ကျွန်တော်သိတဲ့သူတိုင်း ထိခိုက်ခံစားခဲ့ရပါတယ်

ကြီးထွားလာနေတဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြား အကြောက်တရားကို လက်တွေ့လုပ်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့ကြတဲ့ လူငယ်များ

By UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet
13 ဧပြီလ 2026

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဆိုင်မွန် က ၂၀၂၃ ခုနှစ်နှောင်းပိုင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့ကနေ နေရပ်စွန့်ခွာတိမ်းရှောင်လာရချိန်မှာ အရာအားလုံး ဆုံးရှုံးလိုက်ရပြီလို့ ထင်ခဲ့ပါတယ်။ ပဋိပက္ခတွေကြောင့် သူတို့မိသားစုဟာ အိုးအိမ်၊ လယ်ယာနဲ့ ရင်းနှီးသမျှ အရာအားလုံးကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။ အခုချိန်မှာ နေရပ်စွန့်ခွာလာခဲ့ပြီး ဆွေမျိုးတွေနဲ့အတူနေထိုင်နေတဲ့ ဆိုင်မွန်က ရှင်သန်ရပ်တည်ဖို့ အခက်အခဲတင်မက မိမိတို့လို မတိမ်းရှောင်နိုင်ခဲ့တဲ့ မိတ်ဆွေတွေအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

"ကျွန်တော်တို့ ဇာတိမြို့ကို ပြန်သွားတဲ့လူတွေ မြေမြှုပ်မိုင်းမိတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံတဝန်းက နေရပ်စွန့်ခွာသူတွေဆီကလည်း လက်တွေ့ကြုံနေကြရတဲ့ မြေမြှုပ်မိုင်းအန္တရာယ်အကြောင်းတွေ ကြားနေရပါတယ်" လို့ သူကပြောပြပါတယ်။ ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်မှာ အိမ်မရှိတော့ပေမယ့် မျှော်လင့်ချက်တော့ရှိတယ်။ ကျွန်တော့် တစ်ဘဝလုံးမှာ အခုချိန်က အသုံးအဝင်ဆုံးပဲလို့ ခံစားရတယ်။ 

ဆိုင်မွန်က ၂၀၂၅ ခုနှစ်၊ မတ်လမှာ ယူနီဆက်ရဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်အန္တရာယ် အသိပညာပေးအစီအစဉ်ကနေ  လေ့ကျင့်သင်ကြားပေးခဲ့တဲ့ လူငယ် ၃၀ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ရှမ်း၊ စစ်ကိုင်း၊ ချင်း၊ ကယားနဲ့ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပြင်းထန်ဆုံးနဲ့ မြေမြှုပ်မိုင်းအန္တရာယ်အများဆုံး ဒေသတွေက U-Reporter ‌တွေဖြစ်တဲ့ သင်တန်းသားတွေကို မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်း (ERW) အန္တရာယ်တွေကနေ ဘေးကင်းအောင် ဘယ်လိုနေရမလဲဆိုတာ သူတို့ရဲ့ရပ်ရွာလူထုကို ပြန်လည်ပြီး အသိပညာပေးနိုင်ဖို့ ယူနီဆက်က လေ့ကျင့်ပေးခဲ့ပါတယ်။

ဒီသင်တန်းက အခုလို အချိန်မှာတော့ အချိန်ကိုက်ပါပဲ။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုဖြစ်ရပ်ပေါင်း ၅၀၁ ခုဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၇၄၅ ဦး သေဆုံး ဒဏ်ရာရခဲ့ရာမှာ ကလေးငယ် ၁၅၅ ဦးပါဝင်ပါတယ်။ ရှမ်းပြည်နယ်တစ်ခုတည်းမှာတင် သေဆုံးဒဏ်ရာရသူအားလုံးရဲ့  ၃၃ ရာခိုင်နှုန်းရှိပါတယ်။  https://www.unicef.org/myanmar/my/reports/myanmar-landmine-and-explosive-ordnance-incidents-information-2025 

မြေမြှုပ်မိုင်းတွေက အဝေးက စစ်မြေပြင်မှာပဲ ရှိတော့တာမဟုတ်ဘဲ ကျောင်းသွားရာလမ်းတွေ၊ မြစ်ချောင်းကန်အနီးအနားတွေ၊ အိမ်တွေ၊ လယ်ကွင်းတွေနဲ့ ကလေးတွေ ခြေလှမ်းနိုင်တဲ့ နေရာတိုင်းမှာ ရှိလာနေတာဖြစ်ပါတယ်။

"ကျွန်တော်သိတဲ့ လူတိုင်း တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ထိခိုက်နေကြတယ်။ ဒီသင်တန်းက ကျွန်တော့်အတွက် ဒီလိုနာကျင်မှုတွေကို တခြားသူတွေ ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်" လို့ ဆိုင်မွန်က ပြောပြပါတယ်။  

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet ရှမ်းပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ ပေါက်ကွဲစေသည့်ပစ္စည်းများအန္တရာယ် ပညာပေးလက်စွဲစာအုပ်ဖြင့် ကလေးများကို ရှင်းပြနေသည့် ဆိုင်မွန်၊ ၂၅ နှစ်အား တွေ့ရစဉ်။ ကိုယ်တိုင်လည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဖြစ်သည့် ဆိုင်မွန်က အခြားသူများကိုလည်း ကြောက်မက်ဖွယ်ရာ မြေမြှုပ်မိုင်းအန္တရာယ်များမှ ကာကွယ်ပေးရန် ကြိုးစားနေသူဖြစ်သည်။

သင်တန်းဆင်းပြီး မကြာမီမှာ ဆိုင်မွန်နဲ့အတူ U-Reporter တွေဟာ မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအများဆုံး ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင်စခန်းနဲ့ မြို့နယ်ကျေးရွာတွေကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ လက်ကမ်းစာစောင်တွေ၊ လမ်းညွှန်စာအုပ်တွေနဲ့အတူ ပညာပေးဆွေးနွေးပွဲတွေကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့ကြပါတယ်။ တချို့ဆွေးနွေးပွဲတွေက ယာယီအမိုးလေးတွေအောက်မှာလုပ်ခဲ့ကြသလို တချို့ဆွေးနွေးပွဲတွေက ဘုရားကျောင်းတွေနဲ့ ဟင်းလင်းပြင်ကွက်လပ်တွေမှာလည်း လုပ်ခဲ့ကြပါတယ်။

“ကျွန်တော် သူတို့ခင်ပွန်းတွေကို ဆုံးရှုံးခဲ့ရတဲ့ အမေတွေနဲ့လည်း တွေ့ခဲ့တယ်။ သူငယ်ချင်းတွေ အသက်ဆုံးရှုံးသွားတာ မြင်ခဲ့တဲ့ ဆယ်ကျော်သက်တွေနဲ့လည်း တွေ့ခဲ့တယ်။ ရောင်းစားလို့ရတဲ့ သတ္တုစလေးတစ်ခုလို့ထင်ပြီး ဗုံးသီးလက်နက်တွေကို ကောက်ယူခဲ့တဲ့ မိသားစုတွေကိုလည်း တွေ့ခဲ့ရတယ်" လို့ ဆိုင်မွန်က ပြောပြခဲ့ပါတယ်။ " စားဝတ်နေရေး အရမ်းကျပ်တည်းလွန်းလို့သာ အခုလို သွားကောက်ခဲ့ကြပေမဲ့ သူတို့ ကိုင်တွယ်နေတဲ့အရာက ဘာမှန်းကိုတောင် လုံးဝ မသိခဲ့ကြပါဘူး။”  

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet မေရီ ၊ ၁၈ နှစ်သည် ကယားပြည်နယ်မှ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ယခုအခါ ရှမ်းပြည်နယ်တွင် နေထိုင်လျက်ရှိပါသည်။ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် မိသားစုများအတွက် ဆွေးနွေးပွဲမစမီ ပေါက်ကွဲစေနိုင်သည့် အန္တရာယ်ရှိသောပစ္စည်းများအကြောင်း ပညာပေးရန် ပြင်ဆင်နေစဉ်။ ဇာတိရွာတွင် မြေမြှုပ်မိုင်းဆိုးကျိုးများကို မျက်မြင်တွေ့ရှိခဲ့သူ သူမသည် ယခုအခါ အခြားသူများ ဘေးကင်းစေရန်အတွက် ပညာပေးဆွေးနွေးပွဲများကို ဦးဆောင်လျက်ရှိပြီး ဤရည်ရွယ်ချက်မှတစ်ဆင့် ကိုယ်တိုင်လည်း ကုစားမှုကို ရှာဖွေနေသူဖြစ်သည်။

ကယားပြည်နယ်မှ အသက် ၁၈ ရှိပြီဖြစ်တဲ့ မေရီကတော့ ပဋိပက္ခရဲ့ ဆိုးကျိုးနဲ့ အကျိုးသက်ရောက်မှုတွေကို ကိုယ်တိုင်ကြုံတွေ့နားလည်သူပါ။ သူမရဲ့ရွာမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် လယ်ထဲဆင်းရင်း ထိခိုက်သေဆုံးသူတွေကို မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ မိခင်နဲ့ မောင်လေးဖြစ်သူကို ခွဲခွာပြီး တစ်နှစ်ကျော်ကြာ နေရပ်စွန့်ခွာလာခဲ့ရတဲ့ မေရီက အခုအခါမှာ ရှမ်းပြည်နယ်မှာ နေထိုင်နေပြီး အရေးကြီးတဲ့ ပေါက်ကွဲစေသည့်ပစ္စည်းများအန္တရာယ်ပညာပေးဆွေးနွေးပွဲတွေကို ဦးဆောင်နေပါတယ်။

"တစ်ခါတလေ ကျွန်မ အိမ်နဲ့ ရွာကနေ ထွက်ပြေးခဲ့ရတော့ ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားရတယ်" လို့ သူက ပြောပြပါတယ်။ "ဒါပေမဲ့ အခု မိသားစုတွေကို ဘေးကင်းကင်းနေနိုင်အောင် သင်ပေးရတဲ့အချိန်မှာ ရည်ရွယ်ချက်တစ်ခု ရှိလာသလို ခံစားရတယ်။ နောက်ထပ်သေဆုံးဒဏ်ရာရသူတွေမရှိအောင် ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ရင်း ကိုယ်ကိုယ်တိုင်ရဲ့ ဆုံးရှုံးမှုတွေကနေ စပြီး ကုစားလာနိုင်ပြီလို့ ထင်ပါတယ်" လို့ ပြောပြပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet ရှမ်းပြည်နယ်တောင်ပိုင်းရှိ ယာယီအိမ်လေးအတွင်း နေရပ်စွန့်ခွာ မိခင်ဖြစ်သူ ဒေါ်သက်မြာက သားသမီးများကို မိုင်းအန္တရာယ်ပညာပေး လက်စွဲစာအုပ်ကို ဖတ်ပြနေသည်။ ဒါဟာ ဘေးကင်းစွာနေနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေက မိခင်တွေက ကျေးဇူးတင်စကားဆိုကြပါတယ်။ ညောင်ရွှေမြို့အနီးရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ကလေးနှစ်ယောက်မိခင် ဒေါ်သက်မြာက မြေမြှုပ်မိုင်းဆိုတာ ဘယ်လိုပုံစံမျိုးရှိလဲဆိုတာ အရင်က သေချာမသိခဲ့ကြောင်းနဲ့ လူငယ်တွေ သူတို့ကို လာသင်ပေးတဲ့အချိန်မှ ဘယ်လိုရှောင်ရှားရမယ်ဆိုတာကို သိရှိခဲ့တဲ့အကြောင်း ပြောပြပါတယ်။ “အခုဆိုရင် ဘာကိုသတိထားရမယ်၊ ကျွန်မကလေးတွေကို ဘာတွေပြောပြရမလဲဆိုတာ ကျွန်မသိသွားပြီ။ ကလေးတွေကို ပိုပြီးကာကွယ်ပေးနိုင်လာသလိုခံစားရတယ်။ ဒီဗဟုသုတက လူ့အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်” လို့ ဆိုပါတယ်။

နောက်ထပ်မိခင်တစ်ဦးဖြစ်သူ ဒေါ်နန်းထွေးရဲ့ ခင်ပွန်းမှာလည်း ထင်းရှာရင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူဖြစ်ပါတယ်။ ဒေါ်နန်းထွေးက ပညာပေးဆွေးနွေးပွဲတွေကြောင့် အန္တရာယ်တွေကနေ ဘယ်လိုရှောင်ရှားရမလဲဆိုတဲ့ အသိကို ရရှိခဲ့တယ်လို့ ပြောပြပါတယ်။

“ကျွန်မတို့ နေ့တိုင်း ကြောက်စိတ်နဲ့ ရှင်သန်နေကြရတယ်။ ဒါပေမဲ့ အခုဆိုရင် အနည်းဆုံးတော့ မထိသင့်တဲ့အရာတွေ၊ သတိထားရမယ့် လက္ခဏာတွေကို သိသွားပြီပေါ့။ ဒီလိုအသိမျိုး စောစောကသိခဲ့ရင် သိပ်ကောင်းမှာပဲ” လို့ ဒေါ်နန်းထွေးက ပြောပြပါတယ်။  

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဆိုင်မွန်၊ ၂၅ နှစ်က စစ်ဘေးရှောင်ကလေးငယ်များကို မြေမြှုပ်မိုင်းအန္တရာယ်မှ ဘေးကင်းစွာနေထိုင်နိုင်ရန် သင်ကြားပြသနေစဉ်။ ပေါက်ကွဲစေသည့်ပစ္စည်းများကို အိမ်များ၊ စမ်းချောင်းများနှင့် ကျောင်းသွားရာလမ်းများတွင် ပိုမိုတွေ့ရှိလာနေသောကြောင့် ကလေးများသည် ၎င်းတို့အတွက် အလုံခြုံဆုံးနေရာများတွင်ပင် အန္တရာယ်များကို ရင်ဆိုင်နေကြရပါသည်။

စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်ရတဲ့ လူငယ်တွေအကြားမှာတော့ ရွယ်တူအချင်းချင်း ပြန်လည်မျှဝေတာက တကယ်ကို ထိရောက်မှုတွေ ရှိခဲ့ပါတယ်။ တောင်ကြီးမြို့အနီး ရပ်ကွက်တစ်ခုက ဆိုင်မွန်ရဲ့ ပညာပေးအစီအစဉ်တစ်ခုကို တက်ရောက်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ သူ့အရွယ်တူ လူငယ်တစ်ယောက်ဆီကနေ အခုလို ကိုယ်တိုင်ကြားသိရတာက ပေးချင်တဲ့ သတင်းစကားတွေကို တကယ့်လက်တွေ့အဖြစ် ပိုပြီး ခံစားနားလည်လာစေတယ်လို့ ဆိုပါတယ်

"သူက ဒီအတိုင်း စာလာသင်ပေးနေတာမျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း ဒီအခြေအနေတွေကို ဖြတ်သန်းခဲ့ရသူမို့ ကျွန်တော်တို့ ဘာတွေရင်ဆိုင်နေရလဲဆိုတာကို သူကောင်းကောင်းနားလည်တယ်လေ၊” လို့ သူက ပြောပါတယ်။ “အိမ်ပြန်ရောက်ရောက်ချင်းပဲ သူပြောပြခဲ့တာတွေ အကုန်လုံးကို ညီလေး၊ ညီမလေးတွေကို ကျွန်တော် ပြန်ပြောပြခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကို ဘေးကင်းလုံခြုံစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။”

မိသားစုတွေ မျှဝေခဲ့တဲ့အကြောင်းအရာတွေကလည်း ဒီပညာပေးအစီအစဉ်တွေ ဘယ်လောက်လိုအပ်နေကြောင်း ပြသခဲ့ပါတယ်။ ကလေးတွေက မပေါက်ကွဲသေးတဲ့ပစ္စည်းတွေကို မသိဘဲ ကစားမိတတ်ကြတယ်။ မိသားစုတွေကလည်း အန္တရာယ်ကိုမမြင်မိဘဲ သတ္တုစတွေကို ကောက်ယူတတ်ကြတယ်။ တချို့တွေက အက်ရှင်ကားတွေထဲကလို ဗုံးတွေကို အသက်မဲ့အောင်လုပ်နိုင်မယ်လို့တွေးပြီး စမ်းကြည့်တတ်ကြတယ်။

ကချင်ပြည်နယ်က စိုင်းဇော်၊ ၂၃ နှစ်က စမ်းချောင်းနားမှာ ကစားနေတုန်း သူ့ဝမ်းကွဲအစ်ကို အသက်ဆုံးရှုံးခဲ့ရတာကို မှတ်မိနေတုန်းပါပဲ။ "ဒီနေရာက ဘေးကင်းတဲ့နေရာတစ်ခုဖြစ်ရမှာလေ။ အခုတော့ လယ်ထဲကမိုင်းတွေ။ အိမ်နားက မိုင်းတွေ။ ရေခပ်လာရင်း၊ ထင်းရှာရင်း လူတွေ မိုင်းနင်းမိတဲ့အကြောင်းတွေ။ ဒီလိုအကြောင်းတွေကိုပဲ ထပ်တလဲလဲ ကြားနေရတယ်။"

မိုင်းရှင်းလင်းရေးလုပ်ငန်းများကို မလုပ်နိုင်သေးချိန်မှာ မိသားစုတွေကို ကာကွယ်ပေးဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ မိုင်းနဲ့ ပေါက်ကွဲစေသည့်ပစ္စည်းများအန္တရာယ်များအကြောင်း ပညာပေးဖို့ပဲဖြစ်ပါတယ်။ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ပဋိပက္ခဒဏ်သင့်ဒေသတွေမှာ မိုင်းအန္တရာယ် ပညာပေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်လျက်ရှိပေမယ့် လက်ရှိလူအင်အား၊ စွမ်းဆောင်ရည်အားတွေထက် လိုအပ်ချက်တွေက ပိုများနေပါသေးတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet မြေမြှုပ်မိုင်းအန္တရာယ်ကနေ ဘေးကင်းစွာနေပုံကို သင်ကြားပေးသည့် ရုပ်ပြစာအုပ်များကို ကလေးများ ဖတ်ရှုနေစဉ်။

ယူနီဆက်မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရာရှိ ဦးကျော်ဝင်းဦးက "ကျနော်တို့ လုပ်နေတာက ကလေးသူငယ်တွေ ဘေးကင်းနိုင်ဖို့ ကူညီပေးနေတာပါ" လို့ ဆိုပါတယ်။ "ဒါပေမဲ့ ကျွန်တော်တို့ဒီထက်အများကြီး လုပ်ဖို့လိုပါတယ်။ ဘာမှမသိသေးဘဲ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရပ်ရွာတွေ၊ ကလေးတွေနဲ့ မိသားစုတွေဆီကို ဆက်ပြီး ကူညီပေးနိုင်ဖို့ ရန်ပုံငွေတွေ လိုအပ်နေပါတယ်။”

ဦးဆောင်နေတဲ့ လူငယ်တွေအတွက်လည်း  ဒီဆွေးနွေးပွဲတွေက သူတို့ဘဝတွေနဲ့ အများကြီး တိုက်ရိုက်ပတ်သက်နေပါတယ်။ “နေရပ်စွန့်ခွာလာရတဲ့ မိသားစုတွေနဲ့ စကားပြောဖြစ်တိုင်း သူတို့အဖြစ်အပျက်တွေထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မြင်ယောင်မိတယ်” လို့ ဆိုင်မွန်က ပြောပါတယ်။ “ကျွန်တော့်မှာ ဘာမှ သိပ်မရှိပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်တော့်မှာ ခိုင်မာတဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေပါပြီ။ ပြီးတော့ ကျွန်တော် ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ပါဘူး။”

မေရီက ဆက်ပြီး " ကျွန်မတို့ လုပ်နိုင်သမျှ အစွမ်းကုန်လုပ်နေပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်မတို့ချည်းပဲ လုပ်လို့မရပါဘူး" လို့ ဖြည့်စွက်ပြောပါတယ်။

ဧပြီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ မိုင်းနှင့်အန္တရာယ်အသိပညာပေးနေ့အထိမ်းအမှတ်အဖြစ် လူငယ်ခေါင်းဆောင်တွေက သက်ဆိုင်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ဒီအသက်ကယ်ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကို အရှိန်မြှင့်ပြီး လူစွမ်းအား၊ နည်းပညာအင်အားတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းလိုက်ပါတယ်။

"ဒီသင်တန်းက အသက်တွေကို ကယ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အခုမှအစပဲရှိပါသေးတယ်။ ကျွန်တော်တို့ မရောက်နိုင်သေးတဲ့ မိသားစုတွေ၊ စခန်းတွေ၊ ကျေးရွာတွေ၊ ကျောင်းတွေ အများကြီးရှိပါသေးတယ်။ ပံ့ပိုးမှုတွေပိုရလေ ကျွန်တော်တို့ များများပိုလုပ်နိုင်လေ ဖြစ်ပါတယ်" လို့ ဆိုင်မွန်က ဆိုပါတယ်။