ရပ်ရွာလူထု အသံကိုနားထောင်ပြီး မျှော်လင့်ချက်များ ပြန်လည်ရှင်သန်စေခြင်း

ယူနီဆက်နှင့် ဂျပန်နိုင်ငံတို့ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ‌နေရပ်စွန့်ခွာတိမ်းရှောင်နေသည့် ကလေးငယ်များနှင့် မိသားစုများကို ပံ့ပိုးပေးနေ

UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar
10 မတ်လ 2026

တိတ်ဆိတ်တဲ့ မွန်းလွဲပိုင်းတစ်ခုမှာ ရှမ်းပြည်တောင်ပိုင်းက ဝါးနဲ့သစ်ပေါင်းပြီး ဆောက်လုပ်ထားတဲ့ သင်ကြားရေးအဆောက်အအုံငယ်လေးရဲ့အတွင်း ကနေ ကလေးငယ်တွေရဲ့ ရယ်မောသံလေးတွေ ထွက်ပေါ်နေပါတယ်။ ဒီအသံလေးတွေက လပေါင်းများစွာ ကြာမြင့်လာပြီဖြစ်တဲ့ မရေရာမှုတွေကို ခေတ္တခဏဆိုသလို မေ့ပျောက်သွားစေခဲ့ပါတယ်။ ပဋိပက္ခတွေ၊ စီးပွားရေးအခက်အခဲတအပြင် မတ်လတုန်းက ငလျင်ဘေးကနေ မုတ်သုံရေကြီးမှုတွေအထိ ထပ်တလဲလဲ ရင်ဆိုင်ခဲ့ရတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ မိသားစုတွေအတွက်တော့ ဒီနေရာလေးဟာ ပုံမှန်ဘဝကို ပြန်လည်ရရှိစေခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်ခြင်းကို ကိုယ်စားပြုနေတဲ့ အဖိုးတန်နေရာလေး တစ်ခုပါ။

ဒါတွေကတော့ ရှမ်းပြည်တောင်ပိုင်းက ကလေးငယ်တွေရဲ့ ကလေးဘဝကို ပုံဖော်ပေးနေတဲ့ လက်တွေ့အဖြစ်မှန်တွေဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ သံရုံးတာဝန်ခံ Shogo Yoshitake ရဲ့ ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရတဲ့ အခြေအနေမှန်တွေလည်း ဖြစ်ပါတယ်။ ရှမ်းပြည်တခွင်မှာ ရပ်ရွာအခြေပြု ဝန်ဆောင်မှုတွေက စိန်ခေါ်မှုများလှတဲ့ အခြေအနေကြားမှာ ကလေးတွေကို ဆက်လက်ပညာသင်နိုင်ဖို့နဲ့ အကာအကွယ်ပေးနိုင်ဖို့ကို အစွမ်းကုန် ကူညီပေးနေပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်မှု၊ စီးပွားရေး အခက်အခဲနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးငယ်တွေကိုလည်း အခုလို ဝိုင်းဝန်းပံ့ပိုး ကူညီပေးလျက် ရှိပါတယ်။

UNICEF Myanmar
UNICEF Myanmar Mr. Shogo Yoshitake က ရှမ်းပြည်နယ်ရှိ ယူနီဆက်မှပံ့ပိုးသည့် အားလုံးပါဝင်သင်ယူနိုင်သည့် သင်ကြားရေးစင်တာတစ်ခုရှိ ကလေးအားလုံးပါဝင်နိုင်သော သင်ကြားရေးလှုပ်ရှားမှုများကို ကြည့်ရှု့လေ့လာနေစဥ်

ကလေးတိုင်းမကျန်ရစ်စေရန် ပါဝင်ခွင့်ကို အဓိကထားလုပ်ဆောင်ခြင်း 

ယူနီဆက်နဲ့ ဒေသခံအဖွဲ့အစည်းတွေပူးပေါင်းပံ့ပိုးတဲ့ ညောင်ရွှေမြိုက အားလုံးပါဝင်သင်ယူနိုင်တဲ့ သင်ကြားရေးစင်တာမှာ မသန်စွမ်းကလေးတွေ ရဲ့  ပညာသင်ကြားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အထူးအလေးထား လုပ်ဆောင်ပေးနေပါတယ်။ ဒီလို အားလုံးပါဝင်နိုင်တဲ့ ရပ်ရွာအခြေပြု ဝန်ဆောင်မှုတွေက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပေးဖို့၊ သွားလာလှုပ်ရှားနိုင်စွမ်းကို တိုးတက်လာစေဖို့နဲ့ နေ့စဉ်ဘဝတွေမှာ တက်တက်ကြွကြွ ပါဝင်လာစေနိုင်စေဖို့ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ဒေသခံမိတ်ဖက်အဖွဲ့တွေက ရှင်းပြပါတယ်။ ဒီဝန်ဆောင်မှုတွေမှာ ပညာသင်ကြားရေး အထောက်အကူပြုတာတွေ မကပဲ  ခန္ဓာကိုယ်လှုပ်ရှားမှု  တိုးတက်စေတဲ့ ကုထုံးတွေနဲ့ မိဘစောင့်ရှောက်သူတွေအတွက်  လိုအပ်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်။ 

စောင့်ရှောက်သူတွေနဲ့ ဝန်ဆောင်မှုပေးသူတွေက အထူးဝန်ဆောင်မှုတွေရရှိဖို့ ခက်ခဲတဲ့ ဒေသမျိုးမှာ မိသားစုတွေအတွက် အခုလို ဒေသတွင်းမှာတင် ပုံမှန်ပံ့ပိုးမှုတွေ ရရဟာ အခက်အခဲတွေကို ဘယ်လောက် သက်သာစေလဲဆိုတာ ရှင်းပြခဲ့ကြပါတယ်။ အကျပ်အတည်း   ဆက်လက်ဖြစ်ပွားနေချိန်မှာ မသန်စွမ်းကလေးတွေ ကျန်ရစ်မနေစေဖို့ကိုလည်း ဦးစားပေးလုပ်ဆောင်ကြပါတယ်။ ဒီလိုအားလုံးပါဝင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေဟာ မိသားစုတွေနဲ့ ရပ်ရွာအသိုက်အဝန်းတွေကို ပိုပြီးကြံ့ခိုင်လာစေသလို အထိခိုက်လွယ်ဆုံးကလေးငယ်တွေအတွက်လည်း စဉ်ဆက်မပြတ် တိုးတက်မှုကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

UNICEF Myanmar
UNICEF Myanmar မ်းပြည်နယ်၊ စစ်ဘေးရှောင်နေရာတစ်ခုရှိ သင်ကြားရေးဌာနတစ်ခုတွင် Mr. Shogo Yoshitake က ကလေးများနှင့် ၎င်းတို့၏ မိဘများ ပါဝင်သည့် ကလေးများ၏သင်ယူမှုနှင့် ကိုယ်စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်စဉ်

ရွှေ့ပြောင်းနေထိုင်ရချိန်အတွင်း ပညာရေးနှင့်ကာကွယ်စောင့်ရှောက်ရေး 

စစ်ဘေးရှောင်စခန်းတစ်ခုသို့ သွားရောက်လေ့လာတဲ့အခါမှာတော့ ယူနီဆက်ကနေ ကလေးငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေအတွက် ပံ့ပိုးပေးထားတဲ့ ဘက်စုံပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေအပြင် ၊ ရေ၊ အိမ်သာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ငန်းတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဆရာမတွေနဲ့ ရပ်ရွာလူထုအဖွဲ့ဝင်တွေကတော့ ပညာသင်ကြားရေးနဲ့ ကလေးပျော်လှုပ်ရှားမှုတွေဟာ ကလေးတွေကို ပုံမှန်လုပ်ဆောင်နေကျ အလုပ်တွေမှာ အာရုံစိုက်နေစေဖို့၊ မိတ်ဆွေသူငယ်ချင်းတွေ ရရှိစေဖို့နဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ရာမှာ ဘယ်လိုအထောက်အကူပြုကြောင်းကို မျှဝေပြောပြခဲ့ကြပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ မိသားစုတွေကလည်း ဒီလိုရပ်ရွာအခြေပြု ပံ့ပိုးမှုတွေဟာ ထပ်တလဲလဲ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ သူတို့ ကလေးငယ်တွေအတွက် အားကိုးအားထားပြုရတဲ့ တည်ငြိမ်တဲ့ရင်းမြစ်တစ်ခု ဖြစ်လာကြောင်း  ရှင်းပြကြပါတယ်။ ဒီလိုပံ့ပိုးမှုတွေမှာ ကလေးငယ်တွေအတွက် သင်ကြားရေးနေရာတွေ၊ မိဘအုပ်ထိန်းမှုဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ဘေးကင်းစိတ်ချရတဲ့ လှုပ်ရှားမှုတွေလည်း စုံစုံလင်လင် ပါဝင်ပါတယ်။

ခရီးစဉ်တလျှောက်မှာ  ဂျပန်သံရုံးတာဝန်ခံဟာ မိသားစုတွေ၊ ရပ်ရွာလူထု လုပ်အားပေးတွေနဲ့ တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး သူတို့ရဲ့ အတွေ့အကြုံတွေနဲ့၊ ဦးစားပေးစေချင်တဲ့အရာတွေကို ကိုယ်တိုင်ကိုယ်ကျ နားထောင်ခဲ့ ပါတယ်။ ဒီလိုတွေ့ဆုံမှုကနေတစ်ဆင့် ကလေးတွေအကျိုးအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့   တိုးတက်မှုတွေရော၊ ဆက်လက်ရင်ဆိုင်ဖြေရှင်းရဦးမယ့် စိန်ခေါ်မှုတွေကိုပါ နားလည်သဘောပေါက်ခဲ့ပါတယ်။

"မိဘတွေက ပြောပြတဲ့ သူတို့ကလေးတွေအတွက် ဒီနေ့လိုအပ်ချက်တွေအကြောင်းနဲ့ မနက်ဖြန်တွေအတွက် မျှော်လင့်ချက်တွေအကြောင်းက ကျွန်တော့်စိတ်ထဲစွဲထင်နေပါတယ်။ မိသားစုတွေရဲ့ ကြံ့ခိုင်တဲ့ခံနိုင်စွမ်းရည်ကို တွေ့ခဲ့ရသလို ကျွန်တော်တို့ရဲ့  ပံ့ပိုးမှုတွေက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာတွေ ပြန်ရရှိအောင် ဘယ်လိုကူညီပေးနိုင်လဲဆိုတာကိုပါ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပါတယ်" လို့ Mr. Shogo Yoshitake က ဆိုပါတယ်။ 
 

ယုံကြည်မှုနှင့် ရေရှည်ခိုင်မြဲမှုအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေး 

ဒီခရီးစဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေအပြင် မကြာသေးခင်ကမှ လူပေါင်းများစွာကို ထိခိုက်စေခဲ့တဲ့ မတ်လ ၂၈ ရက်ငလျင်ဘေးကြီးနဲ့ မကြာခနဖြစ်နေတဲ့ ရေကြီးရေလျှံခြင်းလို သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခဲ့ကြတဲ့ ကလေးတွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ တိုးတက်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ လုပ်ဆောင်ပေးရမယ့် လိုအပ်ချက်တွေကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့ပါတယ်။ မိသားစုတွေနဲ့ ရပ်ရွာလူထုကတော့ လက်ရှိကြုံတွေ့နေရဆဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့နေရာမှာ ကလေးတွေရဲ့ အကျိုးကို ကာကွယ်ပေးဖို့၊ ပညာရေးကို လက်လှမ်းမီသင်ယူနိုင်စေဖို့နဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည်ခိုင်မာစေဖို့အတွက် ရေရှည်ခိုင်မြဲပြီး ပြောင်းသာပြင်လွယ်ရှိတဲ့ ပံ့ပိုးမှုတွေရရှိဖို့ အလွန်အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ကြပါတယ်။

ယူနီဆက်က ဂျပန်နိုင်ငံအပါအဝင် အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ဒေသခံအသိုက်အဝန်းတွေနဲ့ လက်တွဲကာ အလိုအပ်ဆုံးနေရာတွေက ကလေးငယ်တွေနဲ့ မိသားစုတွေကို ပြန်လည်ထူထောင်ဖို့နဲ့ အကျပ်အတည်းတွေကြားမှာ ကြံ့ကြံ့ခံ ရှင်သန်ရပ်တည်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ပံ့ပိုးမှုတွေကို စဉ်ဆက်မပြတ် ကူညီပေးနိုင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။