မြန်မာနိုင်ငံအတွင်းရှိ ယူနီဆက်၏ လုပ်ဆောင်ချက်များ
ကလေးသူငယ်များအားလုံးတိုင်းတွင် ရှင်သန်ရပ်တည်ရန်နှင့် ၎င်းတို့၏စွမ်းရည်အလားအလာများကို ဖြည့်ဆည်းရန် အခွင့်အရေးရှိသည်ဟု ယူနီဆက်ကယုံကြည်ထားပါသည်
- English
- မြန်မာ
မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ယူနီဆက်က မည်သို့တုံ့ပြန်ဖြေရှင်းနေပါသနည်း
မြန်မာနိုင်ငံတွင် အကျပ်အတည်းများ စတင်ဖြစ်ပွားချိန်မှစ၍ ယူနီဆက် (UNICEF) သည် ကျွန်ုပ်တို့၏ ကျယ်ပြန့်လှသော နယ်မြေခံအခြေစိုက် တည်ရှိမှုများကို ထိရောက်စွာ အသုံးချလျက်ရှိသည်။ ထို့ပြင် ပြည်တွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုမှုအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ အပါအဝင် မတူကွဲပြားသော မိတ်ဖက်ကွန်ရက်များမှတစ်ဆင့် ထိခိုက်နစ်နာမှုအများဆုံးနှင့် အထိခိုက်လွယ်ဆုံးသော ကလေးသူငယ်များနှင့် မိသားစုများထံသို့ အသက်ကယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် မရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများကို အဆက်မပြတ် ပေးအပ်လျက် ရှိပါသည်။
အထူးသဖြင့် ကလေးသူငယ်များအတွက် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများနှင့် နက်ရှိုင်းသော လိုအပ်ချက်များကို စံချိန်တင် ပမာဏအထိ ဖြစ်ပေါ်စေသည့် ထပ်တလဲလဲ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံတစ်ဝှမ်း မတည်ငြိမ်မှုများနှင့် လုံခြုံရေးစိန်ခေါ်မှုများ ပြင်းထန်လာပြီးနောက်တွင်လည်း ယူနီဆက်သည် ဆက်လက်ရှင်သန်လျက် ရှိသည်။ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုများ အရောက်လှမ်းနိုင်ရန် အလွန်ခက်ခဲနေဆဲဖြစ်သည့် ဝေးလံခေါင်ဖျားဒေသများအထိ ဘေးဒုက္ခကြုံတွေ့နေရသော ကလေးများနှင့် မိသားစုများအတွက် အသက်ကယ်အကူအညီများနှင့် အရေးပါသော ဝန်ဆောင်မှုများ အဆမတန် တိုးမြှင့်ရောက်ရှိနိုင်ရေးကို ပိုမိုအားစိုက် ထမ်းဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့၏ အဓိကဦးတည်ချက်မှာ ဆင်းရဲနွမ်းပါးသူများ၊ မသန်စွမ်းကလေးငယ်များ၊ စစ်ဘေးရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာများတွင် နေထိုင်သူများအပါအဝင် အကူအညီအလိုအပ်ဆုံးသော ကလေးငယ်များထံသို့ ကွက်လပ်မရှိ ရောက်ရှိပံ့ပိုးပေးနိုင်ရန်ပင် ဖြစ်ပါသည်။
ဤဘေးကျပ်နံကျပ် အခြေအနေများကြောင့် ထိခိုက်နစ်နာမှုအများဆုံး ဖြစ်ရရှာသည့် ကလေးငယ်များအတွက် အစဉ်တစိုက် ပံ့ပိုးကူညီပေးသွားမည့် ကျွန်ုပ်တို့၏ ကတိကဝတ်သည် မည်သည့်အခါမျှ ယိမ်းယိုင်သွားမည် မဟုတ်ပါ။ ၂၀၂၅ ခုနှစ်အတွင်းက စိန်ခေါ်မှုများပြားလှသော မြေပြင်ပတ်ဝန်းကျင်နှင့် ရန်ပုံငွေ အကန့်အသတ်များ ကြုံတွေ့ခဲ့ရသည့်တိုင်အောင်၊ ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ် ၃.၂ သန်း အပါအဝင် စုစုပေါင်း ပြည်သူလူထု ၄ သန်းထံသို့ အရေးပါသော ကျန်းမာရေး၊ အာဟာရ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH)၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာရေးဆိုင်ရာ အကူအညီများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဘက်စုံဝန်ဆောင်မှုများအကြားမှ ကလေးငယ် ၂.၅ သန်းနီးပါးကို ဗီတာမင်အေ (Vitamin A) ဖြည့်စွက်ဆေး တိုက်ကျွေးနိုင်ခဲ့ပြီး၊ ပြည်သူလူထု ၁.၂ သန်းကျော်ကို သန့်ရှင်းသော သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ထို့ပြင် ကလေးသူငယ် ၇၄၇,၃၇၅ ဦးကို ပညာသင်ယူခွင့် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ကာ၊ မသန်စွမ်းကလေးငယ် ၂၃,၀၂၅ ဦးထံသို့လည်း ၎င်းတို့နှင့် ကိုက်ညီမည့် အထူးဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်အတွင်း၌လည်း ယူနီဆက်အနေဖြင့် ကလေးသူငယ် ၂.၆ သန်း အပါအဝင် စုစုပေါင်း ပြည်သူလူထု ၃.၃ သန်း ထံသို့ အသက်ကယ်ဆယ်ရေး အကူအညီများနှင့် မရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများကို အရှိန်အဟုန်မြှင့် အရောက်လှမ်း ပေးအပ်သွားရန် ရည်မှန်းချက် အခိုင်အမာ ထားရှိဆောင်ရွက်လျက် ရှိပါသည်။