သောက်တဲ့ရေက သန့်ရှင်းနေမှ ကျွန်မတို့ ကျန်းမာရေးကောင်းမှာ
အင်အားပြင်းငလျင်ကြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးမှာ သန့်ရှင်းတဲ့ရေက မည်မျှအရေးပါပုံကို ရှမ်းပြည်နယ်က ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေးက ရှင်းပြပုံ
- English
- မြန်မာ
ပိုးဒါလီက မနက်တိုင်း သူတို့နေထိုင်ရာယာယီအိမ်လေးအနားမှာရှိတဲ့ရေဘုံပိုင်ကနေ ပလတ်စတစ်ပုံးလေးနဲ့သောက်ရေသွားခပ်လေ့ရှိပါတယ်။ဒါက ပုံမှန်ရိုးရှင်းတဲ့အလုပ်လေးတစ်ခုဖြစ်ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ကဆိုရင်တော့ ဒီလိုမျိုး လွယ်လင့်တကူမရှိခဲ့ပါဘူး။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်တို့ရှိ နေရာများစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်ချိန်မှာ ပိုးဒါလီ၊ ၁၄ နှစ်က သူ့အိမ်မှာ ရှိနေခဲ့ပါတယ်။ သူတို့အိမ်က အင်းလေးကန်အစပ်နားက ကျေးရွာတစ်ခုမှာရှိပြီး ရိုးရာခြေတံရှည်အိမ်တစ်လုံးဖြစ်ပါတယ်။
"အိမ်က အရှေ့အနောက်ယိမ်းထိုးပြီး ခါယမ်းနေတာပဲ။ အိပ်မက်ဆိုးကြီး တစ်ခုလိုပဲ" လို့ သူက ပြောပြပါတယ်။
အင်းလေးကန်ရေ ရုတ်တရက် မြင့်တက်လာခဲ့ပြီး မိသားစုဝင် ၄၀ ကျော် အတူနေထိုင်တဲ့ သူတို့ရဲ့ သစ်သားအိမ်ကြီးဟာ တစ်ခြမ်းစောင်းသွားခဲ့ပါတယ်။ ကြောက်လန့်တကြား ငိုယိုနေကြတဲ့ ကလေးတွေကို လူကြီးတွေက ပွေ့ချီဆွဲယူပြီး လှေတွေဆီကို အပြေးအလွှား သွားခဲ့ကြရပါတယ်။
ပိုးဒါလီက ငလျင်လှုပ်တာရပ်သွားချိန် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာတော့ အိမ်သာက ပြိုကျသွားခဲ့ပါပြီ။ရွာရဲ့ ရေပေးစနစ်လည်း ပျက်စီးသွားပါတယ်။ အရင်ကဆိုရင် သောက်ရေ၊ သုံးရေအတွက် စိတ်ပူစရာမလိုခဲ့ပေမယ့် အခုအခါမှာတော့ သောက်ရေသန့်ရဖို့ မလွယ်ကူတော့ပါဘူး။
ရှမ်းပြည်တောင်ပိုင်းရှိ မိသားစုထောင်ပေါင်းများစွာမှာလည်း ပိုးဒါလီတို့ မိသားစုလိုပဲ ရေအခက်အခဲ ကြုံတွေ့ခဲ့ကြရပါတယ်။ ငလျင်ကြောင့် ညောင်ရွှေမြို့နယ်တစ်ခုတည်းမှာတင် ရေပေးစနစ်ပေါင်း ၁၂၅ ခုနဲ့ အိမ်သာပေါင်း ၄,၁၁၀ ပျက်စီးခဲ့ပြီး အင်းလေးကန်ဒေသတဝိုက်က ကျေးရွာများအတွက် အရေးပေါ် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အန္တရာယ်များ ဖြစ်ပေါ်စေခဲ့ပါတယ်။
သန့်ရှင်းတဲ့ရေနဲ့ လုံခြုံစိတ်ချရတဲ့ အိမ်သာတွေမရှိရင် ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါများအလွန်ဖြစ်ပွားလွယ်ပြီး ကလေးတွေက ထိခိုက်လွယ်ဆုံးဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် စိတ်ချရတဲ့အိမ်သာတွေ မရှိခြင်းက ဘေးကင်းလုံခြုံမှုကိုလည်း ထိခိုက်စေပါတယ်။
အလှူရှင်များရဲ့ ရက်ရောတဲ့ ပံ့ပိုးမှုတွေနဲ့အတူ ယူနီဆက်နဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေက ရှမ်းပြည်နယ်ရှိ ငလျင်ဘေးသင့်ကျေးရွာ ၁၉ ခုမှာ အရေးပေါ် ရေနဲ့ အိမ်သာအတွက် ပံ့ပိုးပေးမယ့် အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။
ပိုးဒါလီတို့ကျေးရွာက ပျက်စီးသွားတဲ့ ရေရင်းမြစ်တွေနေရာမှာ အမြင့်တင်ထားတဲ့ ရေကန်အသစ်တွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်တွေကို အစားထိုးပေးခဲ့ပါတယ်။ အသစ်တပ်ဆင်ထားတဲ့ ရေဘုံပိုင်တွေထဲက တချို့ကို အင်းလေးကန်ပေါ်မှာပဲတိုက်ရိုက်ဆောက်လုပ်ထားပြီး အခုဆိုရင် မိသားစုတွေက ခြေလျင်ပဲဖြစ်ဖြစ်၊လှေနဲ့ပဲဖြစ်ဖြစ်လာပြီး ရေခပ်နိုင်ပြီဖြစ်ပါတယ်။
ရွာသူရွာသားများက ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့များထံမှ ရရှိတဲ့ နည်းပညာနဲ့ ကုန်ပစ္စည်းပံ့ပိုးမှုတွေနဲ့အတူ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကွန်ကရစ်မိလ္လာကန်တွေကိုသုံးပြီး ပိုပြီးဘေးကင်းစိတ်ချရတဲ့ အိမ်သာတွေ၊ အိမ်သာကျင်းတွေကို အတူတကွ ဆောက်လုပ်ခဲ့ကြပါတယ်။ အခုအခါ သီးခြားအကန့်တွေပါဝင်တဲ့ အမှိုက်ကန်အသစ်တွေမှာ မီးရှို့စက်တွေပါ ပါဝင်လာပြီး အင်းလေးကန်ကြီးကို ညစ်ညမ်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အများပြည်သူကျန်းမာရေးအပြင် ကျေးရွာသူကျေးရွာသားတွေရဲ့ အသက်မွေးလုပ်ငန်းကို ရေရှည်ခိုင်မြဲစေမယ့် ဂေဟစနစ်ကိုလည်း ကာကွယ်ပေးနိုင်ပြီဖြစ်ပါတယ်။
နောက်ပြီး အခုဆိုရင် ကျေးရွာနေ့ကလေးထိန်းကျောင်းမှာလည်း လက်ဆေးကန်အသစ်တွေ တပ်ဆင်ပေးထားခဲ့ပါတယ်။ဆပ်ပြာ၊ ရေပုံး၊ သွားတိုက်တံ၊ အတွင်းခံ၊ ပြန်လည်အသုံးပြုနိုင်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့တခြားမရှိမဖြစ်ပစ္စည်းတွေပါဝင်တဲ့ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းတွေကို အိမ်ထောင်စုများစွာကို ဖြန့်ဝေပေးခဲ့ပါတယ်။
ကျေးရွာ WASH ကော်မတီဝင်လည်းဖြစ်သူ ဆရာမ ဒေါ်ဖြူဖြူထွေးက "တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ပြန်အသုံးပြုနိုင်တဲ့ လစဉ်သုံးပစ္စည်းတွေက ကျန်မတို့ကျောင်းသူလေးတွေရဲ့ အတွက် အတော့ကို အသုံးဝင်ပါတယ်။ သူတို့ အခုဆို ကျောင်းပျက်စရာမလိုဘဲ စိတ်ချလက်ချ ကျောင်းတက်နိုင်ပြီ" လို့ ဆိုပါတယ်။
ဆရာမက ဆက်ပြီး "ငလျင်ကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပေမယ့် ယူနီဆက်ရဲ့ ပံ့ပိုးမှုကြောင့် ကျွန်မတို့ ရွာအတွက် ပိုကောင်းတဲ့ အခြေအနေဖြစ်အောင် ပြန်တည်ဆောက်လာနိုင်ပြီ" လို့ ပြောပြပါတယ်။
ပိုးဒါလီအတွက် နေအိမ်အနီးက အသစ်တပ်ဆင်လိုက်တဲ့ ရေဘုံပိုင်က သူ့ရဲ့နေ့စဉ်ဘဝအတွက် အများကြီး အကျိုးရှိစေခဲ့ပါတယ်
“သောက်တဲ့ရေက သန့်ရှင်းနေမှ ကျွန်မတို့ ကျန်းမာရေးကောင်းမှာလေ။ အခုဆိုရင် ကျွန်မက အမေ့ကို နေ့တိုင်းရေကူခပ်ပေးနိုင်ပြီ" လို့ ပြောပြပါတယ်။
မိခင်ဖြစ်သူက ရေရှည်မှာ ရရှိလာမယ့် အကျိုးတွေကိုလည်း မှန်းဆမြင်နေရပါပြီ။
"ကျွန်မသမီးလေးရဲ့ ပညာရေးအတွက် ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက သိပ်အရေးကြီးပါတယ်။ သူ ကျန်းမာနေမှပဲ ကျောင်းမှန်မှန်တက်နိုင်ပြီး စာတွေကို ကောင်းကောင်း ဆက်သင်ယူနိုင်မှာလေ" လို့ သူက ဆိုပါတယ်။
တစ်နှစ်အကြာမှာတော့ ပိုးဒါလီတို့ရွာလေးဟာ ပြန်လည်တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေနဲ့အတူ မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်လာနိုင်ခဲ့ပါတယ်။ မိသားစုတွေအနေနဲ့ အဝေးကြီးက မသန့်ရှင်းတဲ့ ရေတွေကို သွားခပ်စရာမလိုတော့ပါဘူး။ ကလေးတွေဆိုရင်လည်း ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ ကျောင်းတက်ရောက်နိုင်ပါပြီ။ အားကောင်းတဲ့ ကျေးရွာ WASH ကော်မတီနဲ့ ဦးဆောင်မှုတွေနဲ့အတူ ကျေးရွာတွေက သူတို့ရဲ့ ကိုယ်ပိုင်စနစ်တွေကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင် ထိန်းသိမ်းလာနိုင်ကြပါတယ်။
နေ့လယ်ခင်းအလင်းရောင်က အင်းလေးကန်ပေါ် ဖြာကျပြီး လှေလေးတွေကလည်း တည်ငြိမ်နေတဲ့ရေပြင်ပေါ် လူးလာလှုပ်ရှားနေကြပါတယ်။ ပိုးဒါလီတစ်ယောက် အိမ်တံခါးပေါက်ကနေ လှေပေါ်မှာ ရေပုံးအဝါလေးတွေတင်ပြီး ရေဘုံပိုင်လေးဆီ လှော်ခတ်သွားနေတဲ့ အိမ်နီးချင်းတွေကို ငေးကြည့်နေမိပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က ယိမ်းထိုးလှုပ်ခါခဲ့တဲ့ အင်းလေးကန်ရေပြင်ကြီးက တစ်ဖန်ပြန် ငြိမ်သက်နေခဲ့ပါပြီ - ပိုးဒါလီအတွက်လည်း အေးချမ်း တည်ငြိမ်တဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရရှိလာခဲ့ပြီဖြစ်ပါတယ်။