နေရောင်ခြည်က ယူဆောင်လာပေးတဲ့သောက်သုံးရေသန့်

နေရောင်ခြည်စွမ်းအင်ကြောင့် မြန်မာနိုင်ငံခြောက်သွေ့ဒေသက ဘဝများ ပြောင်းလဲလာခဲ့ပုံ

UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2025/Minzayar Oo
10 မတ်လ 2026

မနက်ခင်းတိုင်း အရုဏ်မတက်ခင် အချိန်ဆိုရင် အသက် ၅၆ နှစ်အရွယ် ဒေါ်ဝင်းကြည်ဟာ သူမရဲ့ အငယ်ဆုံးကလေးနှစ်ယောက်ကို နှိုးပြီး မီတာ ၄၀၀ နီးပါး ဝေးတဲ့   ချောင်းဝရွာရဲ့ တစ်ခုတည်းသော ရေတွင်းရှိရာကို ရေခပ်ဖို့ လမ်းလျှောက ထွက်ကြရပါတယ်။ ခြောက်သွေ့နေတဲ့ စမ်းချောင်းနံဘေး ဒီရေတွင်းအနီးမှာ နေခြစ်ခြစ်တောက်မပူလာခင် ဝေလီဝေလင်းအချိန်ကတည်းက ရေခပ်မယ့်  မိသားစု တွေဟာ တန်းစီစောင့်ဆိုင်း  နေကြ ရပါတယ်။ ကျပန်းလုပ်သားတစ်ဦးဖြစ်တဲ့ သူမရဲ့  ခင်ပွန်းသည်ကတော့ လယ်အလုပ် ဒါမှမဟုတ် လက်သမားအလုပ် တစ်ခုခုရဖို့အတွက် နေ့တိုင်း ဒီထက်တောင်ခပ်စောစော အိမ်ကထွက်ရပါတယ်။ ဆန်ဝယ်ဖို့ ပိုက်ဆံ လောက်လောက်လားလားရတဲ့  နေ့တွေရှိသလို ဘာအလုပ်မှ မရတဲ့နေ့တွေမှာတော့ သူတို့ရဲ့ခြံလေးထဲက ရသမျှဟင်းသီးဟင်းရွက်လေးတွေကိုပဲ ခူးခပ်ပြီး ဝမ်းရေးကိုဖြေရှင်းရတဲ့နေ့တွေလည်း ရှိပါတယ်။

"ကျွန်မတို့ ထမင်းငတ်တဲ့အထိတော့ မဖြစ်ခဲ့သေးပါဘူး။ ဒါပေမဲ့ နောက်နေ့ရော ထမင်းစားရပါ့မလား ဆိုပြီး အမြဲတမ်း စိုးရိမ် ပူပန်ပြီး  နေနေရတယ်။" 

ဒေါ်ဝင်းကြည်တို့အတွက်တော့ ရေဟာ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ပါတယ်။ ရွာနီးဝန်းကျင်မှာ တူးဖော်စရာ မြေအောက်ရေ ကလွဲရင် အခြားရေထွက်ပင်ရင်းတွေလည်း မရှိတဲ့အတွက် မိသားစုတွဟာအမိုးအကာမရှိတဲ့ ရေတွင်းငယ်ကိုပဲ လုံးလုံးလျားလျား အားကိုးခဲ့ကြရပါတယ်။ ရေပုံးတွေကို ထမ်းပိုးနဲ့ထမ်းပြီးပြန်ရတဲ့ အိမ်ပြန်လမ်းက လေးလံလွန်းလို့ ခြေလှမ်းတွေ နှေးကွေးခဲ့ရသလို အပူရှိန်ကလည်း နှစ်တိုင်း တိုးတိုးပြီးပူလာခဲ့ပါတယ်။

"ကျွန်မကလေးတွေက ကျွန်မကို ရေကူခပ်ပေးရင်း ကြီးလာခဲ့ရတာ။ သူတို့လက်ကလေးတွေက သေးသေးလေးတွေပဲရှိသေးပေမယ့် ပင်ပင်ပန်းပန်းနဲ့ ဝိုင်းလုပ်ပေးခဲ့ကြရတယ်" လို့ သူမက စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။

ဒေါ်ဝင်းကြည် နေ့စဉ်ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဟာ တစ်ရွာလုံး ရင်ဆိုင်နေရတဲ့ လက်တွေ့အမှန်တရားလည်းဖြစ်ပါတယ်။ ချောင်းဝရွာက မိသားစုတိုင်းဟာ ဒီအခက်အခဲကိုပဲ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ တချို့က နွားလှည်းတွေ နဲ့ ‌ရေတိုက်ကြသလို ၊ တချို့က ရေပုံးနဲ့ ထမ်းပိုးကို သုံးကြတယ်။ ကလေးတွေဆိုရင်လည်း မိဘတွေကို ရေကူခပ်ပေးရင်း ကျောင်းပျက်ကြရသလို၊ လူကြီးတွေ ကလည်း ရေကို အဝေးကြီး သွားမသယ်ရအောင် ခွဲတမ်းနဲ့ ချွေတာသုံးစွဲကြရပါတယ်။ ဖခင်တွေက မိသားစုစားဝတ်နေရေးအတွက် နေ့ဘက်မှာ အလုပ်ထွက်လုပ်ကြရပြီး မိခင်တွေကတော့  ပြင်းထန်တဲ့ အပူဒဏ်ကို ရှောင်ရအောင် နေမထွက်ခင်ထပြီး ရေခပ်ကြရပါတယ်။

ဒီခြောက်သွေ့ဒေသက လူထုရဲ့ဘဝဟာ အမြဲတမ်း မရေရာမှုတွေ ပြည့်နှက်နေပါတယ် ။ မိုးကလည်း အချိန်အခါမဟုတ် ရုတ်တရက်ရွာတတ်သလို အပူချိန်ကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့တာကြောင့် ချောင်းဝရွာရဲ့ တစ်ခုတည်းသော အသက်သွေးကြောဖြစ်တဲ့ ရေတွင်းငယ်လေးဟာလည်း ရာသီဥတု ရာသီဥတုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။

မိုးရာသီရောက်လို့ မုန်တိုင်းတိုက်ပြီဆိုရင်လည်း  အမိုးအကာ မရှိတဲ့ ရေတွင်းထဲ အမှိုက်အစအနတွေ ဝင်စေပြီး ရေကို ညစ်ညမ်းစေတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်မှာကို အမြဲစိုးရိမ်နေခဲ့ရ် ပြန်ရော ။ နွေခေါင်ခေါင်ရောက်လာ  ပြန်ရင်လည်း  ရေမျက်နှာပြင်က တဖြည်းဖြည်းနိမ့်ဆင်းလာပြီး ရေလုံးဝခမ်းသွားမလားလို့ စိုးရိမ်ကြရပြန်ပါတယ်။

"ကျွန်တော်တို့မှာ နေ့တိုင်း ရင်တထိတ်ထိတ်နဲ့နေနေရတာ။ ရေတွေ ညစ်ပတ်သွားရင် ကလေးတွေ နေမကောင်းဖြစ်မှာ ကြောက်ရတယ်။ ရေမျက်နှာပြင် ကျသွားရင်လည်း သောက်ဖို့၊ ချက်ပြုတ်ဖို့ ရေရပါတော့မလားလို့ စိုးရိမ်ကြရတယ်။ ကျွန်တော်တို့ဘဝတွေအားလုံးက ဒီရေတွင်းလေးတစ်ခုတည်းကိုပဲ အားကိုးနေခဲ့ရတာ" လို့ ဦး‌ဂျော်ကာက ပြောပြပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Minzayar Oo ပြောင်းလဲမှု၏ အဓိကမဏ္ဏိုင်မှာ Kakao Bank မှ ပံ့ပိုးကူညီသည့် နေရောင်ခြည်စွမ်းရည်သုံး ရေပေးဝေရေးစနစ်သစ်ဖြစ်ပါသည်။ ပြန်လည်ပြုပြင်မွမ်းမံထားသည့် ရေတွင်းထဲမှ သန့်ရှင်းသောရေကို နေရောင်ခြည်စွမ်းရည်ဖြင့် ရေလှောင်ကန်အတွင်းသို့ စုပ်ယူပြီးနောက် ရေပိုက်ကွန်ရက်ကတစ်ဆင့် ချောင်းဝကျေးရွာရှိ နေအိမ်တိုင်းသို့ ရေပေးဝေလျက်ရှိပါသည်။

နေ၏စွမ်းအားဖြင့်ပံ့ပိုးသည့် အလှည့်အပြောင်း 

Kakao Bank ရဲ့ ရက်ရောလှတဲ့ ပံ့ပိုးမှုနဲ့အတူ ယူနီဆက်က ခြောက်သွေ့ဒေသရဲ့ ပြင်းထန်တဲ့ အခြေအနေတွေ ဒဏ်ကို ခံနိုင်ရည်ရှိအောင် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်ကို စတင်မိတ်ဆက်တဲ့အချိန်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ဒါပေမဲ့ ရွာသူရွာသား တော်တော်များများကတော့ ဒီစိတ်ကူးက တကယ်ရော ဖြစ်နိုင်ပါ့မလားလို့  သံသယဝင်ခဲ့ကြပါတယ်။

"နေရောင်ခြည်က ကျွန်မတို့ကို သန့်ရှင်းတဲ့ရေ တွေ ရောက်လာအောင် လုပ်ပေးနိုင်တယ်လို့ သူတို့ရှင်းပြတော့ ဒါတကယ်ဖြစ်နိုင်ရဲ့လားလို့  တွေးမိခဲ့တယ်" လို့ ဒေါ်ဝင်းကြည်က ဆိုပါတယ်။ " အရင်ကတော့ နေက ကျွန်မတို့ကို ပင်ပန်းအောင်ပဲ လုပ်ခဲ့ဖူးတာလေ။ အခုတော့ အဲဒီနေရောင်ခြည်ကပဲ ကျွန်မတို့ကို ဘဝတစ်ခုပေးလိုက်တာပါပဲ" လို့ ဒေါ်ဝင်းကြည်က ပြောပြပါတယ်။

ရေရရှိမှု ခိုင်မာစေဖို့နဲ့  ရေရှည်အသုံးပြုနိုင်ဖို့အတွက် ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းက ရေတွင်းကို အမိုးအကာတွေ၊ ရေမြောင်းတွေနဲ့ စနစ်တကျ ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့ပါတယ်။ နေရောင်ခြည်ကနေ စွမ်းအင်ရယူပြီး ရေကို ထိထိရောက်ရောက် စုပ်ယူနိုင်ဖို့အတွက် ဆိုလာပြားတွေကို တပ်ဆင်ပေးခဲ့ပြီး ရေလှောင်ကန်အသစ်တစ်ခုနဲ့ အိမ်တိုင်ရာရောက် ရေရရှိစေမယ့် ရေပိုက်ကွန်ရက်တစ်ခုကိုပါ သွယ်တန်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် ရွာသူရွာသားတွေကလည်း ထိရှလွယ်တဲ့ ဂေဟစနစ်ကို ထိန်းသိမ်းပြီး ရေရင်းမြစ်တွေ ပိုမိုကောင်းမွန်လာအောင် ရေတွင်းအနီးတစ်ဝိုက်မှာ သစ်ပင်တွေကို ဝိုင်းဝန်းစိုက်ပျိုးခဲ့ကြပါတယ်။ 

 

ကိုယ်ပိုင်အနာဂတ်ကို တည်ဆောက်ကြသည့် ရပ်ရွာအသိုက်အဝန်း 

ချောင်းဝ ရွာသားတွေဟာ ဒီရေပေးဝေရေးစနစ်ကို အလွယ်တကူ လက်ခံရယူခဲ့တာမဟုတ်ဘဲ သူတို့ကိုယ်တိုင် အင်တိုက်အားတိုက် ပါဝင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရွာသူရွာသားတွေက ရေနုတ်မြောင်းတွေကို ကိုယ်တိုင်တူး၊ စည်းရိုးတွေကို ကိုယ်တိုင်ခတ်ကြပြီး သစ်ပင်တွေစိုက်ပျိုးခဲ့ကြသလို ဆိုလာပြားတွေ နေရာချထားဖို့အတွက်လည်း ဝိုင်းဝန်း ကူညီပေးခဲ့ပါတယ်။ ဒီစီမံကိန်းက ရွာအတွက် ရေရရှိအောင် အားပေးခဲ့သလို ကျေးရွာလူထုရဲ့ ဂုဏ်သိက္ခာကိုလည်း အားကောင်းစေခဲ့ပါတယ်။

"ဒါကို ကျွန်မတို့လက်နဲ့ ကိုယ်တိုင် ဝိုင်းဝန်း ဆောက်ခဲ့တာ"လို့ မိဘတွေနဲ့အတူ ရေမြောင်းတူးရာမှာ ပါဝင်ခဲ့တဲ့ အသက် ၂၀ နှစ်အရွယ် မစုနှင်းက ဂုဏ်ယူစွာ ပြောပြပါတယ်။ "ဒါကြောင့်လည်း ဒီစနစ်ကြီးကို ကျွန်မတို့ကိုယ်တိုင်ပဲ ကာကွယ်စောင့်ရှောက်သွားရမှာပါ" လို့ သူမက ဆိုပါတယ်။

ယူနီဆက်အနေနဲ့လည်း ဒီ ရေပေးဝေရေးစနစ်ကို စီမံခန့်ခွဲနိုင်ဖို့အတွက် ရွာသူရွာသားတွေကို သင်တန်းတွေ ပို့ချပေးခဲ့ပါတယ် ။ အဲဒီသင်တန်းမှာ ရေစုပ်စက်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုတာက  အစကျေးရွာစာရင်းဇယားတွေကို ကိုင်တွယ်ပုံ၊ ပြင်းထန်တဲ့အပူရှိန်နဲ့၊ ရုတ်တရက် မိုးရွာသွန်းမှတွေလို အန္တရာယ်တွေကနေ ကာကွယ်နိုင်မယ့်   ရာသီဥတုဒဏ်ခံနိုင်တဲ့ ရေဘေးလုံခြုံရေး အစီအစဉ်တွေ အထိ အသေးစိတ် ပါဝင်ပါတယ်။

"အခုဆို ကျွန်တော့်မှာ ယုံကြည်မှုရှိနေပြီ။ ရေပေးစနစ် မပျက်သွားအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိသွားပြီလေ ။ဒါ့အပြင် ဖောက်ပြန်ပြောင်းလဲလာရင် ဘာတွေလုပ်ရမလဲဆိုတာကိုလည်း နားလည်သွားပြီ။  ဒီစနစ်က ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါပဲ" လို့ ဦးဂျော်ကာက ပြောပြပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Minzayar Oo ယူနီဆက်ဝန်ထမ်းတစ်ဦးက ရေစီမံခန့်ခွဲရေးကော်မတီကို နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်၏ လုပ်ငန်းလည်ပတ်ပုံနှင့် ထိန်းသိမ်းပုံကို လမ်းညွှန်ပေးနေပုံ။ Kakao Bank ၏ ပံ့ပိုးမှုဖြင့် ကော်မတီဝင်များသည် ချောင်းဝကျေးရွာရှိ မိသားစုတိုင်းအတွက် သန့်ရှင်းစိတ်ချရသောရေရှိနိုင်ဖို့ ရေပေးဝေရေးစနစ်ကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ပြီဖြစ်သည်။

ပြောင်းလဲလာသည့် ကျေးရွာ 

ယနေ့မှာတော့ ချောင်းဝရွာလေးရဲ့ အိမ်တိုင်းမှာ သန့်ရှင်းတဲ့ရေကို ဘေးကင်းကင်းနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒေါ်ဝင်းကြည်တို့ မိသားစုအတွက်တော့ ဒါဟာ တကယ့်ကို ဘဝအပြောင်းအလဲကြီးတစ်ခုပါပဲ။

"အခုဆိုရင် ကျွန်မမြေးလေးက အချိန်မရွေး သန့်ရှင်းတဲ့ရေကို သောက်နိုင်နေပြီလေ " လို့ ရေဘုံပိုင်မှာ လက်ဆေးနေတဲ့ မြေးမလေးကို ကြည့်ရင်းပြောပြပါတယ်။ ဒီလို ရေလေး အလွယ်တကူ ရလာတာတင်ပဲ ကျွန်မတို့ မိသားစုရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာပါပဲ" လို့ ဆိုပါတယ်။

အမျိုးသမီးတွေမှာလည်း  အလုပ်လုပ်ဖိရော၊ အနားယူဖို့ပါ အချိန်ပိုရလာပါတယ်။ ကလေးတွေဆိုရင်လည်း ရေတွင်းမှာ တန်းစီရမယ့်အစား ကျောင်းကို မှန်မှန်တက်နိုင်ကြပြီ ဖြစ်သလို   ကျန်းမာရေးလည်း အရင်ကထက် ပိုကောင်းလာကြပါတယ်။ ရွာထဲမှာ စိုက်ထားတဲ့ သစ်ပင်တွေကလည်း အခုဆိုအမြစ်တွေတွယ ပြီး ရှင်သန်လာကြပါပြီ။ ပထမဆုံးအဖြစ် ချောင်းဝကျေးရွာသားတွေဟာ ဖောက်ပြန် ပြောင်းလဲလာတဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာကြပါတော့တယ်။ . 

Kakao Bank ရဲ့ ကျေးဇူးကြောင့် တစ်ချိန်က ရက်စက်ကြမ်းတမ်းပြီး အပြစ်ဒဏ်ပေး သလို ပူပြင်းခဲ့တဲ့  နေမင်းကြီးဟာ ယခုအခါမှာတော့ ချောင်းဝကျေးရွာအတွက် သန့်ရှင်းတဲ့ရေကို ပေးစွမ်းနိုင်တဲ့ အားကိုးရဆုံး မိတ်ဖက်တစ်ခုဖြစ်လာပြီး မျှော်လင့်ချက်များကို ပြန်လည်ရှင်သန်လာစေခဲ့ပါတယ်။

"ကျွန်မတို့ရွာ‌လေး တကယ်ပဲ ပြောင်းလဲသွားပြီ။ ဒီစီမံကိန်းက ရေကိုပဲသယ်ဆောင်လာပေးတာ မဟုတ်ပါဘူး။ ကျွန်မတို့အတွက် လူမှုဘဝ ဂုဏ်သိက္ခာတွေ၊ ခွန်အားတွေနဲ့ တောက်ပတဲ့ အနာဂတ်ကိုပါ ယူဆောင်လာပေးတာဖြစ်ပါတယ်" လို့ ဒေါ်ဝင်းကြည်က ကြည်နူးဝမ်းသာစွာနဲ့ ပြောပြလိုက်ပါတယ်။