေရာတစ်ခု ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သူမက ကလေးတွေကို သီချင်းဆိုတာ၊ ကတာ၊ ပုံဆွဲတာ၊ ဂိမ်းကစားတာ၊ ပုံပြောတာတွေလို ရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတွေနဲ့အတူ စိတ်ပျော်ရွှင်နေစေဖို့၊ သူတို့ စိတ်ခံစားချက်တွေကို ထုတ်ပြနိုင်ဖို့နဲ့ သူတို့ကြုံတွေ့နေရတာတွေကို နားလည်နိုင်စေဖို့ လမ်းညွှန်ပေးနေပါတယ်။
"ကျွန်မက ကလေးတွေအတွက် သင်ခန်းစာပေးနိုင်မယ့် ပုံပြင်လေးတွေပြောပြတယ်၊ သူတို့တွေ ကစားလို့ရအောင် စုပေးတယ်" လို့ ပြောပြပါတယ်။ သူမရဲ့ နွေးထွေးပြီး ဖော်ရွေတဲ့ပုံစံကြောင့် ကလေးတွေက ရှက်ရွံ့မနေတော့ဘဲ သက်တောင့်သက်သာနဲ့ ပွင့်ပွင့်လင်းလင်း ဖြစ်လာကြတယ်။ ဒါဟာ အခုချိန်မှာ အများကြီးလိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေပဲ ဖြစ်ပါတယ်။
စခန်းက မိသားစုတွေအကြားမှာတော့ ဆီးဆီးမီး တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုက အားကောင်းလှပါတယ်။ ကလေးတွေဟာ စိတ်သက်သက်သာသာနဲ့ သူ့ဆီသွားပြီး သူတို့စိုးရိမ်ရတဲ့အကြောင်းအရာတွေကို ပြောရဲလာတယ်။ သူညွှန်ပြပေးလိုက်ရင် နှစ်သိမ့်မှုရသွားတတ်ကြတယ်။ "ကလေးတွေက သူတို့ပြဿနာတွေကို ကျွန်မကို လာပြောပြတာကိုတွေ့ရတာ ကျွန်မအတွက်တော့ စိတ်ကျေနပ်စရာပါ။ ဒါက ကျွန်မပေးတဲ့အကြံကို သူတို့နားထောင်တယ်ဆိုတဲ့သဘောပဲ။ အဲဒါကို ကျန်မ သိပ်ဂုဏ်ယူတယ်" လို့ ဆီးဆီးမီးက ပြုံးပြီးပြောပြပါတယ်။
ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်တဲ့ ဒီကလေးပျော်နေရာလေးတွေက စခန်းမှာနေထိုင်တဲ့ ကလေးငယ်ဘဝတွေရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဆီးဆီးမီးနဲ့ အခြားသော စေတနာ့ဝန်ထမ်းတွေက လှုပ်ရှားမှုတွေကို ဦးဆောင်ပြုလုပ်နေချိန်မှာ မိဘတွေကလည်း ကလေးတွေအတွက် ပူပူနွေးနွေးစားစရာတွေ ချက်ပြုတ်ပေးကြပါတယ်။ ဒီလိုစုပေါင်း လုပ်ဆောင်မှုဟာ ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားရစေတဲ့အပြင် စစ်ဘေးရှောင်မိသားစုအချင်းချင်းလည်း ပိုပြီးရင်းနှီးနွေးထွေးစေပြီး ကလေးတွေ ကစားတဲ့နေရာတစ်ခုကနေ စခန်းနေ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် မေတ္တာတွေ ဆုံဆည်းတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။
ဆီးဆီးမီးက ကလေးတွေနဲ့အတူ ဂိမ်းတွေကစားတယ်၊ ပုံပြင်တွေပြောတာတွေအပြင် ယူနီဆက်ရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးပစ္စည်းလေးတွေကို အလိုအပ်ဆုံး ကလေးငယ်တွေဆီ သေချာရောက်ရှိနိုင်အောင်လည်း ကူညီပေးပါတယ်။ ဒီလက်တွေ့ကျတဲ့ပံ့ပိုးမှုဟာ မြန်မာလူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ကတစ်ဆင့် အမေရိကန်ပြည်ထောင်စုက ပံ့ပိုးပေးထားတဲ့ ပိုပြီးကျယ်ပြန့်တဲ့ ယူနီဆက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီအစီအစဉ်က ကလေးပျော်နေရာတွေကို ဖွင့်လှစ်ပေးနေတဲ့ ရပ်ရွာစေတနာ့ဝန်ထမ်းတွေအတွက်လည်း ကလေးတွေကို ပံ့ပိုးပေးဖို့အပြင် ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်စိတ်ချမ်းသာရေးကိုလည်း ဂရုစိုက်နိုင်ဖို့အတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှု သင်တန်းတွေ ပို့ချပေးလျက်ရှိသလို အထောက်အပံ့တွေကိုလည်း ဆက်လက်ပံ့ပိုးပေးနေပါတယ်။
ဆီးဆီးမီးအနေနဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့က တစ်ယောက်တည်း လုပ်နေရတာတော့ မဟုတ်ပါဘူး။ စနေ၊ တနင်္ဂနွေ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ မားမားမတ်မတ် ရှိနေတာကတော့ မဇော်မီး ဦးဆောင်တဲ့ စခန်းအခြေစိုက် ကလေးသူငယ်ကာကွယ်ရေးအဖွဲ့ဖြစ်ပါတယ်။ ဒီနေရာလေးကို ဆက်ပြီးဖွင့်လှစ်ထားနိုင်အောင်၊ ကလေးတွေ ဘေးကင်းလုံခြုံအောင်နဲ့ ကာကွယ်စောင့်ရှောက်ရေး အလေ့အကျင့်တွေကို ဆက်ပြီးထိန်းသိမ်းထားရှိနိုင်အောင် မိဘတွေ၊ စခန်းခေါင်းဆောင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်နေကြပါတယ်။ ဒီလုပ်ဆောင်ချက်တွေထဲမှာ ကလေးတွေကို ကြီးကြပ်စောင့်ကြည့်မှုရှိအောင်၊ ဂရုတစိုက် ဆက်ဆံခံရအောင်နဲ့ ဘေးအန္တရာယ်တွေကနေ အကာအကွယ်ရအောင် လုပ်ဆောင်ပေးတာတွေလည်း ပါဝင်ပါတယ်။
ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာလာခဲ့ရတဲ့ ကလေးတွေအတွက် ကြီးကြပ်သူ လူကြီးမရှိတဲ့ အချိန်ပိုင်းလေးကလည်း အန္တရာယ်ဖြစ်သွားစေနိုင်ပါတယ်။ ဒီလိုစခန်းမျိုးတဝိုက်မှာ မမြင်ရတဲ့ အန္တရာယ်တွေဆိုတာ ဝေးဝေးလံလံမှာ မဟုတ်ဘဲ အနီးအနားမှာတင် ရှိနေတတ်ပါတယ်။ ရေစီးသန်တဲ့ ချောင်းတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေ ရှိနေနိုင်တဲ့ တောတွေဟာ လက်တကမ်းက အန္တရာယ်တွေပဲဖြစ်ပါတယ်။
ဇော်မီးက ကလေးပျော်နေရာကို ဒီအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်တစ်ခုအနေနဲ့ မြင်ပါတယ်။ "သူတို့မှာ ကစားဖို့နေရာမရှိရင် သူတို့ဘယ်သွားမလဲ မသိနိုင်ဘူး။ သူတို့ဒီမှာ ကစားတဲ့အခါကျတော့ သူတို့ရဲ့စိတ်ဖိစီးမှုတွေကိုလည်း လျော့စေပါတယ်။ သူတို့မှာ ဒီလိုနေရာမျိုးသာမရှိရင် မမြင်ရတဲ့ အန္တရာယ်တွေပြည့်နေတဲ့ အနီးအနားက ချောင်းတွေ၊ တောတွေထဲကို လျှောက်သွားကြလိမ့်မယ်" လို့ သူက ပြောပြပါတယ်။
နေရပ်စွန့်ခွာလာခဲ့ရခြင်းကြောင့် နေ့စဉ် ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတဲ့ မိသားစုတွေအတွက် အခုလို MHF ကနေ ပံ့ပိုးပေးနေတဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ပံ့ပိုးမှုဟာ ကလေးတွေရဲ့ ကိုယ်စိတ်ကျန်းမာရေး၊ ယုံကြည်မှုနဲ့ ဘေးကင်းလုံခြုံတဲ့ ခံစားမှုတွေမှာ မြင်သာတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။
မိဘတွေက ဒီပြောင်းလဲမှုတွေကို ရှင်းရှင်းလင်းလင်း မြင်ကြပါတယ်။ ၃၅ နှစ်အရွယ် ကလေးလေးယောက် မိခင်ဖြစ်သူ ခေါ်မီးက သူ့ကလေးအားလုံးကို အပတ်တိုင်း ကလေးပျော်နေရာကို ပို့လေ့ရှိတယ်လို့ဆိုပါတယ်။ အရင်က အိမ်မှာဂျီကျပြီး လူတွေအနားသွားဖို့ ရှက်တတ်တဲ့ အငယ်ဆုံးသားလေး ငွားဘော်ဆာလေးက အခုတော့ ပြောင်းလဲလာခဲ့ပါပြီ။ "အခုဆိုရင် သူက သီချင်းတွေဆိုတတ်နေပြီ။ သူဆွဲတဲ့ပုံတွေအကြောင်း ပြောပြတယ်။ သူ့သူငယ်ချင်းတွေနဲ့ အတူကစားရတာလည်း ပျော်နေပြီ။ ကျွန်မက သူတို့ကို အမြဲဒီကိုပို့ပေးတယ်။ ဒီမှာက ကလေးတွေကို တခြားသူတွေနဲ့ ဘယ်လိုအဆင်ပြေအောင် နေရမလဲဆိုတာ သင်ပေးတယ်" လို့ သူက ပြောပြပါတယ်။
ဒုတိယတန်းကျောင်းသားလေး ဘုန်းမြတ်စံ၊ ၈နှစ်က သူငယ်ချင်းဖြစ်သူ ကျန်းစာ၊ ၇ နှစ်လိုပဲ ကလေးပျော်နေရာကို ပုံမှန်လာလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ "သားက ဒီမှာ သူငယ်ချင်းတွေနဲ့တွေ့ရတာ ပျော်တယ်။ ပုံဆွဲရတာလည်းကြိုက်တယ်၊ ကရတာလည်း ကြိုက်တယ်" လို့ ပြောပြပါတယ်။
အခုလို လူထုဦးဆောင်တဲ့နည်းက ဒီအစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်ပေးနေတဲ့အရာပါ။ မြစ်ကြီးနားမြို့အခြေစိုက် ယူနီဆက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရာရှိ မသီတာစိမ်းက ဆီးဆီးမီးနဲ့ ဇော်မီးလို စေတနာ့ဝန်ထမ်းတွေနဲ့အတူ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်။ "ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကိုယ့်အသိုက်အဝန်းထဲက ကလေးတွေကို ကာကွယ်ဖို့ အသိုက်အဝန်းကိုယ်တိုင် လုပ်နိုင်စွမ်းရှိလာစေဖို့ပါ။ စခန်းရဲ့ နေ့စဉ်ဘဝနဲ့ ယဉ်ကျေးမှုကို နားလည်ပြီးသား ဒေသခံ မိခင်တွေကို အခုလိုမျိုး လေ့ကျင့်ပေးနိုင်မှသာ ဒီအစီအစဥ်တွေက ရေရှည်ဆက်လက်ပတ်နိုင်မှာဖြစ်ပါတယ်" လို့ သူက ရှင်းပြပါတယ်။
ဒီကလေးပျော်နေရာမှာ ကစားတဲ့အစီအစဥ်တွေ ပြီးသွားတဲ့အချိန်မှာ ကလေးတွေအတူတူစုပြီး မုန့်တွေ စားကြပြီးရင်တော့ ကလေးတွေက ဆီးဆီးမီးကို နှုတ်ဆက်ကြပြီး စခန်းထဲကို အစီအရီ ပြန်ကြပါတယ်။ အခုလိုမျိုး MHF လို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဒေသခံမိခင်တွေနဲ့ ယူနီဆက်တို့ရဲ့ ပုံမှန်လက်တွဲလုပ်ဆောင်မှုတွေကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေဟာ ပုံမှန်ဖြစ်တဲ့ ကလေးဘဝအစိတ်အပိုင်းလေးတစ်ခုကို ပြန်လည်ရှာတွေ့နိုင်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲကျပ်တည်းတဲ့ အချိန်ကာလတွေမှာဖြစ်ပါစေ၊ ရပ်ရွာအသိုင်းအဝိုင်းတစ်ခုက ကလေးငယ်လေးတွေကို ရှေ့တန်းတင် ဦးစားပေးတဲ့အခါ မျှော်လင့်ချက်တွေဟာ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတာ ဆီးဆီးမီးနဲ့ ဇော်မီးတို့လို့ အမေတွေက သက်သေပြလိုက်နေပါတယ်။