သင်ယူမှု
ကလေးသူငယ်အားလုံး ပညာသင်ခွင့်ရရှိရေးနှင့် သူတို့၏အလားအလာအပြည့်အဝကို သေချာစွာ အကောင်အထည်ဖော်နိုင်ရေး။
- English
- မြန်မာ
စိန်ခေါ်မှု
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ ကာလရှည်ပိတ်ထားရခြင်းနှင့် ပညာသင်ယူမှု ပြတ်တောက်မှုများနှင့်အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ပညာရေးနှင့် အိပ်မက်များမှာ အကြီးမားဆုံး အဟန့်အတား ဖြစ်နေရပါသည်။ ဤအတားအဆီးများသည် လတ်တလောသင်ယူမှု အခွင့်အလမ်းများကို ပိတ်ဆို့မှုဖြစ်စေရုံသာမက ၎င်းတို့၏ ရေရှည်အလားအလာကိုပါ ခြိမ်းခြောက်နေပြီး အနာဂတ်အတွက် အရေးကြီးသော ပညာဆည်းပူးသင်ယူနိုင်မည့်စွမ်းရည်ကိုပါ ထိခိုက်စေပါသည်။
ကလေးသူငယ် ၄.၅ သန်းခန့်သည် သင်ယူနိုင်စွမ်း အကန့်အသတ်ရှိနေပြီး သို့မဟုတ် လက်လှမ်းမီမှု မရှိကြဘဲ ကြီးလေးသော ချိုးဖောက်မှုများနှင့် အလွဲသုံးစားမှု အန္တရာယ်များကို ပိုမိုမြင့်မားစွာ ရင်ဆိုင်နေကြရသည်။ ကလေးများ ပိုမိုပစ်မှတ်ထားခံရခြင်း၊ တိုက်ပွဲဝင်ရန် အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အသက်မပြည့်မီအိမ်ထောင်ပြုရန် အတင်းအကျပ် ဖိအားပေးခြင်းများ ရင်ဆိုင်နေကြရသည်။ သင်ယူမှုအခွင့်အလမ်းများမရှိခြင်းသည် ဤကလေးသူငယ်များအား တစ်သက်တာ အကျိုးသက်ရောက်မှုများနှင့်အတူ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်မှုသံသရာထဲသို့ ရောက်ရှိသွားစေနိုင်ပါသည်။
မျိုးဆက်တစ်ခုလုံးသည် ထုတ်လုပ်နိုင်စွမ်းရှိသော လုပ်သားအင်အားစုတစ်ခုအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာကို ရယူရာတွင် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ ဤပညာရေးချို့ငဲ့မှုက နိုင်ငံ၏အနာဂတ် စီးပွားရေး ကုန်ထုတ်စွမ်းအားကို အကြီးအကျယ် ခြိမ်းခြောက်နေပါသည်။ အရည်အသွေးပြည့်ဝသော ပညာရေးမရှိပါက ကလေးများသည် ယှဉ်ပြိုင်မှုများသော ကမ္ဘာ့စီးပွားရေးတွင် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်မှုများပျိုးထောင်ရန် အခွင့်အလမ်းများ ဆုံးရှုံးသွားပြီး နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို အဟန့်အတားဖြစ်စေပါသည်။
ဘေးကင်းလုံခြုံပြီး စဉ်ဆက်မပြတ်သင်ယူမှုသည် ကလေးတိုင်း၏ အခွင့်အရေးဖြစ်သည်
ကလေးငယ်များသည် သင်ယူရန်လိုအပ်ပြီး ၎င်းတို့တွင် ပညာသင်ယူရန် အခွင့်အရေးသာမက လုံခြုံသောနေရာတွင် သင်ယူရန်လည်း အခွင့်အရေးရှိသည်။ မြန်မာနိုင်ငံတွင် ကျောင်းသားများ၊ ဆရာများ၊ စေတနာ့ဝန်ထမ်းဆရာများနှင့် ဝန်ထမ်းများအား လေးစားလိုက်နာရန်၊ တိုင်ပင်ဆွေးနွေးရန်၊ မိမိတို့၏ ကိုယ်ပိုင်စည်းကမ်းချက်များနှင့် ဂုဏ်သိက္ခာနှင့်အညီ သင်ယူလေ့လာနိုင်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်။
ဖြေရှင်းနည်း
အရှိန်အဟုန်မြင့်တက်လာသော ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးများ၏ သင်ယူမှု ကွာဟချက်များနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် ပြောင်းလွယ်ပြင်လွယ်ရှိမှု လိုအပ်ပါသည်။ ယူနီဆက်သည် အောက်ပါတို့ကို ဆောင်ရွက်လျက်ရှိပါသည်-
- အစောပိုင်း သင်ယူခြင်းအပါအဝင် ကျောင်းနှင့် ကျောင်းပြင်ပပညာရေးကိုလက်လှမ်းမီရန် ကလေးငယ် ၈၉၀, ၀၀၀ ဦးကျော်ကို အထောက်အပံ့ပေးရန်။
- ကလေး ၄၅၀, ၀၀၀ ကို တစ်ဦးချင်း သင်ယူမှုအထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးရန်။
- ယာယီသင်ကြားရေးစင်တာ ၆၀၀ ကို ပြန်လည်ပြုပြင်ခြင်းနှင့် ထပ်တိုးအဆောက်အအုံများ တည်ဆောက်ခြင်း
- ပညာရေးအရည်အသွေးကို မြှင့်တင်ရန်နှင့် သင်ယူမှုရလဒ်များ တိုးတက်စေရန်အတွက် ဆရာဦးရေ ၂၁,၀၀၀ ကျော်ကို သင်တန်းများနှင့် ခံစားခွင့်များ ပံ့ပိုးပေးရန်။
လက်တွေ့အကူအညီ
- မူလတန်းနှင့် အလယ်တန်းကျောင်းသားများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးလျက်ရှိပါသည်။
- ကလေးများနှင့် ဆယ်ကျော်သက်များ ခက်ခဲသောနေရာများအပါအဝင် လူမှုအသိုင်းအဝိုင်းအဆင့်တွင် အခြေခံနှင့် ဖြည့်စွက်သင်ယူမှု အခွင့်အလမ်းများ ရရှိနိုင်စေရန် ကျောင်းပြင်ပ အခြေခံပညာရေး လမ်းကြောင်းများကို လေ့လာလျက်ရှိပါသည်။
- မိတ်ဖက်အဖွဲ့များကိုလည်း ကလေးများ၏ သင်ယူမှုနှင့် ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် ၎င်းတို့၏ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ပံ့ပိုးရန် လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။
- ယူနီဆက်သည် တိုင်းရင်းသားဘာသာစကား ဆရာများအတွက် သင်တန်းပေးခြင်းနှင့် ဒေသတွင်းဘာသာစကားများဖြင့် ပုံပြင်စာအုပ်များ ဖြန့်ဝေခြင်းကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။