နောက်ဆုံးဖြစ်သွားနိုင်သော ခြေလှမ်းလေးတစ်လှမ်း
မမြင်နိုင်သော လူသတ်လက်နက်အမျိုးမျိုး ဝန်းရံနေသော မြန်မာနိုင်ငံက ကလေးသူငယ်များအကြောင်း
- English
- မြန်မာ
ယခင်ကဆို နေမြင့်လာတဲ့တိုင် အေးမြနေဆဲဖြစ်တဲ့ ရွာဘေးက ချောင်းလေးအနားမှာ ရယ်မောသံတွေနဲ့ လွှမ်းခြုံနေတတ်ပါတယ်။ အသက် ၁၄ နှစ်အရွယ် စောလား၁ က ညီအစ်ကိုတွေနဲ့အတူ ရေကူးနေကျ ရွာချောင်းလေးသို့ ထွက်လာခဲ့ပါတယ်။ ဒီချောင်းလေးက သူတို့ညီအစ်ကိုတွေ အမြဲရေကူးနေကျ ချောင်းလေးပေါ့။ ဒါပေမယ့် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
"ကျွန်တော် ချောင်းထဲကို ခြေချလိုက်တဲ့အချိန်မှာ အသံအကျယ်ကြီး ကြားလိုက်ရပြီး ကျွန်တော်လေပေါ် မြောက်တက်သွားတယ်။ ပြီးတော့ ဘာမှမမြင်ရတော့ဘဲ အားလုံးမှောင်မဲသွားတယ်" လို့ စောလားက ပြောပြတယ်။
သူက ရွာချောင်းအနီးမှာ ထောက်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာဖြစ်ပါတယ်။ ရွာချောင်းဆိုတာ ရွာသူရွာသားအားလုံး ဘေးကင်းကင်းနဲ့ စိတ်ချလက်ချအသုံးပြုလို့ရနိုင်သင့်တဲ့နေရာပါ။ သူ ဆေးရုံမှာ ပြန်သတိရလာတဲ့အချိန်မှာတော့ သူ့ဘယ်ဘက်ခြေထောက်ကို ဒူးအောက်ကနေ ဖြတ်ပစ်လိုက်ရတယ်ဆိုတဲ့ ထိတ်လန့်စရာ သတင်းကိုကြားလိုက်ရပါတယ်။ ၇ တန်းကျောင်းသားလေး စောလားအတွက် ဘဝက ရုတ်တရက် ရက်စက်လှစွာ ပြောင်းလဲသွားခဲ့ပါတယ်။
"ကျွန်တော့်ဘဝကြီး တစ်ခုလုံး လုံးဝပြိုလဲသွားသလိုခံစားရတယ်။ ကျွန်တော် ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့လည်း ကစားနိုင်တော့မှာ မဟုတ်တော့ဘူးဆိုပြီး" လို့ သူက ပြောပါတယ်။ စောလားက ဘောလုံးကန်တာနဲ့ ဘော်လီဘောကစားတာကို နှစ်သက်သူပါ။ ဒါပေမဲ့လည်း သူ့ရဲ့အခြေအနေအရ တစ်သက်လုံး အရန်ခုံမှာပဲ ထိုင်ကြည့်ရတော့မယ့်အကြောင်း တွေးမိပြီး များစွာဝမ်းနည်းခဲ့ရပါတယ်။
မိခင်ဖြစ်သူ ဒေါ်နော်ဝင်းရီက ပေါက်ကွဲသံကြားလိုက်ရချိန်ကို မှတ်မိနေတုန်းပါပဲ။ "လူတစ်ယောက်က စောလားဒဏ်ရာရသွားလို့လို့ အော်ပြီး အိမ်ထဲပြေးဝင်လာတယ်။ ကျွန်မဆေးရုံရောက်သွားတဲ့အချိန်မှာ သားတစ်ကိုယ်လုံး သွေးတွေနဲ့ဖုံးနေလို့ သားကိုတောင် မမှတ်မိဘူး။ ဆရာဝန်က သားခြေထောက်ကို ဖြတ်ဖို့ကလွဲပြီး ရွေးစရာမရှိဘူးလို့ ပြောလိုက်တော့ ကျွန်မနှလုံးတွေ ရပ်သွားသလိုပဲ" လို့ ပြောပြပါတယ်။
စောလား နာလန်ပြန်ထူဖို့ကြိုးစားနေရချိန်မှာ ရွာအနီးမှာလည်း ပဋိပက္ခတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဒါကြောင့် သူတို့မိသားစုက အခြားမိသားစု ထောင်ပေါင်းများစွာနဲ့အတူ ရွာကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အခုဆိုရင်တော့ သူတို့ဟာ သူတို့အိမ်နဲ့အများကြီးဝေးတဲ့ အခြားကျေးရွာတစ်ခုက ဆွေမျိုးတွေဆီမှာ နေနေကြရပါတယ်။
တစ်နှစ်နီးပါးအကြာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ နောက်ထပ်လူငယ်လေးတစ်ဦးရဲ့ ဘဝဟာလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရပါတယ်။ အသက် ၁၅ နှစ်အရွယ် မြတ်ကျော်က သူ့သူငယ်ချင်း စိုင်းစိုင်းတို့အိမ်မှာ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို တွေ့လိုက်ပါတယ်။ ဒီပစ္စည်းက စိုင်းစိုင်းရဲ့ဖခင်ဖြစ်သူက လယ်ကွင်းထဲကနေ သတ္တုအပိုင်းအစတစ်ခုလို့ထင်ပြီး ကောက်လာခဲ့တာပါ။ တကယ်တော့ ဒီပစ္စည်းက မပေါက်ကွဲသေးတဲ့ ၇၉ မမ မော်တာဗုံးသီးတစ်လုံးဖြစ်နေခဲ့ပါတယ်။ လူငယ်လေးတွေက သိချင်စိတ်နဲ့ အန္တရာယ်ကို သတိမထားမိဘဲ စူးစမ်းကြည့်လိုက်တဲ့အချိန်မှာ ကံမကောင်းစွာပဲ ဗုံးသီးက သူတို့လက်ထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။
၁၅ နှစ်အရွယ် စိုင်းစိုင်းရရှိခဲ့တဲ့ ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးရုံသွားတဲ့လမ်းမှာတင် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မြတ်ကျော်က အသက်ရှင်သန်ခဲ့ပေမယ့် လက်တွေနဲ့ ဒူးမှာ ဒဏ်ရာရရှိခဲ့သလို သူ့ခန္ဓာကိုယ်ထဲမှာလည်း ဗုံးသီးအပိုင်းအစတွေ စိုက်ဝင်နေတုန်းပဲဖြစ်ပါတယ်။
"ဒီလိုမျိုးလုံးဝ မဖြစ်သင့်ဘူး။ ဒီလိုလက်နက်မျိုးတွေက ကလေးတွေနား ဘယ်လိုမှ မရှိသင့်ဘူး။ ဒါတွေကို ဖယ်ရှားဖို့လိုတယ်" လို့ မြတ်ကျော်က ဆိုပါတယ်။
ဖြစ်ပွားချိန်မှာ မြတ်ကျော်ရဲ့မိခင်ဖြစ်သူ ဒေါ်မြဝင်းက အိမ်ထဲမှာ ရှိနေပါတယ်။ "ကျွန်မ ပေါက်ကွဲသံကြီးကြားလိုက်ရတယ်။ မိုးကြိုးပစ်သံလိုပဲ။ ကျွန်မအပြင် ပြေးထွက်လာတဲ့အချိန်မှာ နံရံတွေရော ကြမ်းတွေပေါ်မှာပါ သွေးတွေအပြည့်ပဲ။ သားက အော်ပြီးငိုနေတယ်။ ပေါက်ကွဲမှုထဲမှာ ကျွန်မတို့အိမ်နီးချင်းရဲ့ သားလေးလည်း ပါသွားတယ်။ ဒီလိုဖြစ်ရပ်မျိုး ကျွန်မတို့အိမ်နားမှာ ဘယ်လိုဖြစ်ခဲ့လည်းဆိုတာ အခုထိနားမလည်နိုင်သေးဘူး။"
ဒီဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသည်မှာ စောလားနဲ့ မြတ်ကျော်နှစ်ယောက်တည်း မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းပေါက်ကွဲမှု ဖြစ်ရပ်ပေါင်း ၅၀၁ ခုဖြစ်ပွားခဲ့ပြီး အရပ်သား ၇၄၅ ဦး ထိခိုက်၊ သေဆုံးခဲ့ပါတယ်။ ဒီအထဲမှာ ကလေးငယ် ၁၅၅ ဦး ပါဝင်ပါတယ်။ ရှမ်းပြည်နယ်တစ်ခုတည်းမှာပင် သေဆုံးဒဏ်ရာရသူအားလုံးရဲ့ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ https://www.unicef.org/myanmar/reports/myanmar-landmine-and-explosive-ordnance-incidents-information-2025 ဒီမိုင်းတွေကို ချောင်း၊ လယ်ကွင်း၊ လမ်းနဲ့ ကျောင်းတွေအနီးမှာ မြှုပ်ထားခဲ့ကြခြင်းဖြစ်ပါတယ်။ မြို့ကြီးများပြင်ပရှိ ပြည်နယ်၊ တိုင်းဒေသအားလုံးမှာ ကလေးတိုင်းရဲ့ ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း ဒီအန္တရာယ်ကို ရင်ဆိုင်နေကြရပါတယ်။
"ကလေးတိုင်း ကျောင်းသွားရာမှာဖြစ်ဖြစ်၊ ဆော့ကစားရာမှာဖြစ်ဖြစ်၊ မိသားစုကို ကူညီရာမှာဖြစ်ဖြစ် အန္တရာယ်ကင်းရပါမယ်" လို့ ယူနီဆက်မြန်မာရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အကြီးအကဲဖြစ်သူ Barbara Jamar က ဆိုပါတယ်။ "ဒါပေမဲ့ မြန်မာနိုင်ငံက ကလေးငယ်များစွာဟာ မမြင်ရတဲ့လူသတ်လက်နက် အမျိုးမျိုး ဝန်းရံပြီး ကြီးပြင်းလာနေရပါတယ်။"
စောလားအတွက် ယူနီဆက်ရဲ့ ပံ့ပိုးမှုဖြင့် ခြေတုတစ်ခုရရှိပြီးနောက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ပြန်သမ်းလာခဲ့ပြီဖြစ်ပါတယ်။ "ကျွန်တော်အရမ်းစိတ်လှုပ်ရှားတယ်။ ကျွန်တော်တွေးမိတာက သူငယ်ချင်းတွေနဲ့အတူ အပြင်ပြန်ထွက်နိုင်ဖို့အကြောင်းပဲ" လို့ သူက ပြောပြပါတယ်။ ခြေတုရုံမှာ တစ်လကြာပြီးနောက်ဆုံးမှာတော့ သူ လမ်းပြန်လျှောက်နိုင်ပါပြီ။ "အခု ကျွန်တော် ဘော်လီဘော ပြန်ပြီးကစားနိုင်ပြီ။ စက်ဘီးလည်း စီးလို့ရပြီ။"
စောလားက ပေါက်ကွဲမှုဖြစ်ပြီးကတည်းက သူကျောင်းပြန်မတက်ရသေးပေမယ့် နောက်စာသင်နှစ်မှာတော့ ကျောင်းပြန်တက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ "ကျွန်တော်က အင်ဂျင်နီယာဖြစ်ချင်တယ်။ လူတွေအတွက် အိမ်တွေဆောက်ပေးချင်တယ်" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးကတော့ စိတ်ထဲမှာ စွဲနေတုန်းပါပဲ။ "ကျွန်တော်တို့အမြဲကူးနေကျ ချောင်းထဲမှာ ပေါက်ကွဲခဲ့တာ။ ကျွန်တော် ဒေါသအရမ်းထွက်တယ်။ ဒီလိုနေရာမှာ မိုင်းဆိုတာ လုံးဝမရှိသင့်တာလေ။"
မိခင်ဖြစ်သူမှာလည်း စိတ်ဒဏ်ရာတွေ ကျန်ရစ်နေဆဲပါ။ "သူ အိမ်ကနေအပြင်ထွက်သွားတဲ့အချိန်တိုင်း ကျွန်မအသက်မရှူရဲဘဲ အသက်အောင့်ထားမိတယ်။ ခြေတုရှိပြီဆိုပေမယ့်လည်း သူဘယ်လိုခံစားနေရလဲဆိုတာ ကျွန်မသိတယ်။ ပြီးတော့ ကျန်တဲ့တခြားကလေးတွေအတွက်လည်း ကျွန်မတွေးမိတယ်။ ကလေးတွေ မိဘတွေကို လယ်ထဲမှာကူရင်း၊ ထင်းကောက်ရင်း ထိခိုက်မိကြတယ်ဆိုတဲ့ သတင်းတွေလည်း ကျွန်မတို့ကြားတယ်။ တော်တော်ကြောက်ဖို့ကောင်းတယ် - နောက်ထပ်အန္တရာယ်က ဘာဖြစ်မလဲဆိုတာ မသိရတော့ပိုဆိုးတယ်။"
မောင်မြတ်ကျော်တစ်ယောက် ရှေ့ဆက်ဖို့ကြိုးစားပေမယ့်လည်း စိတ်တွေက လေးလံနေဆဲပါ။ "ကျွန်တော် စိုင်းစိုင်းကို နေ့တိုင်းသတိရတယ်။ သူက ဘောလုံးကန်ဖို့ ကျွန်တော့်ကို အမြဲလာခေါ်နေကျ။ ကျွန်တော်တို့ ဗိုက်ဆာရင် သူက စားစရာတစ်ခုခု ရအောင် ရှာပေးနေကျ။ သူက ကျွန်တော့်ရဲ့အခင်ဆုံးသူငယ်ချင်း" လို့ မြတ်ကျော်က ပြောပြပါတယ်။
သူ့ရဲ့မိခင်ဖြစ်သူကလည်း ဘဝတွေ ပြောင်းလဲသွားပုံကို ပြောပြလာပါတယ်။ "ကျွန်မတို့အိမ်မှာ ဒီလိုအဖြစ်မျိုးဖြစ်လိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မထင်ခဲ့ဘူး။ သွေးတွေလူးနေတဲ့ကိုယ့်သားသမီးကို မြင်လိုက်ရတဲ့ အကြောက်တရားက ဘာနဲ့မှမတူဘူး။ အလုံခြုံဆုံးနေရာတွေတောင် အန္တရာယ်ရှိလာနေပြီလို့ ကျွန်မတို့ ခံစားနေရတယ်။"
ငါးနှစ်တာကြာမြင့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေက အခုချိန်ထိ လျော့ကျမယ့်အရိပ်အယောင် မမြင်ရသေးပါဘူး။ မြန်မာနိုင်ငံကကလေးတွေအနေနဲ့လည်း အကြီးလေးဆုံး ဝန်တွေကို ထမ်းနေကြရဆဲဖြစ်ပါတယ်။ နေရပ်စွန့်ခွာရခြင်း၊ အလိုအပ်ဆုံးဝန်ဆောင်မှုတွေ မရရှိခြင်းနဲ့ မြေမြှုပ်မိုင်းတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေလို အန္တရာယ်ရှိလက်နက်တွေနဲ့ ပိုပြီးထိတွေ့လာနေရပါတယ်။
မြေမြှုပ်မိုင်းအန္တရာယ်က ပိုမိုကြီးမားလာနေသည့်တိုင် လုံခြုံရေးအခြေအနေနဲ့ မြေမြှုပ်မိုင်းနေရာတွေကို သွားရောက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို မလုပ်နိုင်သေးချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် မိုင်းအန္တရာယ်အသိရှိဖို့က မရှိမဖြစ်လိုအပ်လှပါတယ်။ ယူနီဆက်က ပေါက်ကွဲစေတဲ့ပစ္စည်းများအန္တရာယ် ပညာပေးဖို့နဲ့ ထိခိုက်နစ်နာသူတွေအတွက် အသက်ကယ်အကူအညီပေးရေး လုပ်ငန်းတွေကို ချဲ့ထွင်ဖို့ ဆက်သွယ်ရေးကိရိယာနဲ့ လမ်းကြောင်းအမျိုးမျိုးကို အသုံးပြုနေသည့်တိုင် မြင့်တက်လာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အရေးပေါ် ရန်ပုံငွေလိုအပ်နေပါတယ်။
"မိုင်းအန္တရာယ်ပညာပေးဖို့က သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်မတို့ချည်းပဲ လုပ်လို့မရပါဘူး။ ကလေးတွေ နေထိုင်တဲ့၊ ကစားတဲ့၊ စာသင်ကြားတဲ့ နေရာတွေမှာ ဒီလိုအန္တရာယ်ကြီးမားတဲ့ လက်နက်တွေ အသုံးပြုတာကို ချက်ချင်းရပ်တန့်ဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးကို ယူနီဆက်က တောင်းဆိုပါတယ်" လို့ Barbara Jamar က ဆိုပါတယ်။
လက်ရှိမှာတော့ စောလားနဲ့ မြတ်ကျော်တို့မိသားစုနှစ်ခုစလုံးဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ သူတို့ဟာ သူတို့ရဲ့ အိမ်တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ လုံခြုံစိတ်ချရတဲ့ ခံစားချက်တွေကို ဆုံးရှုံးခဲ့ကြရပါတယ်။ ဒါပေမဲ့ လူငယ်လေးတွေမှာ အသံတိတ်ခွန်အားတွေရှိနေပြီး တခြားသူတွေကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။
"ထူးဆန်းနေတဲ့ပစ္စည်းတစ်ခုခုကို လုံးဝမထိကြပါနဲ့။ အဲဒါဘာလဲဆိုတာ မသိရင် ဝေးဝေးနေလိုက်ပါ။ ဒီလိုသိချင်စိတ်နဲ့ ဘဝကိုရင်းဖို့မတန်ပါဘူး" လို့ မြတ်ကျော်က ဆိုပါတယ်။
"မြန်မြန် ငြိမ်းချမ်းပါစေလို့ ကျွန်တော် ဆုတောင်းတယ်။ တစ်နေ့ကျရင် ကလေးတွေဟာ ကြောက်လန့်စရာမလိုဘဲ ကစားနိုင်ရမယ်။ အခုတော့ ခြေလှမ်းတိုင်းက ကျွန်တော်တို့ရဲ့ နောက်ဆုံးခြေလှမ်းဖြစ်သွားနိုင်တယ်။ ဒါက ရင်အနာရဆုံးပါပဲ" လို့ စောလားက ဆိုပါတယ်။
[၁] ကလေးများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ဇာတ်လမ်းအတွင်း အသုံးပြုထားသော နာမည်များကို ပြောင်းလဲထားပါသည်။