အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ကစားခြင်းကတစ်ဆင့် ကလေးငယ်များ၏ စိတ်ဒဏ်ရာများကိုကုစားပေးခြင်း
ယူနီဆက်ရဲ့ ကလေးကစားစရာသေတ္တာတွေက ငလျင်ဘေးသင့် ကလေးငယ်တွေအတွက် ပျော်ရွှင်စွာဆော့ကစားနိုင်ဖို့၊ သင်ယူလေ့လာနိုင်ဖို့နဲ့ စိတ်ဒဏ်ရာသင့်ခြင်းတွေကို ကုစားပေးနိုင်ဖို့ အထောက်အကူပြု
- English
- မြန်မာ
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ကလေးငယ်တွေရဲ့ ဘဝဟာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားခဲ့ပါတယ် ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအား ၆.၄ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။ လူပေါင်း ၃,၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၄,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကလေးငယ် ၃ သန်းနီးပါး အပါအဝင် လူဦးရေသန်းပေါင်းများစွာဟာ အကူအညီတွေ အရေးတကြီး လိုအပ်နေကြပါတယ်။ အိုးအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ပြိုကျပျက်စီးခဲ့ပြီး မိသားစုတွေဟာ မိမိတို့ အိုးအိမ်တွေကို စွန့်ခွာနေထိုင်နေကြရပါတယ်။ အရင်ကတည်းက ခက်ခဲ့တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ကလေးငယ်တွေဟာ ပိုပြီးဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေ၊ မရေရာမသေချာမှုတွေကို ထပ်ပြီး ခါးစည်းရင်ဆိုင်နေကြရပြန်ပါတယ်။
မြေပြင်မှာရှိနေတဲ့ ယူနီဆက်အဖွဲ့တွေဟာ ကလေးငယ်တွေနဲ့ မိသားစုတွေဆီ အရေးပေါ်ပံ့ပိုးမှုတွေပေးနိုင်အောင် မနေမနား ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးနဲ့ အာဟာရ ထောက်ပံ့ပစ္စည်းတွေအပြင် ယူနီဆက်က ကလေးငယ်တွေရဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကိုပါ ဦးစားပေးဆောင်ရွက်နေပါတယ်။ ငလျင်ဘေးမှာ အထိခိုက်ဆုံး ကြုံတွေ့ခဲ့ရတဲ့ ရပ်ရွာအသိုက်အဝန်းတွေဆီကို စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်း ပံ့ပိုးရေးဝန်ဆောင်မှုတွေ၊ ကလေးကစားစရာသေတ္တာတွေကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒီကလေးကစားစရာသေတ္တာဟာ ငလျင်ဒဏ်သင့်ဒေသက ကလေးတွေအတွက် ကလေးသဘာဝ ပျော်ရွှင်စွာဆော့ကစားနိုင်ဖို့၊ လေ့လာသင်ယူနိုင်ဖို့အပြင် ပုံမှန်အခြေအနေကို ပြန်လည်ရရှိနိုင်ဖို့ အထောက်အကူပြုပါတယ်။
"ကလေးတွေက ကစားနေချိန်မှာဆိုရင် သူတို့ပတ်ဝန်းကျင်က ခက်ခဲတဲ့အခြေအနေတွေကို ခဏပဲဖြစ်ဖြစ်မေ့သွားပြီးတော့ ပျော်ရွှင်နေကြတာပဲ”လို့ ကိုယ်တိုင်ကလည်း ငလျင်ဘေးမှာ အိမ်ဆုံးရှုံးခဲ့ရသူ ယူနီဆက်ပညာရေးအရာရှိ မမြသူဇာက ကလေးများအတွက် ကစားစရာပစ္စည်းများကို ပံ့ပိုးပေးရင်း ပြောပြပါတယ်။
“ဒီလိုကစားတဲ့အခိုက်အတန့်လေးတွေက အပျော်သက်သက်မဟုတ်ပါဘူး။ သူတို့ပြန်ပြီး နာလန်ထူဖို့လမ်းကြောင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်လေးတွေပါပဲ။ ဒီအချိန်လေးတွေက ကလေးတွေရဲ့ ငလျင်အပြီး စိတ်ဒဏ်ရာတွေကို ကုစားနိုင်အောင်၊ လုံခြုံတဲ့စိတ်ခံစားချက်ကို ပြန်တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။"
ယူနီဆက်ရဲ့ ကလေးကစားစရာ သေတ္တာအထဲမှာ ဘောလုံး ၊ ဘော်လီဘော ၊ ဘတ်စကက်ဘော ၊ ကြိုး၊ မြေဖြူ ၊ လေ့ကျင့်ခန်းစာအုပ် ၊ ဝီစီ ၊ ကတ်ပြားဂိမ်း၊ ကစားစရာလေထီးတွေ စသဖြင့် အမျိုးအမည်ပေါင်း ၂၅ ခုကျော် ပါဝင်ပါတယ် ။ ဒီပစ္စည်းတွေကို သေချာသိမ်းဆည်းပြီး အလွယ်တကူ သယ်သွားလို့ရအောင် သော့ခတ်လို့ရတဲ့ သတ္တုပုံးလေးတွေနဲ့ ထုပ်ပိုးပေးထားပါတယ်။ ကိရိယာတစ်ခုစီမှာ တစ်ယောက်ချင်းရော၊ အုပ်စုလိုက်ပါ ကစားလို့ရတဲ့ ကစားနည်းတွေပါဝင်ပြီး အရေးပေါ်အခြေအနေကြုံတွေ့နေရတဲ့ ကလေးတွေအတွက် ပျော်ရွှင်စွာဆော့ကစားရင်း ခင်မင်ရင်းနှီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်းကို တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။
မိသားစုတွေက သူတို့ရဲ့ ဘဝတွေကိုပြန်လည်စတင်နေတဲ့အချိန်မှာ ဆော့ကစားခြင်းဖြင့် ကလေးတွေအတွက် မျှော်လင့်ချက်နဲ့ ခွန်အားတွေကို ပြန်လည်ရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်။ ဒီပျော်ရွှင်စရာ ချိတ်ဆက်မှုအခိုက်အတန့်တွေကတစ်ဆင့် ယူနီဆက်က ကလေးတိုင်း တစ်ဖန်ပြုံးပျော်နိုင်ဖို့နဲ့ အနာဂတ်ကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ပေးလျက်ရှိပါတယ်။