တစ်စစီပြိုလဲခဲ့ရသည့် တနင်္ဂနွေမနက်ခင်း
ပဋိပက္ခဖြစ်ပွားရာဒေသမှ ကလေးငယ်တစ်ဦးအကြောင်း
- English
- မြန်မာ
၂၀၂၅ ခုနှစ် မေလရဲ့ တိတ်ဆိတ်တဲ့ တနင်္ဂနွေ မနက်ခင်းမှာ အသက် ၁၀ နှစ်အရွယ် အားရှောင်1ရဲ့ နေအိမ်ပေါ် လက်နက်ကြီးကျရောက်ခဲ့ပြီး အဖွားဖြစ်သူ နေရာမှာတင် အသက်ဆုံးရှုံးခဲ့ရသလို အားရှောင်လည်း လက်နက်ကြီးအပိုင်းအစများ ထိမှန်ခဲ့ပါတယ်။ အခုချိန်ထိ လက်နက်အပိုင်းအစတွေက သူ့ခန္ဓာကိုယ်သေးသေးလေးထဲမှာ ကျန်ရှိနေဆဲဖြစ်ပြီး ဆရာဝန်တွေက ဖယ်ထုတ်ပေးဖို့ ကြိုးစားနေရတုန်းဖြစ်ပါတယ်။ လက်နက်ကြီးကျပြီး ခြောက်လအကြာမှာတောင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးက စစ်ဘေးရှောင်စခန်းလေးမှာ နေထိုင်နေရတဲ့ ၃ တန်းကျောင်းသားလေးဟာ ညအမှောင်ထုကြောင့် ထိတ်လန့်စိတ်နဲ့ အိပ်မရဘဲ နိုးနေခဲ့ပြီး မိခင်ကိုအော်ခေါ်နေတတ်ပါတယ်။
မြစ်ကြီးနားမြို့ မြောက်ဘက် အစွန်အဖျား ကျေးရွာငယ်လေးက သူတို့မိသားစုရဲ့ နေအိမ်မှာ နေ့လယ်တရေးတမောအိပ်နေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် သူတို့အိမ်ရဲ့ အိမ်ခေါင်မိုး ပျက်စီးသွားပြီး အသက် ၈၀ အရွယ် အဘွားဖြစ်သူ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လက်နက်ကြီးအပိုင်းအစတွေက သူ့ရဲ့ နောက်ကျော၊ ဘယ်ဘက်လက်နဲ့ ဘက်ဘက်ခြေထောက်တွေထဲ စိုက်ဝင်ခဲ့ပြီး နာကျင်ခံစားခဲ့ရပါတယ်။ ဒီအပိုင်းအစတွေကို ဖယ်ထုတ်ဖို့ ခွဲစိတ်မှုတွေလည်း ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေခဲ့ပါသေးတယ်။
"သူခဏခဏ လန့်နိုးလာပြီး ကျွန်မကိုပဲ အော်ခေါ်တယ်။ သူငိုတော့ မငိုဘူး၊။ အရမ်းတော့ ကြောက်နေတာ" လို့ မိခင်ဖြစ်တဲ့ လီဆူတိုင်းရင်းသူ ရိုနန်၊ ၂၈ နှစ် က ပြောပြပါတယ်။
ရိုနန်ရဲ့ ခင်ပွန်းဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာတွေသက်သာလာချိန်မှာတော့ မိသားစု စားဝတ်နေရေးအတွက် မြန်မာတရုတ်နယ်စပ်မှာ အလုပ်သွားလုပ်နေရပါတယ်။ လက်ရှိမှာတော့ ရိုနန်က ကလေး လေးယောက်ကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ပြုစုစောင့်ရှောက်နေရပြီး အသက် ၁၇ နှစ်အရွယ်ကတည်းက စစ်ဘေးရှောင်ခဲ့ရတဲ့ သူမက အခုအခါမှာ သူ့မရဲ့သားသမီးတွေလည်း စစ်ဘေးကနေ တိမ်းရှောင်ရတဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရတာကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရပါတယ်။ မျိုးဆက်နှစ်ဆက်တိုင်အောင် စိတ်ပင်ပန်းခံစားနေရတဲ့ သံသရာစက်ဝန်းတစ်ခုပါပဲ။
"ကျွန်မက ကြောက်နေရင်တောင်မှ ကျွန်မရဲ့ကလေးတွေအတွက် မကြောက်ဟန်ဆောင်ရတယ်" လို့ သူမက ပြောပါတယ်။ "ကျွန်မသန်မာနေမှ ဖြစ်မယ်။ ကျွန်မကြောက်နေရင်တောင် ကျွန်မကလေးတွေအတွက် မကြောက်တဲ့ပုံစံဖြစ်အောင် နေမှရမယ်။"
အခုအခါ မိသားစုက စစ်ဘေးရှောင်ပြည်သူ ၅၈ ဦးနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်နေကြပါတယ်။ ရိုနန်က နေ့စဉ် မနက် ၅:၃၀ မှာ အိပ်ရာထပြီး စားသောက်ဖို့ ပြင်ဆင်ကာ သူ့ရဲ့ ဒဏ်ရာမရတဲ့ ကလေးသုံးယောက်ကို အနီးက ကျောင်းကို ပို့ပါတယ်။ သူ့ရဲ့ သားအကြီးဆုံးကတော့ ဒဏ်ရာတွေရရှိထားပြီး လက်ရှိ ဆေးကုသမှုတွေလုပ်နေရသေးတာကြောင့် ကျောင်းမတက်နိုင်သေးပါဘူး။
"လက်နက်ကြီးကျလာတဲ့အချိန်မှာ အမြောက်ဆံအပိုင်းအစတွေက နေရာအနှံ့ပြန့်ကျဲနေတာပဲ" လို့ ရိုနန်က ပြောပြပါတယ်။ "တိုက်ပွဲတွေမရှိခဲ့ရင်၊ ဒီလိုမျိုး ပဋိပက္ခတွေသာ မရှိခဲ့ရင် ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မှာ၊ ကျွန်မကလေးတွေလည်း ဒီလိုအခြေအနေမျိုး ကြုံကြရမှာမဟုတ်ဘူး။"
ကိုရီးယားသမ္မတနိုင်ငံရဲ့ ရက်ရောတဲ့ပံ့ပိုးမှုတွေကြောင့် ယူနီဆက်က အားရှောင်လို ကလေးငယ်တွေကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အထောက်အပံ့တွေကို အပြည့်အဝ ပံ့ပိုးပေးနိုင်နေပါတယ်။ ဒီပံ့ပိုးမှုတွေကြောင့် ယူနီဆက်က စိတ်ဒဏ်ရာရရှိခံစားနေရတဲ့ကလေးတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပစ္စည်းတွေကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အားရှောင်ကို ပံ့ပိုးပေးခဲ့တဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပစ္စည်းတွေထဲမှာ ပုံဆွဲစာအုပ်၊ ရောင်စုံခဲတံ၊ ကစားစရာ၊ အဝတ်အစား၊ ဆပ်ပြာနဲ့ အခြားသောပစ္စည်းတွေပါဝင်ပါတယ်။
"အရင်တုန်းကတော့ သူ့အတွက် ပုံဆွဲစာအုပ်တွေ ဝယ်ခိုင်းတယ်၊ သူက အမြဲပုံဆွဲတယ်" လို့ ရိုနန်က ပြောပါတယ်။ "သူတို့က ကျွန်မတို့ကို ပံ့ပိုးပေးတဲ့အတွက် သိပ်ဝမ်းသာပါတယ်။ ကျွန်မသားလေးလည်း သူတကယ်လိုချင်နေတာလေးကို ရခဲ့ပါတယ်။"
ကိုရီးယားသမ္မတနိုင်ငံကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးပေးမှုကြောင့် ယူနီဆက်က ဒေသခံမိတ်ဖက်တွေကတစ်ဆင့် အရေးပေါ် ငွေကြေးထောက်ပံ့မှုတွေကိုလည်း ပေးနိုင်ခဲ့ပါတယ်။ ဒီထောက်ပံ့မှုတွေကြောင့် အားရှောင်ရဲ့ အရေးကြီးတဲ့ ဆေးကုသစရိတ်၊ ခရီးစရိတ်နဲ့ ပြန်လည်ထူထောင်ဖို့ လိုအပ်တဲ့ တခြားအသုံးစရိတ်တွေအတွက် အထောက်အကူရခဲ့ပါတယ်။ ဒီလိုဘက်စုံပံ့ပိုးပေးမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ သူ့ရဲ့ အကြီးစားခွဲစိတ်မှုကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲက ကျန်နေတဲ့ လက်နက်အပိုင်းအစတွေကို ဖယ်ထုတ်ပေးခဲ့ပါတယ်။ "ဆရာဝန်တွေက သူ့ကိုယ်ထဲမှာ ရှိနေသေးတဲ့ လက်နက်အပိုင်းအစတွေကို ထုတ်ဖို့ နောက်ထပ် အကြီးစားခွဲစိတ်မှုတစ်ခု လုပ်ဖို့လိုသေးတယ်လို့ ပြောတော့ သားလေးအတွက် အရမ်းစိတ်ပူခဲ့ရသေးတယ်။ ဒါပေမဲ့ ကျွန်မ ခွဲစိတ်ဖို့ရွေးလိုက်မိတာမှန်သွားလို့ တော်တော်စိတ်သက်သာရာရသွားတယ်၊ အခု သားက တော်တော်သက်သာလာပါပြီ" လို့ ရိုနန်က ဆိုပါတယ်။
အရေးအကြီးဆုံးအနေနဲ့ ဒီရန်ပုံငွေက ယူနီဆက်ကို မိတ်ဖက်အဖွဲ့တွေနဲ့ ပေါင်းပြီး ကချင်ပြည်နယ်နဲ့ တခြားပဋိပက္ခသက်ရောက်တဲ့ ဒေသတွေက စစ်ဘေးရှောင်စခန်းတွေနဲ့ အိမ်ရှင်အသိုင်းအဝိုင်းတွေမှာ နေထိုင်တဲ့ မိသားစုတွေနဲ့ ကလေးသူငယ်တွေကို အသက်ကယ်နိုင်တဲ့ ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းအန္တရာယ်များအကြောင်း အသိပညာပေး (EORE) ပို့ချမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီပညာပေးကဏ္ဍက မိသားစုတွေကို မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေကို သိရှိရှောင်ရှားနိုင်စေပြီး ကြေကွဲစရာအဖြစ်ဆိုးမျိုးတွေ မဖြစ်အောင် ကာကွယ်တားဆီးနိုင်ခွင့် ရနိုင်စေပါတယ်။ EORE နဲ့ နစ်နာသူ ထောက်ပံ့ရေး ပေါင်းစပ်အစီအစဉ်ကတစ်ဆင့် ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အန္တရာယ်တွေကို လျှော့ချရာမှာနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခံနိုင်စွမ်းရည်ကို ပံ့ပိုးပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
မြစ်ကြီးနားအခြေစိုက်၊ ယူနီဆက် ကလေးသူငယ်ကာကွယ်ရေးအရာရှိ ဒေါ်သီတာစိမ်းက "ကျွန်မတို့အနေနဲ့ မြေမြှုပ်မိုင်းတွေ၊ စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် မိသားစုတွေ နေ့စဉ်နဲ့အမျှ ထိခိုက်နေကြရတာကို မြင်တွေ့နေရတယ်။ ကျွန်မတို့ရဲ့ အဓိကဦးစားပေးအချက်က နောက်ထပ်ကလေးတွေ ဒီလိုစိတ်ဒဏ်ရာတွေ မကြုံတွေ့ရအောင် ကာကွယ်တားဆီးဖို့နဲ့ သူတို့ကို ပံ့ပိုးပေးဖို့ပါပဲ။ ကိုရီးယားသမ္မတနိုင်ငံရဲ့ ရက်ရောတဲ့ပံ့ပိုးကူညီမှုတွေကြောင့် ဒီလိုရဲရင့်တဲ့သားလေးလို အသက်ရှင်ကျန်ရစ်သူတွေကို ဘက်စုံပံ့ပိုးပေးနိုင်ခဲ့သလို ကလေးတွေနဲ့ မိသားစုတွေကိုလည်း အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို ခွဲခြားသိရှိအောင်နဲ့ ဘေးအန္တရာယ်ကင်းကင်းနေနိုင်အောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။ ကလေးတိုင်းဟာ ကြောက်ရွံ့မှုမရှိဘဲ ကစားနိုင်၊ သင်ယူနိုင်၊ ကြီးပြင်းနိုင်ခွင့်ရထိုက်ပါတယ်" လို့ ပြောပါတယ်။
စိတ်ဒဏ်ရာတွေနဲ့ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပေမယ့်လည်း မိသားစုအနေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေဆဲပါပဲ။ အားရှောင်က "သားကျောင်းတက်ချင်တယ်" လို့ သူ့ရဲ့ ကျောင်းတက်ချင်တဲ့ ဆန္ဒကို ပြောပြခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ သူ့အတွက် စိုးရိမ်နေတုန်းပါပဲ။
ရိုနန်မှာ သူ့သားလေးကို တစ်နေ့မှာ ဆရာဝန်တစ်ဦး ဖြစ်လာစေချင်တဲ့ ဆန္ဒရှိပါတယ်။ "ကျွန်မကိုယ်တိုင်ရော၊ မိသားစုရော လက်တွေ့ ကြုံတွေ့ခံစားနေရတာမို့လို့ ကျွန်မသူ့ကို ဆရာဝန်တစ်ယောက် တကယ်ဖြစ်စေချင်တယ်၊ ဒါမှ လူတွေရဲ့အသက်ကို သူကယ်တင်နိုင်မှာ" လို့ ပြောပြပါတယ်။
သို့သော်လည်း မြန်မာနိုင်ငံရှိ ကလေးများအတွက် လက်တွေ့အမှန်တရားက ခါးသီးနေဆဲဖြစ်ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းကို ရင်ဆိုင်နေကြရပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူဦးရေ ၃.၆ သန်းနီးပါး ရှိပြီး ဒီအထဲမှာ ကလေးငယ်ဦးရေ သုံးပုံတစ်ပုံပါဝင်ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် နေ့စဉ် ကလေးငယ်တွေရဲ့ အပြစ်မဲ့တဲ့ အသက်တွေ ဆုံးရှုံးနေကြရပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်မှာ နှစ်စဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှု အဖြစ်အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက မှတ်တမ်းဝင်ခဲ့ပါတယ်။
ကလေးတွေ လုံလုံခြုံခြုံ ကစားနိုင် စာသင်နေနိုင်ရမယ့် ကမ္ဘာကြီးမှာ ကိုရီးယားသမ္မတနိုင်ငံလို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုကြောင့် ယူနီဆက်က မြန်မာနိုင်ငံရှိ ကလေးများနဲ့အတူ ဆက်ပြီး ရပ်တည်ပေးနိုင်ခဲ့ပါတယ်။ အဆိုးရွားဆုံး ပဋိပက္ခတွေကြားမှာတောင် မျှော်လင့်ချက်တွေ ရှိနေသေးကြောင်းနဲ့ ကလေးငယ်တွေရဲ့ဘဝတွေအတွက် ပိုမိုကောင်းမွန်တဲ့မနက်ဖြန်ဆီ သွားနိုင်မယ့် လမ်းတွေ ရှိနေသေးတယ်ဆိုတာ ဒီပူးပေါင်းမှုက သက်သေပြနေပါတယ်။