ငလျင်ကြီးနောက်ပိုင်း ယာယီသင်ကြားရေးအဆောင်တွေက ကလေးများအတွက် မျှော်လင့်ချက်တွေကို ပြန်လည်ရရှိစေ
ကိုးနှစ်အရွယ် မောင်ဇော်က ကျောင်းပြန်တက်ချင်လှပါပြီ - တစ်နေ့ကျရင် မပြိုတဲ့အိမ်တွေကို ဆောက်ဖို့ အိပ်မက်တွေလည်းရှိပါတယ်
- English
- မြန်မာ
မြန်မာနိုင်ငံအလယ်ပိုင်းက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက ယာယီအဆောက်အအုံတစ်ခုအနီးမှာ မိုးသားတိမ်လိပ်တွေကို မြင်နေရပါတယ်။ ဘုန်းကြီးကျောင်းကို သွားတဲ့ လမ်းတလျှောက်လုံး ရွှံ့နွံတွေပြည့်နေပြီး တစ်ဝက်ပြိုနေတဲ့ အိမ်တွေ၊ စောင်းနေတဲ့သစ်သားအဆောက်အအုံတွေ တန်းစီနေပါတယ်။ ကွန်ကရစ်လမ်းကလည်း ငလျင်ကြောင့် အက်ကြောင်းကြီးတွေ အပြည့်နဲ့ ကျန်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ လူတွေပြည့်သိပ်နေပြီး ကလေးတွေကစားနေတာကို မိဘတွေက မျက်ခြည်ပြတ်မခံဘဲ စောင့်ကြည့်ကြနေပါတယ်။
ပြီးခဲ့တဲ့နှစ်လခန့်ဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ ရှိ ရာစုနှစ်အတွင်း အဆိုးဝါးဆုံးငလျင်ကြောင့် အသက် ၉ နှစ်အရွယ် မောင်ဇော်နဲ့ သူ့မိသားစုဟာ သူတို့ရဲ့နေအိမ်ကို ဆုံးရှုံးခဲ့ရပါတယ်။ "သားက သားသူငယ်ချင်းတွေနဲ့ ကစားနေတာ" လို့ မောင်ဇော်က ပြောပြပါတယ်။ "သားတို့က စက်ဘီးစီးမလို့ လုပ်နေတဲ့အချိန် ရုတ်တရက် အားလုံးစပြီး လှုပ်လာတယ်။ သားတို့နှစ်ယောက်လုံး လဲကျသွားတယ်။ သားအရမ်းကြောက်တယ် - သားအရင်က ငလျင်လှုပ်တာ တစ်ခါမှမကြုံဖူးဘူး။ သားဘာလုပ်ရမှန်းလည်း မသိဘူး။"
မိခင်ဖြစ်သူ မသီတာ၊ ၃၂ နှစ်က သူ့ရဲ့အငယ်ဆုံးကလေးဖြစ်တဲ့ ၇ နှစ်လသားလေးကို ပိုက်ထားရင်း ယာယီအဆောက်အအုံရဲ့ ဝါးကြမ်းခင်းလေးပေါ်မှာ ထိုင်နေပါတယ်။ သူ့အသံက တည်တည်ငြိမ်ငြိမ်ပေမယ့် သူ့ရဲ့နွမ်းနယ်မှုကို မြင်နေရပါတယ်။
"ကျွန်မတို့အိမ်က တော်တော်ပျက်စီးသွားတော့ နေဖို့စိတ်မချရတော့ဘူး" လို့ သူကပြောပါတယ်။ "ကျွန်မတို့ ဒီမှာ တခြားမိသားစု ၃၀ လောက်နဲ့ အတူနေနေပါတယ်။ အိမ်သာတွေက ဝေးပြီး ဒီမှာက ရေသန့်ရဖို့လည်း မလွယ်ဘူး။ နောက်ဆက်တွဲငလျင်တွေကလည်း လှုပ်နေသေးတာဆိုတော့ ညဘက်လည်း ကျွန်မတို့ ကောင်းကောင်းမအိပ်နိုင်ဘူး။"
ငလျင်မလှုပ်ခင်က မသီတာက လက်လုပ်လက်စားတစ်ယောက်ဖြစ်ပြီး တစ်ခါတလေ အပိုဝင်ငွေရအောင် မျှစ်ရှာတဲ့အလုပ် လုပ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ကိုထွန်းက အိမ်ဆေးသုတ်တဲ့သူတစ်ဦးပါ။ ဒါပေမဲ့ ငလျင်လှုပ်ပြီးနောက် တံတားတွေ ပြိုကျပြီး လမ်းတွေလည်း ပျက်စီးသွားလို့ သယ်ယူပို့ဆောင်ရေးက မဖြစ်နိုင်သလို ဆေးသုတ်တဲ့အလုပ်တွေလည်း ပါးသွားခဲ့ပါတယ်။
"အခု သူက သရက်ခြံတစ်ခုမှာလုပ်နေတယ်။" “ဒါပေမဲ့ ဒါက ယာယီပေါ့။ သရက်ရာသီကုန်သွားရင်တော့ နောက်ထပ်ဘာလုပ်ရမလဲ ကျွန်မတို့ မသိသေးဘူး။"
လူတွေပြည့်ကျပ်နေတဲ့ ယာယီအဆောက်အအုံမှာ နေရတဲ့ ဘဝက မောင်ဇော်အတွက် မလွယ်လှပါဘူး။ သူ့မိခင်က ငလျင်လှုပ်ပြီးနောက်ပိုင်း မောင်ဇော်လေး လူတွေနဲ့ခပ်ဝေးဝေးနေလာတယ်၊ စိတ်လည်း သိပ်ပြီးမကြည်ဘူး၊ စကားလည်း သိပ်မပြောတော့ဘူး၊ တခြားသူတွေအပေါ်လည်း စိတ်မရှည်ဘူး လို့ ပြောပြပါတယ်။
"အရင်ကဆို သူက ညနေတိုင်း သူ့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့နေကြ" လို့ မသီတာက ပြောပြပါတယ်။ "အခုဆို သူက တစ်ယောက်တည်း ထိုင်ရင်ထိုင် မဟုတ်ရင်လည်း ကျွန်မကိုပဲ အရမ်းကပ်တယ်။ ကျွန်မတို့က သူ့ကို ကျောင်းပြန်တက်စေချင်တယ်၊ ဒါမှ သူ့သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး အရင်လိုနည်းနည်းပါးပါး ပုံမှန်ပြန်ဖြစ်လာမယ်ထင်တယ်။”
ငလျင်ဘေးကြောင့် စာသင်ကျောင်းများစွာ ပျက်စီးခဲ့ရပြီး အခက်အခဲအမျိုးမျိုး ရှိနေတဲ့ကြားကပဲ မောင်ဇော်ရဲ့မိသားစုက အနီးက ဘုန်းတော်ကြီးကျောင်းတစ်ခုရဲ့ ယာယီကျောင်းဆောင်တစ်ခုမှာ ဆက်ပြီးစာသင်နိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့ခဲ့ပါတယ်။
" သားက နောက်အပတ်ဆို ၃ တန်းစတက်ရမယ်။ သားသူငယ်ချင်းတွေနဲ့ ပြန်တွေ့ရပြီး ကျောင်းပြန်တက်ရမယ်ဆိုတော့ သားအရမ်းပျော်တယ်။ သားတို့ကျောင်းကြီးကတော့ ပျက်စီးသွားပြီ။ မျက်နှာကျက်တွေ ပြိုကျတယ်လို့ပြောတယ်။ ဒါပေမဲ့ အခု သားတို့အတွက် ယာယီစာသင်ခန်းတွေရှိတယ်တဲ့။" လို့ သူကပြောပြပါတယ်။
"ကျွန်မရော၊ အမျိုးသားရော အလုပ်ရှာဖို့မလွယ်တော့ ဒီနှစ်က ကျွန်မတို့သားကို ကျောင်းထားဖို့ တော်တော်ခက်ခဲမှာ" လို့ ဆိုပါတယ်။ "သူ့အတွက် စာအုပ်နဲ့ တခြားကျောင်းပစ္စည်းလေးတွေအပြင် ကျောင်းသွားဖို့ စက်ဘီးအသစ်လေးတစ်စီးပါ ဝယ်ပေးချင်ခဲ့တာ။" ဒါပေမဲ့ ကျွန်မတို့ ဝင်ငွေမရှိတော့ဘူးဆိုတော့ စက်ဘီးအဟောင်းလေးကိုပဲ ပြန်ပြင်ပေးနိုင်တယ်။ ရှိတာလေးနဲ့ ဖြစ်သလိုပဲ လုပ်ပေးနိုင်တော့တယ်။"
ယူနီဆက်က စာအုပ်၊ ခဲတံ၊ ရောင်စုံခဲတံ၊ ပေတံနဲ့ အပြာရောင် ကျောပိုးအိတ်တွေပါဝင်တဲ့ သင်ကြားရေးသုံးပစ္စည်းတွေကို မောင်ဇော်အတွက် ပံ့ပိုးပေးခဲ့ပါတယ်။
"အပြာရောင်ကို သားအကြိုက်ဆုံးပဲ၊ ပြီးတော့ သားရဲ့ ကျောပိုးအိတ်အသစ်လေးကလည်း အပြာရောင်ဆိုတော့ အရမ်းကြိုက်တယ်" လို့ မောင်ဇော်က ပြောပြပါတယ်။ "သားမှာ အပြာရောင် စက်ဘီးလည်းရှိတယ်။"
"ယူနီဆက်က ဒီလိုပံ့ပိုးပေးတော့ ကျွန်မတို့တော်တော်ဝန်ပေါ့သွားတယ်" လို့ မိခင်က ဆိုပါတယ်။ "ကျွန်မတို့သားလေး သူလိုအပ်တဲ့ ပစ္စည်းတွေရပြီး ကျောင်းတက်နိုင်ပြီ၊ မျှော်လင့်ချက်တွေလည်း ပြန်ပြည့်လာပြီ။"
လတ်တလောမှာ ဆရာတစ်ဦးက ဘုန်းတော်ကြီးကျောင်းကို လာရောက်ပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ဖို့ လမ်းကြောင်းက ရှည်လျားနေဆဲဖြစ်သလို မိသားစုတွေရဲ့ အရေးအကြီးဆုံး လိုအပ်ချက်က ဘေးကင်းလုံခြုံတဲ့နေရာမှာ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။
"အခက်အခဲတွေရှိနေပေမယ့်လည်း ကျွန်မသားလေး ပညာဆက်သင်နိုင်လို့ တော်သေးတယ်။ ကျွန်မအတွက်တော့ ဒါကအရေးအကြီးဆုံးပဲ" လို့ မသီတာက ဆိုပါတယ်။ "ဒါပေမဲ့ ကျွန်မတို့ အိမ်ပြန်ဆောက်ဖို့ အကူအညီလိုနေသေးတယ်။ ကျွန်မတို့ အလုပ်လည်းရချင်တယ်။ ဒါမှ ကျွန်မတို့ဘာသာ ပြန်ပြီးရပ်တည်နိုင်မှာ။ အဲဒီအချိန်ထိ ကျွန်မတို့ကို ပံ့ပိုးမှုတွေပိုရဖို့ မျှော်လင့်ပါတယ်။"
မောင်ဇော်ကို သူ့ရဲ့အနာဂတ်အိပ်မက်အကြောင်း မေးတဲ့အခါ "သားက အင်ဂျင်နီယာဖြစ်ချင်တယ်။ သားက မပြိုနိုင်တဲ့အိမ်တွေ ဆောက်မယ်။"
ငလျင်ဘေးရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကြားမှာ မောင်ဇော်တို့လို ကလေးတွေရဲ့ အနာဂတ်အိပ်မက်တွေက ပြန်လည်ထူထောင်ဖို့အတွက် အခြေခံအုတ်မြစ်တွေ ဖြစ်လာပါတယ်။ ရှေ့ဆက်ရမယ့်လမ်းကြောင်းက ရှည်လျားလှပါတယ်။ ရေရှည်ပံ့ပိုးမှုတွေရှိမှသာ မောင်ဇော်တို့လို မိသားစုတွေ ပြန်ပြီးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ ယူနီဆက်အဖွဲ့တွေဟာ အခက်အခဲတွေကြားကနေ ကလေးတွေဆက်လက် ပညာသင်ယူနိုင်ဖို့အတွက် ဒေသခံမိတ်ဖက်တွေ၊ ရပ်ရွာအသိုက်အဝန်းတွေနဲ့ အနီးကပ်လက်တွဲပြီး ကျောင်းသုံးပစ္စည်းတွေသာမကဘဲ တည်ငြိမ်မှု၊ ပုံမှန်ဖြစ်မှုနဲ့ မျှော်လင့်ချက်ဆိုတဲ့ ခံစားချက်တွေကိုပါ တည်ဆောက်ပေးရင်း ပံ့ပိုးပေးလျက်ရှိပါတယ်။
ဤဓာတ်ပုံဇာတ်ကြောင်းရှိ အမည်များနှင့် တည်နေရာများကို ပါဝင်ပတ်သက်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးလုံခြုံမှုနှင့် ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် ပြောင်းလဲထားပါသည်။