အနီရောင်ဇုန်မှသည် အာဟာရပြည့်ဝခြင်းဆီသို့ခရီးစဉ် - ကောင်းကောင်းလေး ပြန်ကျန်းမာလာပြီ

ပြင်းထန်အာဟာရချို့တဲ့နေသည့်ကလေးငယ်တစ်ဦး ပြန်လည်သက်သာလာအောင် အသင့်သုံးကုထုံးအစားအစားနှင့် ရပ်ရွာကျန်းမာရေးလုပ်သားများက ကူညီပေးခဲ့ပုံ

Saw Wai Moe
A mother holding her young child in front of their home.
/UNICEF/2025/Nyan Zay Htet
07 မေလ 2026

အသက် ၃၇ နှစ်အရွယ် မသက်ဟာ ပထမဆုံးအနေနဲ့ သူ့သားလေးရဲ့ လက်မောင်းလုံးပတ်ကို တိုင်းတဲ့တိပ်ပေါ်က အနီရောင် အမှတ်အသားကို မြင်ရချိန်မှာ ဘာအဓိပ္ပာယ်လဲဆိုတာ အပြည့်အဝ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းရဲ့မျက်နှာပေါ်က အကြည့်ကြောင့် တဖြည်းဖြည်းသူ နားလည်သွားခဲ့ပါတယ်။ အသက် ၁၈ လသာရှိသေးတဲ့ ကောင်းကောင်းဟာ ပြင်းထန်စွာ အာဟာရချို့တဲ့နေပြီး အကူအညီသာမရရင် အသက်ဆက်ရှင်နိုင်ဖို့ မလွယ်တဲ့ အခြေအနေမှာရှိနေခဲ့ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet ၂၀၂၅ ခုနှစ် မေလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယူနီဆက်မှ ပံ့ပိုးပေးသည့် အာဟာရစစ်ဆေးမှုအစီအစဉ်မှာ အသက် ၁၈ လအရွယ်ရှိ ကောင်းကောင်း၏ လက်မောင်းလုံးပတ်တိုင်းတာစဉ်။

ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြတဲ့ မိသားစုများစွာလိုပဲ မန္တလေးမြို့က ကလေးခုနစ်ယောက်မိခင်ဖြစ်သူ မသီတာဟာ သူမရဲ့ အငယ်ဆုံးသားလေးလိုအပ်နေတဲ့ အာဟာရကို ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ ကလေးကို အာဟာရပြည့်ဝအောင်ကျွေးမွေးဖို့ လိုအပ်တယ်ဆိုတာ သိနေခဲ့ပေမယ့်လည်း အသား၊ ငါး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာ အလွယ်တကူ လက်လှမ်းမမီနိုင်တဲ့အရာတွေ ဖြစ်နေခဲ့ပါတယ်။ ကောင်းကောင်းအတွက် အများအားဖြင့် စားဖြစ်တာက ထမင်းနဲ့ သရေစာမုန့်အနည်းငယ်သာဖြစ်လို့ သူတို့အရွယ်ကလေးငယ်တွေအတွက် ရှင်သန်ကြီးထွားဖို့ လုံလောက်တဲ့ အာဟာရဓာတ်မရရှိခဲ့ပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားလာရချိန်မှာတော့ သူ့အခြေအနေက အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

A mother holding her son close to her body.
UNICEF Myanmar/2025/Nyan Zay Htet မန္တလေးတိုင်းအတွင်း ကျန်းမာရေးအဖွဲ့ရောက်ရှိလာပြီး စစ်ဆေးပေးချိန်မှာ ကောင်းကောင်းအခြေအနေက အားနည်းပြီး ရေဓာတ်ခမ်းခြောက်နေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကုသမှုလည်းစတင်ခံယူခဲ့ပါသည်။

ရပ်ရွာအခြေပြု ကျန်းမာရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာတော့ သူဟာ အားနည်းပြီး ရေဓာတ်ခမ်းခြောက်နေခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကောင်းကောင်းကို အသင့်သုံး ကုထုံးအစားအစာ (RUTF) နဲ့ စတင်ကုသခဲ့ပါတယ်။ ဒီကုထုံးအစားအစာက မြေပဲနဲ့လုပ်ထားတဲ့ အနှစ်ပုံစံဖြစ်ပြီး သူ့ကို ထိန်းသိမ်းဖို့ ရေခဲသေတ္တာမလိုသလို ပြင်ဆင်ချက်ပြုတ်ဖို့လည်း မလိုအပ်ပါဘူး။ ဆေးရုံတက်ဖို့မလိုဘဲ မိမိနေအိမ်မှာပဲ ဒီကုထုံးအစားအစာနဲ့ ကုသလို့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက မသက်ကို ကုထုံးအစားအစာ ကျွေးမွေးပုံကို သေသေချာချာ ရှင်းပြခဲ့ပြီး ကလေးကိုလည်း ပုံမှန်စစ်ဆေးပေးခဲ့ကြပါတယ်။ ဒါဟာ ကုထုံးကုသမှုရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

Multiple ready-to-use therapeutic food sachets pictured together.
UNICEF/UNI680220/Naftalin အသင့်သုံးကုထုံးအစားအစာ (RUTF) သည် ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သော မြေပဲကို အခြေခံထုတ်လုပ်ထားသည့် အနှစ်ဖြစ်ပြီး ပြင်းထန်အာဟာရချို့တဲ့သည့် ကလေးငယ်များကို ကုသပေးရန်ဖြစ်ပါသည်။ မိဘများအနေဖြင့် ယင်းကုထုံးအစားအစာကို ပြင်ဆင်ချက်ပြုတ်ရန် မလိုအပ်သကဲ့သို့ ထိန်းသိမ်းထားရှိရန် ရေနှင့် ရေခဲသေတ္တာရှိရန်လည်း မလိုအပ်ဘဲ အိမ်တွင်ပင် အလွယ်တကူ ကျွေးနိုင်ပါသည်။

"သားလေး အရမ်းအာဟာရချို့တဲ့နေတယ်ပြောတော့ ကျွန်မတော်တော်လန့်သွားတယ်။ ဒါပေမဲ့ ကျွန်မကို ဒီစားစရာအထုပ်လေးပေးပြီး ဘယ်လိုလုပ်ရမလဲဆိုတာ သေချာရှင်းပြလိုက်တော့ ပြန်ကောင်းလာဖို့ အခွင့်အရေးရှိပါသေးတယ်လို့ တွေးလိုက်မိတယ်" လို့ မသက်က ရှင်းပြပါတယ်။

တကယ်လည်း အခွင့်အရေးရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ပုံမှန်လာရောက် စစ်ဆေးပေးပြီးတဲ့နောက်မှာတော့ ကောင်းကောင်းဟာ အပြည့်အဝ ပြန်ကောင်းမွန်လာခဲ့ပါတယ်။ တစ်ချိန်က လက်မောင်းလုံးပတ်တိပ်ရဲ့ အနီရောင်ဇုန်ထဲရောက်နေခဲ့တဲ့ အသက်နှစ်နှစ်အရွယ် ကောင်လေးဟာ အခုဆိုရင် တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး အားလည်းပြန်လည်ပြည့်ဝလာပါပြီ။

A health worker measures a child’s arm with a MUAC tape during a nutrition check.
UNICEF Myanmar/2025/Nyan Zay Htet အသင့်သုံးကုထုံးအစားအစာနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အနီးကပ် ပုံမှန်စောင့်ရှောက်မှုများကြောင့် ခြောက်လအကြာမှာ ကောင်းကောင်းသည် ပြင်းထန်အာဟာရချို့တဲ့မှုမှ အပြည့်အဝ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည်။

မန္တလေးအခြေစိုက် ယူနီဆက် ကျန်းမာရေးနဲ့ အာဟာရကျွမ်းကျင်သူ ဒေါက်တာ မေမေခင်က ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ရပ်ရွာကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး "ကျွန်မတို့က မသက်တို့လို့ မိသားစုတွေကို အမြဲ စစ်ဆေးပေးတယ်။ ကုထုံးထိရောက်အောင် ကျွန်မတို့ ဒီလိုလုပ်ကြရတယ်။ ကောင်းကောင်းလေး ပြန်ပြီးသက်သာလာတာက ရပ်ရွာအတွင်း စောင့်ကြည့်စစ်ဆေးမှုနဲ့ ကုထုံးအစားအစာပေါင်းပြီး ကုသရင် အောင်မြင်နိုင်တယ်ဆိုတာပြလိုက်တဲ့ သက်သေပါပဲ" လို့ ဆိုပါတယ်။

မသက်အတွက်တော့ ဒါဟာ သိပ်ကိုအဓိပ္ပါယ်ရှိတဲ့ ပြောင်းလဲမှုပါ။ "အခုဆို သားလေးက အားအပြည့်ပဲ။ ကျွန်မသားလေး ကျန်းမာနေတာမြင်ရရင် ကျေနပ်ပါပြီ " လို့ မသက်က အပြုံးတွေနဲ့ပြောပြလာပါတယ်။

Ma Thet holds her young son, Kaung Kaung, in their community in Mandalay as he continues his recovery.
UNICEF Myanmar/2025/Nyan Zay Htet "သူကအခု အားအပြည့်ပဲ" ဟု ကောင်းကောင်း၏ မိခင်ဖြစ်သူ မသက်၊ ၃၇ နှစ်က ဆိုပါသည်။ မိခင်တစ်ယောက်အတွက် သားဖြစ်သူ ကျန်းမာပြီး အားပြည့်လာသည်ကို မြင်ရခြင်းက သူ့အတွက် အကောင်းဆုံးဆုလာဘ်လို့ ခံယူထားပါတယ်။

နှစ်စဉ် ယူနီဆက်က အသင့်သုံးကုထုံးအစားအစာ ပံ့ပိုးပေးခဲ့တဲ့ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ် ၉ သန်းကျော်အနက်မှာ ကောင်းကောင်းလည်း တစ်ယောက်အပါအဝင်ပါ။ ၁၉၉၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီအသင့်သုံးကုထုံးအစားအစာ ကုသမှုဟာ နှစ် ၃၀ တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ကောင်းကောင်းလေးရဲ့ မိခင်ရယ်၊ ရပ်ရွာကျန်းမာရေးဝန်ထမ်းတွေရယ်၊ မိတ်ဖက်အဖွဲ့အစည်းတွေရယ် ပူးပေါင်းမှုကြောင့် အိမ်မှာတင်ပဲ အာဟာရချို့တဲ့မှုကနေ ပြန်လည်သက်သာကောင်းမွန်လာခဲ့တဲ့ ကောင်းကောင်းရဲ့ အဖြစ်ဟာ အဲဒီ ၃၀ နှစ်တာလုံး ရည်ရွယ်ခဲ့တဲ့ အမှန်တကယ်ရင်ထဲက မျှော်လင့်ချက်တစ်ခုပဲ ဖြစ်ပါတယ်။


*အမည်များအား ပြောင်းလဲဖော်ပြထားပါသည်။