ငလျင်ကြီးအပြီး ရက်ပေါင်း ၁၀၀ ကျော်အကြာ

မြန်မာ့ကလေးငယ်တွေဟာ ငလျင်ဘေးကြီးရဲ့အကျိုးဆက်တွေကို ရင်ဆိုင်နေကြရဆဲဖြစ်

UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ပြီး  မြန်မာ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံးငလျင်တစ်ခုလည်း ဖြစ်ပါတယ်။ သန်းပေါင်းများစွာသော ကလေးသူငယ်တွေနဲ့ မိသားစုတွေအတွက် ဒီအခက်အခဲတွေကို ကျော်လွှား အဆုံးသတ်နိုင်ဖို့ခရီးမှာ ရှည်လျားနေဆဲဖြစ်ပါတယ်။ 

နှစ်ရှည်လများ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေ၊ ဆင်းရဲနွမ်းပါးမှုနဲ့ နေရပ်စွန့်ခွာရမှုစတဲ့ ဆင်းရဲဒုက္ခတွေအပြင် ငလျင်ဘေးကြောင့် ကလေးတွေဟာ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေကြရပါတယ်။ မုတ်သုန်မိုးရွာသွန်းမှုကြောင့် အခုဆိုရင် ဒီအခက်အခဲတွေက ပိုတိုးလို့လာခဲ့ပြီး ကလေးငယ် ၂ သန်းနီးပါးက မိသားစုနဲ့ကွဲကွာခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းနဲ့ အလွဲသုံးစားလုပ်ခံရနိုင်တဲ့ အန္တရာယ်တွေကို ပိုမိုရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အရေးပေါ်လိုအပ်နေကြပါတယ်။ 

ငလျင်ကြောင့် ရှိရင်းစွဲအားနည်းထိခိုက်လွယ်တဲ့ မိသားစုတွေမှာ ပိုပြီးကျပ်တည်းလာခဲ့ရသလို ကလေးငယ်တွေမှာလည်း ဘေးကင်းလုံခြုံတဲ့နေစရာ၊ သန့်ရှင်းတဲ့ရေနဲ့ သင်ယူဖို့အခွင့်အလမ်းတွေ ဆုံးရှံးနေရပါတယ်။ ကလေးသူငယ်တွေရဲ့အနာဂတ်အတွက် ရေရှည်ပံ့ပိုးမှုတွေ လိုအပ်နေပါတယ်။  

 

မြန်မာနိုင်ငံရှိ UNICEF ၏ လုပ်ငန်းများကို ထောက်ပံ့လှူဒါန်းရန်

အကျပ်အတည်း၏ အခြေအနေအတိုင်းအတာ 

ရက်ပေါင်း ၁၀၀ ကျော်ကြာပြီးနောက်မှာ ကိန်းဂဏန်းတွေက ဆိုးရွားတဲ့အခြေအနေတစ်ရပ်ကို ညွှန်ပြနေပါတယ် 

  • ၃,၇၄၅ ဦး သေဆုံး ၊ ၆၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၅, ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
  • ပဋိပက္ခ၊ ဆင်းရဲနွမ်းပါးမှုနဲ့ ဝန်ဆောင်မှုပြတ်တောက်မှုတွေကို ကာလရှည်ခံစားနေကြရပြီးဖြစ်တဲ့အပြင် ငလျင်ဒဏ်ကြောင့် ပိုမိုကျပ်တည်းလာတဲ့အတွက် ငလျင်ဘေးသင့်ဒေသတွေက ကလေးငယ် ၂ သန်းနီးပါးအပါအဝင် လူပေါင်း ၆.၃ သန်းခန့်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အရေးတကြီးလိုအပ်နေပါတယ်။
  • နေအိမ်ပေါင်း ၅၂,၀၀၀ ကျော် ပျက်စီးခဲ့ပြီး မိသားစုတွေက အမိုးအကာမလုံခြုံတဲ့ အဆောက်အအုံတွေမှာ ကျပ်ကျပ်တည်းတည်း ခိုလှုံနေကြရပါတယ်။
  • စာသင်ကျောင်းပေါင်း ၂,၆၀၀ ကျော် ပျက်စီးခဲ့တဲ့တဲ့အတွက် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ကလေးငယ်ထောင်ပေါင်းများစွာရဲ့ သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
  • ဆေးရုံပေါင်း ၇၈၉ ရုံ ပျက်စီးခဲ့ပြီး အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုတွေ ရယူနိုင်ဖို့ အခက်အခဲဖြစ်စေခဲ့ပါတယ်။
  • လူငယ်ပေါင်း ၄၀ ရာခိုင်နှုန်းနီးပါးက စိတ်ကျန်းမာရေး စောင့်ရှောက်မှုကို သူတို့အတွက် အဓိကလိုအပ်ချက်တစ်ခုအဖြစ် U-Report စစ်တမ်းမှာ ဖြေဆိုခဲ့ကြပါတယ်။ နှစ်ရှည်လများအကျပ်အတည်းတွေကို ရင်ဆိုင်နေကြရပြီးဖြစ်တဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် ငလျင်ဘေးကြောင့် ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ထပ်တိုးရခဲ့ကြကြောင်း ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ 

မုတ်သုံရာသီက အရာအားလုံးကို ပိုပြီးဆိုးရွားသွားလာစေခဲ့ပါတယ်။ ရေကြီးရေလျှံမှုတွေက ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ အဆောက်အအုံတွေကို ပျက်စီးစေနိုင်သလို ရေရင်းမြစ်တွေကိုလည်း ညစ်ညမ်းစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ငလျင်ဘေးရှောင် မိသားစုတွေများစွာ ယာယီခိုလှုံနေရတဲ့ နေရာတွေမှာ အစုလိုက်ရောဂါ ဖြစ်ပွားမှုတွေကိုလည်း တိုးလာစေနိုင်ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

အားလုံးထဲမှာမှ ကလေးသူငယ်တွေဟာ အများဆုံး ထိခိုက်ခံစားနေရပါတယ်  

ပညာသင်ကြားရန် အခွင့်အရေးများ ထပ်ဆင့်ဆုံးရှုံးခြင်း - ကလေးအများအပြားမှာ တိုက်ပွဲတွေကြောင့် သူတို့ရဲ့ ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးနေကြပါတယ်။ အခုဆိုရင် ငလျင်ကြောင့် စာသင်ကျောင်းပေါင်း ၂,၆၀၀ ကျော် ပျက်စီးသွားတဲ့အတွက် ပညာသင်ကြားရေး ပြန်စဖို့က ပိုလို့တောင် ခက်ခဲလာခဲ့ပါတယ်။ 

စိတ်ကျန်းမာရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာ - နှစ်ရှည်လများ ပဋိပက္ခတွေနဲ့ ထိတွေ့ခဲ့ရတဲ့အပြင် ယခုအခါ ငလျင်ဘေးကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေက အမှန်တကယ်ကို ဆိုးရွားလာနေပါတယ်။ မကြာသေးမီက စစ်တမ်းတစ်ခုအရ ဆယ်ကျော်သက် ၄၀ ရာခိုင်နှုန်းနီးပါးက စိုးရိမ်စိတ်လွန်ကဲမှုကို ခံစားနေကြရပြီး တစ်ဝက်နီးပါးခန့်က သူတို့မှာ သင့်တော်တဲ့စိတ်ကျန်းမာရေး ပံ့ပိုးမှုမရှိဘူးလို့ ခံစားနေကြရပါတယ်။ 

အာဟာရချို့တဲ့မှုအန္တရာယ်မြင့်တက်ခြင်း - အစားအသောက်၊ ဝင်ငွေနှင့် အခြား အာဟာရဝန်ဆောင်မှုများ ဆုံးရှုံးခြင်းတို့ကြောင့် အထူးသဖြင့်ငါးနှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာဟာရချို့တဲ့မှု အန္တရာယ်ကို မြင့်တက်စေပါတယ်။ 

မလုံခြုံတဲ့ အခြေအနေတွေမှာ နေထိုင်ရခြင်း - ထောင်ပေါင်းများစွာသော မိသားစုတွေဟာ ပြင်းထန်တဲ့ရာသီဥတုကို အကာအကွယ်မပေးနိုင်တဲ့ ယာယီအဆောက်အအုံတွေမှာ ကျပ်ကျပ်တည်းတည်းနေထိုင်နေကြရပြီး ကလေးငယ်တွေအနေနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနဲ့ အလွဲသုံးစားပြုခြင်းအန္တရာယ်တွေကို ရင်ဆိုင်နေရပါတယ်။ 

 

ယူနီဆက်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်နေပါသလဲ။ 

ယူနီဆက်က ဘေးဒုက္ခကြုံတွေ့နေရတဲ့ ဒေသတွေက လူမှုအသိုင်းအဝိုင်း မိတ်ဖက်တွေနဲ့ လက်တွဲပြီး လိုအပ်တဲ့နေရာတွေမှာ အသက်ကယ်ထောက်ပံ့ရေး အကူအညီတွေ ပေးအပ်လျက်ရှိပါတယ်။ ကလေးတွေနဲ့ မိသားစုတွေအတွက် သန့်ရှင်းတဲ့ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှသည် ပညာရေး၊ အာဟာရ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအထိ ပံ့ပိုးပေးလျက်ရှိသည့်တိုင် လိုအပ်ချက်အတိုင်းအတာမှာ ကြီးမားနေဆဲဖြစ်ပါတယ်။ 

ရေ ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု 

လူဦးရေ ၆ သိန်းကျော်အတွက် ရေသန့်ပစ္စည်းတွေအပြင် ယာယီဖြန့်ဖြူးရေးနေရာတွေကနေ ရေသန့်ဖြန့်ဝေခြင်းတို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ 

ကျန်းမာရေးနှင့် အာဟာရ 

ကလေးငယ် ၂၈,၀၀၀ အပါအဝင် လူပေါင်း ၁၂၂,၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။ 

ထိခိုက်မှုအများဆုံးမြို့နယ် ၃၁ ခုသို့ မက်ထရစ်တန်ချိန် ၁၁၀ ကျော်ရှိ အခြေခံကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ 

အာဟာရချို့တဲ့မှုကို ကုသရန်အတွက် ကလေးငယ် ၇,၇၉၂ ဦးက အနုအာဟာရမှုန့်များ လက်ခံရရှိခဲ့ကြပါတယ်။ 

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး 

ကလေးငယ် ၅၀, ၉၇၄ ဦးအပါအဝင် လူပေါင်း ၇၃,၀၀၀ ကျော်ကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့ပါတယ်။ 

ကလေးငယ်ပေါင်း ၂၃,၀၀၀ ကျော်မှာ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းများမှ အကျိုးခံစားခွင့်ရရှိခဲ့ကြပါတယ်။ 

ပညာရေး  

ကရင်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ကလေးသူငယ် ၇၆,၀၀၀ ဦးအား အရေးပေါ် ပညာရေးအထောက်အပံ့များ ပေးအပ်ခဲ့ပါတယ်။ 

ကလေး ၁၇,၀၀၀ ကျော်ကို ယာယီသင်ကြားရေးနေရာများ၊ ကျောင်းယာယီတဲများနဲ့ မရှိမဖြစ်လိုအပ်တဲ့ သင်ယူရေးပစ္စည်းများမှတစ်ဆင့် သင်ယူမှုကိုပြန်လည်စတင်ရန် အထောက်အပံ့ပေးထားပါတယ်။ 

ငွေသားထောက်ပံ့ကြေး 

အဆိုးရွားဆုံးထိခိုက်ခံရသော မြို့နယ်တွေက ကလေးသူငယ်နဲ့ လူကြီး ၄၄,၆၅၁ ဦးကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် သုံးစွဲနိုင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး မိသားစုတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ 

မသန်စွမ်းကလေးများကို စောင့်ရှောက်သူများအပါအဝင် ထိခိုက်လွယ်ဆုံးအိမ်ထောင်စုများကို ဦးစားပေးခဲ့ပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အကူအညီများစွာလိုအပ်နေပါသေးတယ် 

သိသာထင်ရှားတဲ့ တိုးတက်မှုများရှိတဲ့တိုင် ကြီးမားတဲ့လစ်ဟာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ရန်ပုံငွေပြတ်လပ်မှုတွေက အသက်ကယ်နဲ့ အရေးကြီး ဝန်ဆောင်မှုတွေကို ခြိမ်းခြောက်နေတဲ့ အပြင် မုတ်သုံရာသီက နေရပ်စွန့်ခွာသူတွေနဲ့ ငလျင်ဘေးသင့်မိသားစုတွေအတွက် အခြေအနေတွေကို ပိုပြီးဆိုးရွားစေပါတယ်။ 

ကလေးတွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။ ပြန်လည်ထူထောင်ရေး လမ်းကြောင်းက ရှည်လျားပြီး ရေရှည်ခိုင်မြဲတဲ့ ငွေကြေးထောက်ပံ့မှု မရှိရင် မျိုးဆက်တစ်ခုလုံး နောက်ကျန်နေခဲ့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ 

 

ဘယ်လိုကူညီပေးနိုင်မလဲ 

သင့်လှူဒါန်းမှုက ပံ့ပိုးပေးနိုင်တာက - 

  • ရွှေ့ပြောင်းနေထိုင်ရာနေရာတွေမှာ နေထိုင်တဲ့ မိသားစုတွေအတွက် သန့်ရှင်းတဲ့ရေ
  • ကလေးတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ ယာယီသင်ကြားရေးနေရာတွေ
  • စိတ်ဒဏ်ရာရကလေးများနဲ့ မိသားစုများအတွက်စိတ်ကျန်းမာရေးအထောက်အပံ့
  • အာဟာရချို့တဲ့သူ ကလေးငယ်တွေအတွက် အာဟာရစစ်ဆေးခြင်းနှင့် ကုသခြင်း
  • မိသားစုများအား ၎င်းတို့ရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဂုဏ်သိက္ခာရှိရှိ ဖြည့်ဆည်းပေးနိုင်မည့် ငွေသားထောက်ပံ့ကြေး 

မျှော်လင့်ချက် ရှင်သန်ရာ ဇာတ်ကြောင်းများကို ဖတ်ရှုရန်

ဦးသန့်အိမ်ရာတွင် နေ့စဉ်ထိတွေ့ခံစားရမည့် ငြိမ်းချမ်းရေး

မြန်မာနိုင်ငံတွင် ကျင်းပသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတည်ဆောက်မှု ရက်သတ္တပတ် လှုပ်ရှားမှုများ

အကြောင်းအရာများကိုဖတ်ရှုပါ

ပဋိပက္ခကြောင့် နေအိမ်နှင့် ဝေးကွာနေရသည့် မြန်မာကလေးငယ်များ

ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့များသည် မြန်မာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး

အကြောင်းအရာများကိုဖတ်ရှုပါ

အနီရောင်ဇုန်မှသည် အာဟာရပြည့်ဝခြင်းဆီသို့ခရီးစဉ်

ပြင်းထန်အာဟာရချို့တဲ့နေသည့်ကလေးငယ်တစ်ဦး ပြန်လည်သက်သာလာအောင် အသင့်သုံးကုထုံးအစားအစားနှင့် ရပ်ရွာကျန်းမာရေးလုပ်သားများက ကူညီပေးခဲ့ပုံ

အကြောင်းအရာများကိုဖတ်ရှုပါ

စက္ကူဖိနပ်ကလေးများမှသည် တောက်ပသောအနာဂတ်ဆီ

ကာကွယ်ဆေး၏ အကာအကွယ်အောက်တွင် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်တို့သည် သူတို့၏ အိပ်မက်များကို စတင်ပုံဖော်နေကြပြီဖြစ်သည်

အကြောင်းအရာများကိုဖတ်ရှုပါ

နောက်ဆုံးရ အစီရင်ခံစာများ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဖြစ်ရပ်သတင်း

အကြောင်းအရာ အချက်အလက် (ဇန်နဝါရီ-မတ် ၂၀၂၆)

Report အပြည့်အစုံကိုကြည့်ပါ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဖြစ်ရပ်သတင်း

အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇန်နဝါရီ-ဒီဇင်ဘာ)

Report အပြည့်အစုံကိုကြည့်ပါ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဖြစ်ရပ်သတင်း

အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇွန်လိုင် - စက်တင်ဘာ)

Report အပြည့်အစုံကိုကြည့်ပါ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဖြစ်ရပ်သတင်း

အကြောင်းအရာ အချက်အလက် (၂၀၂၅ ခုနှစ် ဇန်နဝါရီ - ဇွန်)

Report အပြည့်အစုံကိုကြည့်ပါ