ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ
ကလေးသူငယ်အားလုံးသည် ပြင်းထန်သည့် အခွင့်အရေး ချိုးဖောက်မှုကို ဘယ်သောအခါမှ တွေ့ကြုံခြင်း မရှိရဆိုသည်နှင့် မြေမြုပ်မိုင်း အန္တရာယ်မှ လုံခြုံစေရမည့် အခွင့်အရေးကို ပိုင်ဆိုင်ကြပါသည်
စိန်ခေါ်မှု
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ရပ်ရွာအဖွဲ့အစည်းများအကြား အကြမ်းဖက်မှုများကို ဆက်လက် ခံစားနေရပါသည်။ ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများနှင့် အရေးပေါ်အခြေအနေများမှ ကလေးသူငယ်၏ ခန့်မှန်းခြေ အယောက် ၅၀၀,၀၀၀ (ယင်းတို့မှ ၅၀ ရာခိုင်နှုန်းသည် မိန်းကလေးများ ဖြစ်ကြပြီး) သည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ၀န်ဆောင်မှုများကို လိုအပ်နေ သို့မဟုတ် ကလေးသူငယ် အခွင့်အရေးများ ချိုးဖောက်ခံရနိုင်ခြေ ရှိနေပါသည်။
ပဋိပက္ခနေရာများနှင့် အရေးပေါ်နေရာများတွင် ရှိနေကြသည့် ကလေးသူငယ်များသည် အထူးသဖြင့် ယင်းတို့၏ လုပ်ပိုင်ခွင့်များကို ပြင်းထန်စွာ အနိုင်ကျင့်ခံနေရသည့် အထိခိုက်လွယ်သူများ ဖြစ်ကြပါသည်။
လျစ်လျူရှူခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ မိသားစုများနှင့် ကွဲကွာနေခြင်း၊ အမြတ်ထုတ်ခံရခြင်းနှင့် လုံခြုံမှုမရှိသည့် ရွှေ့ပြောင်းနေထိုင်သည့် အလေ့အထများသည် ပဋိပက္ခနေရာနှင့် အရေးပေါ်အခြေအနေများရှိ ကလေးသူငယ်များ၏ များစွာသော ထိခိုက် လွယ်နိုင်သောနည်းလမ်းများတွင် ပါဝင်ပါသည်။ မိန်းကလေးများမှာ အနှောက်အယှက်ပေးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် အတင်းအဓမ္မ အိမ်ထောင်ပြုခြင်း ခံရနိုင်ပြီး ယောက်ျားလေးများမှာ စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အုပ်စုများသို့ အတင်းအဓမ္မ စုဆောင်းခြင်း ခံရနိုင်ပါသည်။
ဆင်းရဲနွမ်းပါးမှု သို့မဟုတ် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် ဒုက္ခသည်စခန်းများရှိ ခက်ခဲစွာနေထိုင်နေသည့် ကလေးသူငယ်များ ကြုံတွေ့နေရသော ပေါင်းစပ် အန္တရာယ်များသည် ယင်းတို့၏ လူမှုစိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး အန္တရာယ်ရှိသော ဖြေရှင်းနည်းများကို ဖြစ်ပေါ်စေပါသည်။
ကြီးမားသော ချိုးဖောက်မှုများ
၂၀၀၇ ခုနှစ်မှစ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ အရ ကလေးငယ်များအပေါ် ပြင်းထန်သော ချိုးဖောက်မှုခြောက်ခုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စောင့်ကြည့်စစ်ဆေး အစီရင်ခံမှု ယန္တရားသည် မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နေပါသည်။ စိစစ် စစ်ဆေးမှုအောက်ရှိ ချိုးဖောက်မှုများမှာ (၁) လက်နက်ကိုင်တပ်များ ၊ အဖွဲ့များမှ ကလေးသူငယ်များအား စုဆောင်းခြင်းနှင့် အသုံးချခြင်း၊ (၂) သတ်ဖြတ်ခြင်းနှင့် ထိခိုက်စေခြင်း၊ (၃) မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံများ၊ (၄) ပြန်ပေးဆွဲခြင်း၊ (၅) စာသင်ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်းနှင့် (၆) လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရယူပိုင်ခွင့်ကို ငြင်းပယ်ခြင်းတို့ ပါဝင်ကြပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော် အပါအ၀င် ပဋိပက္ခဖြစ်နေသည့် ပါတီ ၈ ခုသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နှစ်ပတ်လည် အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကလေးစစ်သားစုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ကျူးလွန်သူများ အဖြစ်သတ်မှတ်ထားပါသည်။ တပ်မတော်သည် ၂၀၀၃ ခုနှစ်မှစတင်၍ စာရင်းတွင် ပါရှိနေခြင်း ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် တပ်မတော်သည် ထပ်မံ၍ ကြီးလေးသော ချိုးဖောက်မှုနှစ်ခုဖြစ်သည့် ကလေး သူငယ်များကို သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း၊ အဓမ္မပြုကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် စာရင်းဝင်ခဲ့ပါသည်။
မြေမြုပ်မိုင်း၏ အန္တရာယ်များ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပါသည်ဟု ဒေတာများက ဖော်ပြပါသည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြေမြှုပ်မိုင်းများနှင့် အခြားစစ်ပွဲများ၏ ပေါက်ကွဲစေသည့် အကြွင်းအကျန်များသည် အနည်းဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၉ ခုရှိ ဒေသများတွင် ကျန်ရှိနေခဲ့ပါသည်။ အဓိကအားဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုင်းများနှင့် အခြား ပေါက်ကွဲစေတတ်သည့် ပစ္စည်းကိရိယာများကြောင့် ကလေးငယ်များ အသက်သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရမှုများ တိုးပွားလာပါသည်။
အသက် ၁၀ နှစ်အရွယ်ရှိ မင်းသီယသည် သူနှင့် သူ့သူငယ်ချင်းတို့ တောအုပ်အတွင်း၌ ကစားနေစဉ် မိုင်းသေများ၏ ပေါက်ကွဲမှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာမှ အမာရွတ်ကို ပြသနေပါသည်။ ယောက်ျားလေး နှစ်ယောက်မှာ သေဆုံးသွားပြီး လေးယောက်မှာ ဒဏ်ရာ ရရှိခဲ့ပါသည်။
ဖြေရှင်းနည်း
ယူနီဆက်သည် ကလေးသူငယ်များ ပြင်းထန်သည့် ထိခိုက်လွယ်မှုများနှင့် ဆင်းရဲနွမ်းပါး မှုများကို ကြုံတွေ့နေရသည့် ရှုတ်ထွေးသည့် အခြေအနေများကို ဖြေရှင်းရန်အတွက် အစိုးရ အပါအဝင် မိတ်ဖက်များနှင့် အတူပူးတွဲလုပ်ဆောင်ခြင်းနှင့် ယင်းတို့ကို ပံ့ပိုးပေးမှုများ ပြုလုပ်ပေးပါသည်။
ကြီးလေးသော ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံခြင်း
ယူနီဆက်သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများမှ ကလေးသူငယ်များအပေါ် ပြင်းထန်သည့် ချိုးဖောက်မှု ခြောက်ခုကို စောင့်ကြည့်စစ်ဆေး အစီရင်ခံခြင်းဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့နှင့် ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်အပါအ၀င် ပဋိပက္ခများ ဖြစ်ပွားနေသည့် ပါတီရှစ်ခု၏ ချိုးဖောက်မှုများကို ညှိနှိုင်းဖြေရှင်းသည့် တုံ့ပြန်မှုပေးရန် လုပ်ငန်းအဖွဲ့အား တာဝန်ပေးအပ်ထားပါသည်။
ကုလသမဂ္ဂအပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ရာချီသည့် ၀န်ထမ်းများကို စောင့်ကြည့်စစ်ဆေး အစီရင်ခံမှု ယန္တရားအောက်တွင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါ သည်။ မြန်မာနိုင်ငံအစိုးရနှင့် ပြည်တွင်းလုပ်ငန်းအဖွဲ့သည် တပ်မတော်မှ ကလေးစစ်သား စုဆောင်းမှုနှင့် အသုံးပြုမှုရပ်တန့်ရေးဆိုင်ရာ ပူးတွဲဆောင်ရွက်မှု အစီအစဉ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် မတ်လတွင် ကလေးသူငယ်နှင့် လူငယ်ပေါင်း ၉၅၆ ဦး အရပ်သားဘဝသို့ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။
ယူနီဆက်သည် အသက်မပြည့်သေးသူများကို စစ်တပ်သို့ စုဆောင်းမှုများ တွေ့ရှိပါက သတင်းပို့ရန်အတွက် ဖုန်းလိုင်းကို ပံ့ပိုးပေးထားပါသည်။
ခေါ်ဆိုရန် - 094-2116-6701 သို့မဟုတ် 094-2116-670
ကလေးသူငယ်များ၏ ပြန်လည်ပေါင်းစည်းရေး
ယူနီဆက်သည် လက်နက်ကိုင်တပ်များ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်နေသည့် ကလေး သူငယ်များ ပြန်လည်ပေါင်းစည်းရေးကို ကူညီပံ့ပိုးပေးနေပါသည်။ ပေးထားသည့် ထောက်ပံ့မှုများအနက် လေ့ကျင့်ထားသည့် လူမှုရေးလုပ်သားများသည် ကလေးသူငယ်များ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာကို ပြန်လည်ထူထောင်ပေးပြီး ကျောင်းပြင်ပပညာရေး သို့မဟုတ် အသက်မွေး၀မ်းကျောင်း သင်တန်းများတွင် တက်ရောက်နိုင်ရန် ကူညီနေပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ အနည်းဆုံး ကောင်လေးများနှင့် အမျိုးသားငယ်ပေါင်း ၆၈၃ ဦးသည် ပြန်လည်ပေါင်းစည်းရေး အထောက်အပံ့များကို ရရှိခဲ့ကြပါသည်။
ထို့အပြင် အသက်မွေး၀မ်းကျောင်း ဆိုင်ရာ သင်တန်းနှင့် အလုပ်အကိုင်များကို ဦးစားပေးသည့် ဖုန်းအက်ပလီကေးရှင်းသည် ပုဂ္ဂလိက ကဏ္ဍအတွက် ယခင်ကလေးစစ်သားဟောင်းများနှင့် အခြားသောအထိအခိုက်လွယ်သည့် ကလေးသူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်သည့် ပလက်ဖောင်းတစ်ခုပါသည်။
မိုင်းလှုပ်ရှားမှု
ယူနီဆက်သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ပူးတွဲဦးဆောင်မှုအောက်ရှိ ၀န်ကြီးဌာနများနှင့် အေဂျင်စီများအကြား ညှိနှိုင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ်မှစ၍ မိုင်းအန္တရာယ်လုပ်ငန်းအဖွဲ့ နှင့်အတူ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် လုပ်ငန်းအဖွဲ့၏ ဖွဲ့စည်းပုံများသည် ပြည်နယ် ၄ ခုတွင်လည်း လည်ပတ်နေပါသည်။ ကျူးလွန်ခံရသူများအား ကူညီ စောင့်ရှောက်မှုနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာအဖွဲ့များကို နိုင်ငံတော်အဆင့်နှင့် ဒေသဆိုင်ရာ အဆင့်နှစ်ခုလုံးတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ ယူနီဆက်သည် မိုဘိုင်းဖုန်း အပလီကေးရှင်းများမှ တစ်ဆင့် မိုင်းအန္တရာယ် ပညာပေးမှုကို ကျူးလွန်ခံရသူများကို ကူညီပံ့ပိုးမှုများ ထောက်ပံ့ပေးခဲ့ပါသည်။
ယူနီဆက်သည် မိုင်းအန္တရာယ်အသိပညာပေးရေး (MRE) ကို တိုးချဲ့ရန်နှင့် MRE မိတ်ဖက်များသည် မိုင်းအန္တရာယ်ပညာပေးရေးကို အထူးလိုအပ်နေသည့် ယင်းနေရာမှ လူများကို လက်လှမ်းမှီ စေရန်အတွက် အစိုးရနှင့် အစိုးရမဟုတ်သော တာဝန်ရှိသက်ဆိုင်သူများနှင့်အတူ ဆက်လက်လှုံ့ဆော်လျက် ရှိပါသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဒဏ်ရာရမှု ၄ ခုအနက် တစ်ခုမှာ ကလေးသူငယ်များ ဖြစ်ကြပါသည်။
အရေးပေါ်တုံ့ပြန်မှု
ယူနီဆက်သည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ပြည်တွင်း ရွှေ့ပြောင်း နေထိုင်းသူများအတွက် ဒုက္ခသည်စခန်းများရှိ ထိခိုက်လွယ် အခြေအနေများတွင် နေထိုင်နေ ကြသည့် မိသားစုများနှင့် ကလေးသူငယ်များအတွက် အသက်ကယ်သင်ခန်းစာများကို တိုးချဲ့ ပေးခြင်းနှင့် ဆယ်ကျော်သက်များအတွက် ဘဝကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို မိတ်ဖက်များနှင့်အတူ ပံ့ပိုးပေးလျက်ရှိပါသည်။
ထို့အပြင် ယူနီဆက်၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သည် ပဋိပက္ခဒဏ်သင့် ဒေသများသို့ ရောက်ရှိနိုင်ရန် ခက်ခဲသည့် ရပ်ရွာလူထုအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ယန္တရားများကို ခိုင်မာစေရန် အားဖြည့်ပေးပြီး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသက်ကယ် သင်ခန်းစာများနှင့် သတင်းအချက်အလက်များ၊ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု၊ ဖြစ်ရပ်စီမံရေး ၀န်ဆောင်မှုများနှင့် အကာအကွယ်ပေးသည့် အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ကလေးသူငယ် ထောင်ပေါင်းများစွာအား ညွှန်ကြားပေးခြင်းများကို ပံ့ပိုးပေးပါသည်။