ကျန်းမာရေးနှင့် အာဟာရ
ကလေးနှင့်မိခင် ကျန်းမာရေးနှင့် အာဟာရ လက်လှမ်းမီရရှိမှုတိုးလာစေရန် လုပ်ဆောင်ခြင်း
- English
- မြန်မာ
စိန်ခေါ်မှု
မြန်မာနိုင်ငံရှိ ကလေးသူငယ် မျိုးဆက်တစ်ခုလုံး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းများကြောင့် ခြိမ်းခြောက်ခံနေရသည်။ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး မသေချာမရေရာမှုများနှင့်အတူ ရိုက်ခတ်လာသော ရေရှည်ပဋိပက္ခများသည် မြန်မာ့ကလေးငယ်များ၏ ပစ္စုပ္ပန်ဘဝ၊ ကိုယ်စိတ်နှစ်ပါး လုံခြုံမှုနှင့် အနာဂတ်များကို အန္တရာယ်ဖြစ်စေပါသည်။
စီးပွားရေး ရိုက်ခတ်မှုဒဏ်၊ ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်ခြင်းနှင့် ပဋိပက္ခနယ်မြေ ကျယ်ပြန့်လာခြင်းတို့ ပေါင်းဆုံကာ အခြေခံလူမှုလုံခြုံရေးကွန်ရက်များကို ပြင်းပြင်းထန်ထန် ပျက်စီးဆုံးရှောက်စေခဲ့ပြီး၊ ကလေးသူငယ်အမြောက်အမြားမှာ သန့်ရှင်းသော သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အခြေခံဝန်ဆောင်မှုများနှင့် ဝေးကွာနေရသည်။ သာတူညီမျှရှိရမည့် အရည်အသွေးပြည့် အာဟာရပြည့်ဝသော အစားအစာ၊ ဘေးကင်းလုံခြုံမှု၊ ပညာသင်ကြားခွင့်နှင့် အစဉ်မပြတ်ရရှိရမည့် ကာကွယ်စောင့်ရှောက်မှုများသည် ယနေ့ခေတ် ကလေးငယ်များနှင့် မိသားစုအများစုအတွက် လက်လှမ်းမီနိုင်မှုထက် ကျော်လွန်နေပါသည်။
မရေရာသော အနာဂတ်များနှင့် ရင်ဆိုင်နေရခြင်း
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လူမှုစီးပွား ကသောင်းကနင်းဖြစ်မှုများသည် ကလေးငယ်များ၏ အနာဂတ်ကိုသာမက၊ ၎င်းတို့ ရှင်သန်ရာ လူမှုအသိုင်းအဝိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။
- အာဟာရချို့တဲ့မှု၏ ခါးသီးသောရလဒ်: အသက်နှစ်နှစ်အောက် ကလေးငယ်များသည် အာဟာရချို့တဲ့မှုဒဏ်ကို ရေရှည်ခံစားရပါက နောက်ဆက်တွဲအဖြစ် ပြန်လည်ကုစားရန် မဖြစ်နိုင်တော့သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အာရုံကြော (သိမှုစွမ်းရည်) ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းတို့ကို ကြုံတွေ့ရမည့်အပြင် အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်သည်။
- မိခင်နှင့် ကလေးငယ်တို့၏ ကျန်းမာရေး: မိခင်များ အာဟာရချို့တဲ့ခြင်းသည် မိခင်ရော ကလေးအတွက်ပါ ကြီးမားသောအန္တရာယ် ဖြစ်စေသည်။ အာဟာရချို့တဲ့သော မိခင်များသည် ပေါင်မပြည့်ဘဲ မွေးဖွားလာသည့် မွေးကင်းစကလေးငယ်များကို လုံလောက်စွာ မိခင်နို့ရည် တိုက်ကျွေးနိုင်စွမ်း မရှိကြပေ။
- ကာကွယ်ဆေး လွဲချော်ခြင်းဘေး: ကလေးငယ်များသည် ပုံမှန်ကာကွယ်ဆေး ထိုးနှံခွင့်များ လွဲချော်နေသည့်အတွက် ဝက်သက်၊ ပိုလီယို (အကြောသေဆွံ့အခြင်း)၊ ဆုံဆို့နာ (Diphtheria) နှင့် ၎င်းတို့ကို ရာသက်ပန် ပြင်းထန်မသန်စွမ်းဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးနိုင်သည့် အခြားကူးစက်ရောဂါဆိုးများရန်မှ အကာအကွယ်မဲ့နေကြရသည်။
- ဝမ်းပျက်ဝမ်းလျှောရောဂါ အန္တရာယ်: အသက်ငါးနှစ်အောက် ကလေးငယ်များသည် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု (WASH) ဝန်ဆောင်မှုများ ပြတ်တောက်ခြင်း၏ နောက်ဆက်တွဲရလဒ်အဖြစ် အစုလိုက်အပြုံလိုက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားလျက်ရှိသည်။
- ကျန်းမာရေးဝန်ဆောင်မှု ပြတ်တောက်ခြင်း: ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အပါအဝင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်းသည် ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါဆိုးများကို ကပ်ရောဂါသဖွယ် ဖြစ်ပွားစေပြီး ရောဂါနှင့်သေဆုံးမှုနှုန်းကို ထပ်မံတိုးပွားစေနိုင်သည်။
ဖြေရှင်းနည်း
ယူနီဆက်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အထိခိုက်လွယ်ဆုံးသော ကလေးသူငယ်များ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများထံ အသက်ကယ်ဆယ်ရေး အကူအညီများကို အရှိန်အဟုန်မြှင့် ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်လျက်ရှိသည်။ ထို့ပြင် ဘေးကင်းလုံခြုံပြီး ပိုမိုကျန်းမာသော အနာဂတ်များကို ဖန်တီးပေးနိုင်မည့် ရေရှည်ကြံ့ကြံ့ခံနိုင်ရည်စွမ်းအား တည်ဆောက်နိုင်ရေးကိုလည်း ကူညီပေးလျက် ရှိပါသည်။
ယူနီဆက်၏ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ မဟာဗျူဟာသည် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပလက်ဖောင်းများမှတစ်ဆင့် တန်းတူညီမျှပြီး ဘက်စုံပေါင်းစည်းထားသော မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ ၎င်းအပြင် အာဟာရပြည့်ဝရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကပ်ရောဂါဖြစ်ပွားမှုအပေါ် အရေးပေါ်တုံ့ပြန်ခြင်းတို့ကို အလေးအနက်ထားသော ဘက်စုံချဉ်းကပ်နည်းစနစ်ကို ကျင့်သုံးနေပါသည်။
အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို အလေးပေးသော ကြိုတင်ကာကွယ်ရေး ကြားဝင်ဆောင်ရွက်မှုများနှင့်အတူ ပြင်းထန်အာဟာရချို့တဲ့ပြီး သေးငယ်ကြုံလှီနေသည့် ကလေးငယ်များကို စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် အချိန်မီ ကုသမှုပေးခြင်းသည် မိမိတို့၏ အဓိကအသက်ကယ် လုပ်ငန်းစဉ် ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်တွင် ယူနီဆက်သည် အောက်ပါတို့ကို ပံ့ပိုးပေးရန် ရည်မှန်းထားပါသည်
- အသက် ၆-၅၉ လအရွယ် ကလေးသူငယ်များကို ဝက်သက်ကာကွယ်ဆေးထိုးနှံပေးခြင်း
- ကလေးသူငယ်များနှင့်အမျိုးသမီးဦးရေ ၆၀၀,၀၀၀ ကျော်အား အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေခြင်း။
- အသက် ၆-၅၉ လအရွယ် ကလေးငယ်ဦးရေ ၂ သန်းကျော်အား ဗီတာမင်အေ ဖြည့်စွက်ဆေးတိုက်ကျွေးခြင်း အသက် ၆-၅၉ လအရွယ် ကလေးငယ်ဦးရေ ၆၅၀,၀၀၀ ကျော်အား သေးငယ်ကြုံလှီမှုရှိမရှိ စစ်ဆေးပေးခြင်း