ငလျင်ကြီးအပြီး ကြောက်ရွံ့မှုမှသည် စာသင်ခန်းများဆီသို့
ငလျင်လှုပ်ပြီး တစ်နှစ်ကျော်အကြာမှာတော့၊ ယူနီဆက် သင်တန်းဆင်း ဆရာ၊ ဆရာမတွေဟာ စာသင်ယူခြင်း၊ ဆော့ကစားခြင်းနဲ့ သူငယ်ချင်းအချင်းချင်း ဖေးမမှုတွေကတစ်ဆင့် ကလေးတွေရဲ့ ယုံကြည်မှု ပြန်လည်ရရှိလာအောင် ကူညီပေးနေကြပါတယ်။
- English
- မြန်မာ
၂၀၂၅ ခုနှစ် မတ်လမှာ ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း စာသင်ခန်းတွေပြန်ဖွင့်လှစ်ခဲ့ချိန်မှာ ကလေးအတော်များများက ကျောင်းပြန်တက်ရမှာ ကြောက်ရွံ့နေဆဲဖြစ်တာကို ဆရာမ ဒေါ်အေးအေးအောင်တစ်ယောက် သတိပြုမိခဲ့ပါတယ်။
ကျောင်းသားလေးတချို့ဆိုရင် "ငလျင်"ဆိုတဲ့ စကားလုံးလေးကြားရုံနဲ့ မျက်နှာလေး ညှိုးငယ်သွားကြတယ်။ တချို့ကျောင်းသားလေးတွေကတော့ စာသင်ခန်းထဲမှာ ထိုင်နေရင်း ငလျင်ထပ်လှုပ်မှာကို စိုးရိမ်နေတတ်ကြတယ်။ ထပ်ခါထပ်ခါလှုပ်နေတဲ့ နောက်ဆက်တွဲငလျင်ငယ်တွေနဲ့ ပျက်စီးနေတဲ့ ကျောင်းအဆောက်အအုံတွေကြောင့် ကလေးတွေဟာ ဘေးကင်းလုံခြုံတယ်လို့ ခံစားရဖို့ ခက်ခဲနေခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုက ဆရာမဖြစ်သူ ဒေါ်အေးအေးအောင်က "အဲဒီအချိန်တုန်းက ကလေးတွေ တော်တော်ကြောက်နေခဲ့ကြတာ။ တချို့ငယ်တဲ့ကလေးလေးတွေဆို ငလျင်အကြောင်း ပြောသံကြားတာနဲ့ ငိုတောင်ငိုကြတယ်" လို့ ပြောပြပါတယ်။
ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ငလျင်ကြောင့် ကျောင်းအဆောက်အအုံတွေ ပျက်စီးသွားပြီးနောက် လအတော်ကြာတဲ့အထိ ယာယီသင်ကြားရေးနေရာတွေမှာ သင်ကြားခဲ့ကြရပါတယ်။ ယာယီစာသင်ခန်းတွေက ပူအိုက်လွန်းလှသလို မိုးလည်း မလုံပါဘူး။
စာသင်ခန်းတွေ ပြန်ဖွင့်တာ တစ်နှစ်ကျော်ကြာပြီးနောက်မှာတော့ ဆရာမဒေါ်အေးအေးအောင်က ပြောင်းလဲမှုတွေကို မြင်တွေ့လာရပါတယ်။
ကလေးတွေက အရေးကြီးတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်လေးတွေကို ပြန်လည်လုပ်ဆောင်လာနိုင်ကြပါတယ်။ ဒီလုပ်ရိုးလုပ်စဉ်တွေကတော့ စာသင်ခန်းထဲမှာ သင်ယူတာ၊ စာဖတ်တာ၊ သူငယ်ချင်းတွေနဲ့ကစားတာ၊ သူတို့ခံစားနေရတဲ့အကြောင်းတွေကို အချင်းချင်းမျှဝေတာနဲ့ အရေးပေါ်အခြေအနေ ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲဆိုတာကို လေ့ကျင့်တာတို့ပဲ ဖြစ်ပါတယ်။
ယူနီဆက်က ပံ့ပိုးပေးထားတဲ့သင်တန်းကတစ်ဆင့် ဆရာမဒေါ်အေးအေးအောင်က ကလေးတွေ သူတို့စိတ်ခံစားချက်တွေကို ဖော်ပြနိုင်အောင် ကူညီပေးတဲ့ နည်းလမ်းအသစ်တွေကို သိရှိခဲ့ရပါတယ်။ လှုပ်ရှားမှုတစ်ခုမှာတော့ ကလေးတွေက လက်ငါးချောင်းပုံစံဆွဲထားတဲ့ ရောင်စုံစာရွက်အပိုင်းလေးတွေပေါ်မှာ သူတို့အတွေးတွေကို ချရေးကြပါတယ်။ ဒီလိုရိုးရှင်းတဲ့လုပ်ဆောင်ချက်လေးက ကလေးတွေအနေနဲ့ ရှင်းပြဖို့မလွယ်ကူတဲ့ ခံစားချက်တွေအကြောင်း ပြောဖို့ အခွင့်အရေးကို ရစေပါတယ်။
ယူနီဆက်က ပေးတဲ့ သင်တန်းတက်ပြီးနောက်မှာ ကလေးတွေရဲ့ စိတ်ချမ်းသာရေးကို ဘယ်လိုပံ့ပိုးပေးရမယ်၊ သူတို့ကို ဘယ်လိုအားပေးရမယ်၊ သူတို့ကို ဘယ်လိုနှစ်သိမ့်ပေးရမယ်ဆိုတာတွေ ကျွန်မ နားလည်လာတယ်" လို့ ဆရာမက ပြောပြပါတယ်။
ပြောင်းလဲမှုက ဒီလိုလုပ်ဆောင်နေချိန်အတွင်းမှာပဲ မဟုတ်ဘဲ တခြားအရာတွေမှာပါ သက်ရောက်မှုရှိခဲ့ပါတယ်။
“အရင်က ကလေးတွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း ပွင့်ပွင့်လင်းလင်း သိပ်မပြောရဲကြဘူး။ အခုတော့ သူတို့က သူတို့ရဲ့ စိတ်ထဲမှာခံစားနေရတာကို ပိုပြီးပြောချင်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကူညီပေးရမလဲဆိုတာကို သိလာကြပြီ” လို့ ဆရာမ ဒေါ်အေးအေးအောင်က ပြောပြပါတယ်။ “သူတို့က သူငယ်ချင်းတစ်ယောက် အခက်အခဲရှိနေတာကို မြင်တဲ့အခါ အားပေးဖို့ ကြိုးစားကြတယ်။ သူတို့မကူညီနိုင်ရင် ဆရာမကိုလာပြောပြတယ်"။
အသက် ၁၃ နှစ်အရွယ် စိုးထက်မောင်အတွက် စာသင်ခန်းထဲ ပြန်ဝင်ရခြင်းက အရင်လောက် ကြောက်စရာမကောင်းတော့ပါ။
ငလျင်လှုပ်ပြီးနောက်ပိုင်း ပထမဆုံး ကျောင်းပြန်တက်ချိန်တုန်းကတော့ ထပ်တလဲလဲ လှုပ်နေတဲ့ နောက်ဆက်တွဲငလျင်ငယ်တွေနဲ့ ကျောင်းအဆောက်အအုံတွေပေါ်က အက်ကြောင်းရာကြီးတွေကြောင့် အစိုးရိမ်ကြီးခဲ့ရပါတယ်။ ဒီနေ့မှာတော့ ငလျင်ထပ်လှုပ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာ သူသိလာပြီလို့ ဆိုပါတယ်။
"ငလျင်လှုပ်ရင် ခေါင်းကိုလက်နဲ့ကာပြီး စုရပ်နေရာကို သွားရမယ်လို့ သားတို့ကို သင်ထားတယ်" လို့ သူက ဆိုပါတယ်။ "ကျောင်းဆောင်တွေကိုလည်း ပြန်ပြီးပြင်ထားပြီဆိုတော့ ဒီနှစ် သားသိပ်မကြောက်တော့ဘူး။"
ကျောပိုးအိတ်နဲ့ အခြားသင်ကြားရေးပစ္စည်းတွေ ရရှိတဲ့အတွက်လည်း သူက ဝမ်းသာနေခဲ့ပါတယ်။ "ကျောပိုးအိတ်ကို သားအကြိုက်ဆုံးပဲ။ သားအတွက် ကျောပိုးအိတ်ဖိုး အမေ ပိုက်ဆံမကုန်တော့ဘူး" လို့ သူက ဆိုပါတယ်။
မိခင်ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်ချိုမာဝင်းက ကွာခြားချက်ကို တွေ့မြင်ခဲ့ပါတယ်။ သားလေး စာဖတ်နေချိန်ဘေးမှာ ထိုင်ရင်း သားဖြစ်သူ အခုလို စာဆက်သင်နိုင်တာကို မြင်ရတာ ဝမ်းသာတယ်လို့ ပြောပါတယ်။
"သူ စာဖတ်နေတာ၊ ကျောင်းပြန်တက်နိုင်တာကို မြင်ရတာ ကျွန်မ သိပ်စိတ်ချမ်းသာတယ်။ သူရတဲ့ ကျောင်းသုံးပစ္စည်းတွေကလည်း သူ့အတွက် သိပ်အသုံးဝင်တယ်။ အမေတစ်ယောက်အနေနဲ့ သူ့ကို စာဆက်သင်စေချင်တယ်၊ အနာဂတ်ကောင်းကောင်းရစေချင်တယ်" လို့ ပြောပြပါတယ်။
ဆရာမ ဒေါ်စုရီတိုးက ဒီဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ သင်ကြားလာခဲ့သည်မှာ လေးနှစ်ရှိပြီဖြစ်ပါတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်း ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာ စာသင်ခန်းတွေ မလုံလောက်တဲ့အတွက် သံဃာတော်တွေ နေတဲ့နေရာမှာ စာသင်ခဲ့ကြရပါတယ်။ နေရာတွေက ကျပ်ညပ်ပြီး ကလေးတွေ သင်ယူဖို့ သက်သောင့်သက်သာ သိပ်မရှိခဲ့ပါဘူး။
နောက်ပိုင်းမှာ ဆောက်ပေးထားတဲ့ ယာယီသင်ကြားရေးနေရာတွေက ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ ဆရာမဒေါ်စုရီတိုးအတွက်တော့ ဆရာနည်းပြသင်တန်းက သင်ကြားရေးပစ္စည်းတွေလိုပဲ အရေးကြီးလှပါတယ်။
“အရင်ကဆိုရင် ငလျင်လှုပ်တဲ့အခါ ကလေးတွေ ပြေးရမယ်ဆိုတာပဲ သိခဲ့ကြတယ်။ သင်တန်းတက်ပြီးတဲ့နောက်မှာတော့ ကလေးတွေက ခေါင်းကိုကာပြီး စုရပ်နေရာကို စနစ်တကျသွားရမယ်ဆိုတာ သိလာခဲ့တယ်" လို့ ဆရာမက ပြောပါတယ်။
အခုအခါမှာ ဆရာမက ကျောင်းသားတွေနဲ့အတူ အရေးပေါ်လေ့ကျင့်ခန်းတွေကို လေ့ကျင့်ပေးပြီး အရေးပေါ်အခြေအနေတစ်ခု မဖြစ်ခင်နဲ့ ဖြစ်လာတဲ့အချိန်မှာ ပိုပြီး ဘေးအန္တရာယ်ကင်းကင်းနဲ့ တုံ့ပြန်ဖြေရှင်းနိုင်အောင် ကူညီပေးနေပါတယ်။
အသက် ၁၁ နှစ်အရွယ် ဘုန်းပြည့်စုံက ဒီလိုလေ့ကျင့်ခန်းက သူ့ရဲ့ ကြောက်စိတ်ကို လျော့စေတယ်လို့ ပြောပြပါတယ်။
"ငလျင်လှုပ်ရင် သား နည်းနည်းတော့ကြောက်နေတုန်းပဲ ဒါပေမဲ့ မနှစ်တုန်းကလောက်တော့ မကြောက်တော့ဘူး။ ဘာလုပ်ရမယ်ဆိုတာကို သားတို့ ဆရာမတွေနဲ့အတူတူ လေ့ကျင့်ထားတယ်" လို့ သူက ပြောပြပါတယ်။
ကျောင်းသားတွေက ကိုယ်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဝမ်းနည်းနေတဲ့အချိန်မှာ ဘယ်လို စကားပြောပေးရမယ်၊ စိုးရိမ်နေတဲ့ အတန်းဖော်တွေကို ဘယ်လိုအားပေးရမယ်ဆိုတာကိုလည်း သင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဘုန်းပြည့်စုံအတွက် ဒီလေ့ကျင့်ခန်းတွေက အတူတကွ လေ့လာဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
"ငလျင်လှုပ်ရင် ဘယ်ကိုသွားရမှာလဲဆိုတာကို သားတို့လေ့ကျင့်ရတာ ပျော်ဖို့လည်းကောင်းတယ်။ သူငယ်ချင်းအများကြီးနဲ့ အတူလုပ်ရတာဆိုတော့ ကစားနေရသလိုပဲ" လို့ သူကပြောပြပါတယ်။
ယူနီဆက် ပညာရေးအရာရှိ ဦးဇေယျာဟိန်းအောင်က ငလျင်ကြီးလှုပ်ပြီး ကနဦး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ ယခုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာတော့ ဒီဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆီကို ပြန်လည်ရောက်ရှိလာပါတယ်။
“ငလျင်လှုပ်ပြီးစ အစောပိုင်းကာလတွေတုန်းကဆိုရင် ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေဟာ အလွန်ခက်ခဲကျပ်တည်းတဲ့ အခြေအနေတွေကြားထဲကနေ ပညာဆက်သင်နိုင်ဖို့ ကြိုးစားခဲ့ကြရပါတယ်” လို့ သူက ဆိုပါတယ်။ “တစ်နှစ်ကျော် ကြာလာတဲ့အခါမှာတော့ ကလေးတွေ စာသင်ခန်းထဲ ပြန်ရောက်လာပြီး စာဖတ်တာ၊ ဆော့ကစားတာနဲ့ သူငယ်ချင်းတွေနဲ့အတူ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာကို မြင်တွေ့ရတာဟာ တကယ်ကို အားတက်စရာပါပဲ။ ဆရာ၊ ဆရာမတွေဟာလည်း ကလေးတွေကို ပံ့ပိုးပေးဖို့နဲ့ အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်နိုင်အောင် ကူညီပေးတဲ့နေရာမှာ ပိုပြီး ယုံကြည်မှု ရှိလာကြပါပြီ။”
ဂျပန်အစိုးရရဲ့ သဒ္ဒါထက်သန်လှစွာ ပံ့ပိုးပေးထားတဲ့ ရန်ပုံငွေနဲ့အတူ ယူနီဆက်က မြန်မာနိုင်ငံ အလယ်ပိုင်းရှိ သင်ကြားရေးစင်တာ ၁၄၆ ခုကို ယာယီသင်ကြားရေးနေရာများ၊ တစ်ဦးချင်းအလိုက် သင်ထောက်ကူပစ္စည်းများ၊ သင်ကြားရေး သင်ယူရေး သင်ထောက်ကူပစ္စည်းများနှင့် အပန်းဖြေပစ္စည်းများ၊ ဆရာများအတွက် သင်တန်းများကို ပံ့ပိုးပေးထားပါတယ်။ ဒီပံ့ပိုးမှုက ကလေးတွေကို ဆက်လက်ပညာသင်ယူနိုင်အောင် ကူညီပေးနိုင်သလို ဆရာဆရာမတွေအတွက်လည်း ဘေးကင်းလုံခြုံပြီး အထောက်အပံ့ကောင်းပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်အောင်လည်း ကူညီပေးပါတယ်။
ငလျင်လှုပ်ပြီး တစ်နှစ်ကျော်လာတဲ့တိုင် ပြန်လည်ထူထောင်ရေးတွေကတော့ ဆက်လုပ်နေရဆဲပါ။ ဒါပေမယ့် ဒီဒေသတစ်ဝိုက်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာတော့ စာပြန်သင်နိုင်ဖို့အတွက် အရေးပါတဲ့ နေ့စဉ်လုပ်ရှားမှုလေးတွေကို ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေ အတူတူ ပြန်လည်တည်ဆောက်နေကြပါပြီ။
ဆရာမ ဒေါ်အေးအေးအောင်နဲ့ ဒေါ်ဆုရည်တိုးတို့အတွက်တော့ ပြန်လည်ထူထောင်ရေးဆိုတာ အဲဒါပါပဲ။ စာသင်ခန်းတွေ၊ ကျောင်းသုံးပစ္စည်းတွေ ပြန်ရလာတာလောက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးတွေက ကိုယ့်ကိုယ်ကိုယ်ရော၊ သူငယ်ချင်းအချင်းချင်းအပြင် သူတို့ကို ဝိုင်းဝန်းကူညီပေးနေတဲ့ လူကြီးတွေအပေါ်မှာပါ ယုံကြည်မှုတွေ ပိုတိုးလာပြီး စာသင်ခန်းထဲ ပြန်ရောက်လာနိုင်တာကို ဆိုလိုတာပါ။