မျှော်လင့်ချက်တို့ မှီတွယ်ရာ - ကလေးငယ်များအတွက် မျှော်လင့်ချက်ပြည့်ဝတဲ့ အနာဂတ်များ တည်ဆောက်ပေး

စာသင်ကျောင်းတွေကနေ စစ်ဘေးရှောင်စခန်းတွေအထိ၊ ဂျပန်ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုဟာ ကချင်ပြည်နယ်က ကလေးတွေကို ပညာသင်ယူဖို့၊ စိတ်ဒဏ်ရာတွေ ကုစားဖို့နဲ့ မျှော်လင့်ချက်တွေ ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနေပါတယ်။

UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2026/Hkun Ring
11 စက်တင်ဘာလ 2026

မနက်တိုင်း အိမ်အနီးအနားက ကလေးငယ်တွေ ကျောင်းတက်ဖို့သွားကြတဲ့အချိန်မှာ ၈နှစ်အရွယ် ခရစ္စတီးနားလေးကတော့ အိမ်ပြတင်းပေါက်ကနေပဲ ကလေးတွေ ကျောင်းတက်သွားကြတာကို တိတ်တိတ်လေး ကြည့်နေခဲ့ရပါတယ်။ ဒီအခိုက်အတန့်တွေဟာ အသံတိတ်အသည်းကွဲရတဲ့ အချိန်တွေအဖြစ် အချိန်အကြာကြီးရှိနေခဲ့ပါတယ်။ ပြင်းထန်တဲ့အဖျားရောဂါတစ်ခုဖြစ်ပြီးနောက်ပိုင်း ကိုယ့်ဘာသာ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေ မလုပ်နိုင်တော့တဲ့ ခရစ္စတီးနားလေးအတွက် ကျောင်းသွားတက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး။ ဒီတော့ ပြင်ပကမ္ဘာကြီးတစ်ခုလုံးကရှေ့ဆက်လျှောက်လှမ်းနေတဲ့အချိန်မှာ သူကတော့ နောက်နားလေးမှာ တိတ်တိတ်လေး ကျန်နေခဲ့ရတာပေါ့။

ခရစ္စတီးနားရဲ့ မိခင်ဖြစ်သူက "တခြားကလေးတွေ ကျောင်းသွားတာမြင်တဲ့အခါတိုင်းကျွန်မငိုခဲ့ရတယ်။ ကျွန်မသမီးလေး စာသင်နိုင်ဖို့၊ သူလည်း သူများတွေလိုပဲ လုပ်နိုင်တယ်လို့ ခံစားနိုင်ဖို့ ကျွန်မ မျှော်လင့်ပြီး ဆုတောင်းနေခဲ့တာပါ" လို့ ပြောပြပါတယ်။

ဒီလိုပဲ မြစ်ကြီးနားမြို့က ၁၇ နှစ်အရွယ် ဂျူးဂျူးလေးမှာလည်း အလားတူဆန္ဒလေးတွေ အပြည့်နဲ့ပါ။ မွေးကင်းစအရွယ်တည်းက မသန်စွမ်းဖြစ်ခဲ့တဲ့ ဂျူးဂျူးလေးက သူငယ်ချင်းတွေနဲ့အတူတူ စာသင်နိုင်ပြီး သူ မလုပ်နိုင်တဲ့အရာတွေထက်သူ လုပ်နိုင်တဲ့အရာတွေကို အသိအမှတ်ပြုတဲ့ စာသင်ခန်းလေးတစ်ခုမှာ သင်ကြားနိုင်ဖို့ နှစ်ပေါင်းများစွာ ဆုတောင်းနေခဲ့ပါတယ်။

 

ဘယ်နေရာမှာပဲရှိနေနေကလေးတိုင်းကို ပံ့ပိုးပေးခြင်း

ခရစ္စတီးနားနဲ့ ဂျူးဂျူးတို့ မိသားစုနှစ်စုဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က Growing Seed မသန်စွမ်းစင်တာနဲ့ ချိတ်ဆက်မိချိန်မှာတော့ သူတို့ရဲ့ ဘဝလေးတွေ စတင်ပြောင်းလဲလာခဲ့ပါတော့တယ်။ ဂျပန်အစိုးရရဲ့ စေတနာထက်သန်လှတဲ့ [SW1] [NA2]  ငွေကြေးထောက်ပံ့မှုနဲ့အတူ ယူနီဆက်က ပံ့ပိုးပေးထားတဲ့ ဒီစင်တာက အားလုံးပါဝင်သင်ကြားနိုင်တဲ့ စာသင်ခန်း ပညာရေး၊ အိမ်မှာရော၊ စင်တာမှာပါ ပြုလုပ်ပေးတဲ့ ပြန်လည်ထူထောင်ရေး ကုထုံးလေ့ကျင့်ခန်းတွေ၊ အထောက်အကူပြု ကိရိယာတွေနဲ့ နှစ်လတစ်ကြိမ်ပေးတဲ့ ငွေသားထောက်ပံ့ကြေးစတဲ့ အရေးပါတဲ့ ပေါင်းစပ်ပံ့ပိုးမှုတွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Hkun Ring ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Growing Seed မသန်စွမ်းစင်တာတွင် စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ကလေးများကို နေ့စဉ်အသုံးပြုသည့် အရာဝတ္ထုများအကြောင်း သင်္ကေတပြ ဘာသာစကား အသုံးပြုသင်ကြားပြသနေစဉ်။

အိမ်မှာပဲနေနေရတဲ့ ခရစ္စတီးနားအတွက်တော့ ပံ့ပိုးမှုတွေက သူ့အိမ်တံခါးဝအထိ တိုက်ရိုက်ရောက်ရှိလာခဲ့ပါတယ်။ စိတ်ထားပြည့်ဝလှတဲ့ ဆရာဆရာမတွေနဲ့ ကုထုံးပညာရှင်တွေက အိမ်တိုင်ရာရောက် ပုံမှန်လာရောက်ကြည့်ရှုပေးပြီး လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ၊ အမှီအခိုမပါဘဲ လွတ်လပ်စွာ စားနိုင်ဖို့၊ နေ့စဉ်လုပ်နေကျအလုပ်တွေကို လုပ်နိုင်ဖို့ သူလုပ်နိုင်တဲ့နှုန်းလေးအတိုင်း လေ့ကျင့်နိုင်အောင် စိတ်ရှည်လက်ရှည် နည်းပြပေးကြပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ခရစ္စတီးနားလေးက သူ့ရဲ့ အားသာချက်ကို ပြန်ရှာတွေ့လာပြီး အပြုံးလေးတွေ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။

"အခုဆို သူ့ဆရာတွေ ရောက်လာပြီဆိုတာနဲ့ သူကသဘောတွေကျပြီး ပြုံးနေတာပဲ" လို့ခရစ္စတီးနားရဲ့ မိခင်က ဂုဏ်ယူဝမ်းမြောက်စွာပြောပြလာပါတယ်။ "နေ့တိုင်း သူမတ်တပ်ရပ်နိုင်ဖို့ လေ့ကျင့်နေတာ၊ ထပ်ထပ်ပြီး ကြိုးစားနေတာတွေကို မြင်ရတာက တစ်အိမ်လုံးကို အားရှိစေတယ်။"

UNICEF Myanmar
UNICEF Myanmar/2026/Hkun Ring ဂျပန်အစိုးရ၏ ငွေကြေးထောက်ပံ့ပြီး ယူနီဆက်၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့် Growing Seed မသန်စွမ်းစင်တာသည် မြစ်ကြီးနားမြို့ရှိ မသန်စွမ်းကလေးများအတွက် အားလုံးအကျုံးဝင်သည့် ပညာရေးနှင့် အိမ်တွင်းအခြေပြု ပြန်လည်ထူထောင်ရေးကို ပံ့ပိုးပေးလျှက်ရှိပါသည်။

ဂျူးဂျူးအတွက် စင်တာရဲ့ စာသင်ခန်းထဲ လမ်းလျှောက်ဝင်လာခြင်းက ခင်မင်ရင်းနှီးမှုတွေ၊ ဖွံ့ဖြိုးမှုတွေ ပြည့်နေတဲ့ တောက်ပတဲ့ လောကကြီး တစ်ခုထဲ လှမ်းဝင်လိုက်တာပဲဖြစ်ပါတယ်။ ဆရာဆရာမတွေနဲ့ ရွယ်တူသူငယ်ချင်းတွေကြားမှာ ဂျူးဂျူးလေးက အခြေခံ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုတွေကို သင်ယူရင်း ပျော်ရွှင်နေတဲ့ ကျောင်းသူလေးတစ်ယောက် ဖြစ်လာသလို ကိုယ့်ထက်ငယ်တဲ့ အတန်းဖော်ကျောင်းသားလေးတွေကို စောင့်ရှောက်ပေးတဲ့ အစ်မကြီးတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ဂျူးဂျူးက "တစ်နေ့ကျရင် သမီးက ဒီမှာ ဆရာမတစ်ယောက်ဖြစ်ချင်တယ်။ တခြားမသန်စွမ်း ကလေးတွေကို သူတို့ရဲ့အိပ်မက်တွေကလည်း အရေးကြီးတယ်ဆိုတာ နားလည်လာအောင် ကူညီပေးချင်တယ်" လို့ပြုံးရွှင်စွာ ပြောပြခဲ့ပါတယ်။

 

ကချင်ပြည်နယ်တခွင်ကချိတ်ဆက်မှုအခိုက်အတန့်များ

အဓိပ္ပါယ်ရှိရှိတိုးတက်လာကြတဲ့ ခရစ္စတီးနားနဲ့ ဂျူးဂျူးတို့ရဲ့ ဘဝတွေဟာ ကလေးတစ်ဦးချင်းစီရဲ့ လက်ရှိအခြေအနေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အံဝင်ခွင်ကျ ပံ့ပိုးကူညီပေးခြင်းရဲ့ အရေးပါမှုကို လက်တွေ့ပြလိုက်တာပဲဖြစ်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့အတူ ဂျပန်နိုင်ငံ သံရုံးတာဝန်ခံ Shogo Yoshitake လတ်တလော သွားရောက်ခဲ့တဲ့ မြစ်ကြီးနားခရီးစဉ်မှာ ဒီစုပေါင်းပံ့ပိုးမှုတွေက ကလေးသူငယ်တွေကို သူတို့ရဲ့ စာသင်ခန်းထဲမှာ၊ အိမ်မှာနဲ့ ရပ်ရွာလူထုအတွင်းမှာ ဘယ်လိုကာကွယ်ပေးနေသလဲဆိုတာ လက်တွေ့တွေ့မြင်ခဲ့ရပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Hkun Ring ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Growing Seed မသန်စွမ်းစင်တာအနီး ယူနီဆက်မှ ပံ့ပိုးပေးထားသည့် မရှိမဖြစ်လိုအပ်သည့် သင်ကြားရေးပက်ကေ့ချ်ထဲမှ ကျောပိုးအိတ်ကို လွယ်ထားသည့် ကလေးငယ်တစ်ဦးအား စောင့်ရှောက်သူတစ်ဦးနှင့်အတူ တွေ့ရစဉ်။

မသန်စွမ်းစင်တာရောက်ရှိချိန်မှာ Mr. Yoshitake က စာသင်ခန်းထဲမှာ ကလေးတွေနဲ့ တွေ့ဆုံခဲ့သလို ဝန်ထမ်းတွေ၊ စောင့်ရှောက်သူတွေနဲ့လည်း တွေ့ဆုံစကားပြောခဲ့ပါတယ်။ စင်တာမှာရှိတဲ့ စာသင်ခန်းတွေအကြောင်းနဲ့ ခရစ္စတီးနားလို ကလေးငယ်တွေကို ပံ့ပိုးပေးနေတဲ့ အိမ်တိုင်ရာရောက် ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ပံ့ပိုးရေးအစီအစဉ်တွေအကြောင်းတွေကို ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

မြစ်ကြီးနားမြို့အနီးက စစ်ဘေးရှောင်စခန်းတစ်ခုမှာတော့ ၁၁ နှစ်အရွယ်ကလေးမလေးဖြစ်တဲ့  ခေါ်မီးလေးက ယူနီဆက်ကပေးတဲ့ ကျောင်းလွယ်အိတ်အသစ်လေးရလို့ ဝမ်းသာနေပါတယ်။ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်လာရပြီးနောက်ပိုင်းမှာ ခေါ်မီးလေးအတွက် နေ့စဉ်လုပ်နေကျ လုပ်ရိုးလုပ်စဉ်အသစ်လေးတစ်ခု ရှိပါတယ်။ စာသင်တယ်၊ ကစားတယ်၊ တခြားကလေးတွေနဲ့အတူတူ ကစားတယ်။ သူ့အတွက် ဒီလွယ်အိတ်ကလေးက စာအုပ်ထည့်ရုံသက်သက်မဟုတ်ပါဘူး။ ဒါဟာ မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာတောင် ပညာဆက်သင်နိုင်ပြီးကလေးဘဝခံစားမှုကို ထိန်းထားနိုင်တဲ့ သင်္ကေတငယ်လေး တစ်ခုလည်းဖြစ်ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Hkun Ring Mr. Yoshitake က မြစ်ကြီးနားမြို့အနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ယူနီဆက်မှ ပံ့ပိုးပေးထားသော "I Support My Friends” ဟူသည့် စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းပံ့ပိုးမှုဆွေးနွေးပွဲအတွင်း ကလေးများနှင့် တွေ့ဆုံစကားပြောစဉ်။

စစ်ဘေးရှောင်စခန်းအတွင်းက ကလေးပျော်နေရာမှာလည်း ဒီလို အေးချမ်းတဲ့ အငွေ့အသက်တွေကို ဆက်လက် ခံစားခဲ့ရပါတယ်။ အဲဒီမှာ ခေါ်မီးလေးနဲ့ အခြားကလေးတွေဟာ ယူနီဆက်ရဲ့ (I Support My Friend) အစီအစဉ်မှာ ပါဝင်နေကြတာပါ။ ကလေးတွေဟာ ဝိုင်းဖွဲ့ထိုင်ပြီး မိမိ ဒါမှမဟုတ် သူငယ်ချင်းတွေ စိုးရိမ်၊ ဝမ်းနည်း၊ ကြောက်ရွံ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းတွေကို သင်ယူနေကြပါတယ်။ Mr. Yoshitake ကလည်း ကလေးတွေနဲ့အတူ ခင်မင်ရင်းနှီးမှု၊ ဂရုစိုက်ပေးမှုနဲ့ အထီးကျန်မနေအောင် ကူညီပေးတဲ့ သေးငယ်တဲ့ အပြုအမူလေးတွေအကြောင်း ကလေးတွေ ပြောပြတာကို နွေးနွေးထွေးထွေး နားထောင်ပေးခဲ့ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Hkun Ring မြစ်ကြီးနားမြို့အနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းက နေအိမ်တွင် ခေါ်မီး၊ ၁၁ နှစ်အား ယူနီဆက်မှ ပံ့ပိုးပေးသည့် အပြာရောင်ကျောပိုးအိတ်နှင့်အတူ တွေ့ရစဉ်။

ခေါ်မီးလေးအတွက် ကျောင်းလွယ်အိတ်၊ ဘေးကင်းလုံခြုံတဲ့နေရာနဲ့ တခြားကလေးတွေနဲ့အတူ စာသင်ကြားနိုင်ခွင့်ဆိုတာ သေးငယ်ပေမယ့် လုံခြုံတဲ့စိတ်ခံစားချက်ကို ပြန်လည်ခံစားနိုင်စေယ့် အရေးပါတဲ့ ခြေလှမ်းတွေပဲဖြစ်ပါတယ်။ မသန်စွမ်းစင်တာနဲ့ စာသင်ကျောင်းတွေမှာ တွေ့မြင်ခဲ့ရတဲ့ပံ့ပိုးမှုတွေအရ လက်တွေ့ကျတဲ့ပံ့ပိုးမှုတွေဟာ ကလေးတွေကို ပညာဆက်လက်သင်ကြားနိုင်ဖို့၊ အချင်းချင်း ချိတ်ဆက်နိုင်ဖို့နဲ့ သူတို့ရဲ့ ပုံမှန်ဘဝတွေမှာ အဟန့်အတားတွေရှိနေချိန်မှာတောင် မျှော်လင့်ချက်တွေ ဆက်လက်ပြည့်ဝနိုင်စေဖို့ အထောက်အကူပြုတယ်ဆိုတာကို ပြသနေပါတယ်။

လေ့လာရေးခရီးစဉ်နဲ့ပတ်သက်ပြီး Mr. Yoshitake က "ဒီခရီးစဉ်ကနေ ကချင်ပြည်နယ်တစ်ဝန်းမှာရှိတဲ့ ကလေးတွေနဲ့ မိသားစုတွေဆီကို အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေ တကယ်ရောက်ရှိနေတာကို တွေ့ခဲ့ရပါတယ်။ မသန်စွမ်းကလေးစင်တာမှာပဲဖြစ်ဖြစ်၊ စာသင်ကျောင်းမှာပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်စခန်းထဲမှာပဲဖြစ်ဖြစ် ကလေးတွေဟာ ပညာသင်ယူဖို့၊ လုံခြုံမှု ခံစားရဖို့နဲ့ မျှော်လင့်ချက်တွေ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးတွေကို ပံ့ပိုးပေးနေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

 

အကျပ်အတည်းအမျိုးမျိုးအကြားခံနိုင်စွမ်းရည်တည်ဆောက်ခြင်း

ကချင်ပြည်နယ်က ကလေးတွေနဲ့ မိသားစုတွေအတွက် ပံ့ပိုးပေးမှုတွေ ရှိနေတာက နောက်ထပ်အခက်အခဲတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတာနဲ့ အခက်အခဲကြုံလာတဲ့အချိန်မှာ အားကိုးပြီး အကူအညီတောင်းလို့ရမယ့်သူ ရှိနေတာကြားမှာ ကြီးမားတဲ့ ခြားနားချက်တစ်ခု ဖြစ်စေနိုင်ပါတယ်။ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ မသန်စွမ်းကလေးတွေကို သင်ကြားရေးလက်လှမ်းမီဖို့၊ စစ်ဘေးရှောင်ကလေးငယ်တွေကို ဘေးကင်းလုံခြုံမှုနဲ့ စောင့်ရှောက်မှုရစေဖို့အပြင် မိသားစုတွေအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်ဖို့ ပံ့ပိုးပေးလျှက်ရှိပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း မိုးရေထဲ သားအဖနှစ်ဦးလမ်းလျှောက်သွားသည်ကို တွေ့ရစဉ်။

ကချင်ပြည်နယ်ဟာ ပဋိပက္ခ၊ စစ်ဘေးရှောင်နဲ့၊ ရေကြီးတာစတဲ့ စိန်ခေါ်မှုအမျိုးမျိုးကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေ ရှိနေတဲ့နေရာမှာ လက်ရှိအခြေအနေနဲ့ လိုအပ်ချက်တွေအတိုင်း လိုက်လျောညီထွေရှိတဲ့ အကူအညီတွေပေးနိုင်မယ်ဆိုရင်တော့ သူတို့အတွက် စိတ်တည်ငြိမ်မှုနဲ့ ရှေ့ဆက်နိုင်မယ့် မျှော်လင့်ချက်တွေကို ပြန်လည်ရရှိလာစေနိုင်ပါတယ်။ ခရစ္စတီးနား၊ ဂျူးဂျူးနဲ့ ခေါ်မီးတို့လို ကလေးငယ်တွေအတွက် ဒီလိုပံ့ပိုးမှုတွေက သင်ကြားရေးကို လက်လှမ်းမီစေနိုင်သလို သူတို့ရဲ့ ကိုယ်စိတ်ကောင်းကျိုးအတွက် ကာကွယ်ပေးနိုင်ပါတယ်၊ အနာဂတ်အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေကိုလည်း ပျိုးထောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။