ငလျင်ကပြီးသွားပေမယ့် အဲ့ဒီကတည်း သူအိပ်မပျော်တော့ဘူး
ငလျင်ဘေးကြုံရပြီးနောက်ပိုင်း ကလေးငယ်များ စိတ်ဒဏ်ရာများခံစားနေကြရ
- English
- မြန်မာ
“တစ်ခုခုက သူ့ကို ဝင်ပူးနေသလိုပဲ။ ညသန်းခေါင်ကြီးမှာ သူ့ခေါင်းကိုသူ ထပ်ခါထပ်ခါထရိုက်တယ်။ ကျွန်မသားလေးကို ဒီလိုမြင်ရတာ ကျွန်မရင်ကျိုးရတယ်"လို့ အသက် ၄၀ နှစ်နေကျော်အရွယ်ရှိ မိခင်ဖြစ်သူ မနု[1] က လက်တွေကိုငုံ့ကြည့်ရင်း ခပ်တိုးတိုး ယူကြုံးမရဖြစ်နေတဲ့အသံနဲ့ ပြောပြပါတယ်။ သူမရဲ့သား မောင်ပြည့်က အသက် ရှစ်နှစ်အရွယ်ရှိပြီး အရင်ကဆို အေးအေးဆေးဆေးလေးနဲ့ တစ်ယောက်တည်း သူ့ဘာသာသူ ပျော်အောင်နေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ငလျင်လှုပ်ပြီး အခုချိန်မှာတော့ မောင်ပြည့်က ငလျင်ထပ်လှုပ်မှာ ကြောက်စိတ်နဲ့ အိပ်မပျော်တော့ပါဘူး။
မောင်ပြည့်တို့မိသားစုက သာမန်လက်လုပ်လက်စား မိသားစုလေးဖြစ်ပြီး မန္တလေးမြို့မှာ နေထိုင်ကြပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့ သူတို့မိသားစုလေးရဲ့ ပျော်ရွှင်မှုက တစ်စစီပျက်စီးခဲ့ရပါတယ်။
"ဖြစ်တဲ့အချိန်မှာ ကျွန်မက မီးဖိုချောင်ထဲ ရောက်နေပြီး အမျိုးသားက ဧည့်ခန်းထဲမှာပါ" လို့ မနုက ပြောပြပါတယ်။ "ကျွန်မအောက်က ကြမ်းပြင်က လှိုင်းလုံးကြီးတစ်ခုလို ရွေ့သွားတယ်။ ကျွန်မ မတ်တပ်တောင် ရပ်လို့မရဘူး။ အဲ့ဒီ့အချိန် သားလေးက အိမ်အပေါ်ထပ်မှာ တစ်ယောက်တည်း နေ့လယ် တရေးအိပ်မလို့ လုပ်နေတာ" ပြန်ပြောပြရင်း မနုရဲ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲသွားပါတယ်။ "ကျွန်မ သားနာမည်ကိုပဲ အော်ခေါ်မိတယ်။ တခြားဘာကိုမှ မစဉ်းစားနိုင်တော့ဘူး။"
ငလျင်လှုပ်နေချိန်မှာ သူမက အပေါ်ထပ်မှာ တစ်ယောက်တည်းရှိနေတဲ့ သားလေးအတွက် စိုးရိမ်သွားခဲ့ပါတယ်။ ဒါပေမယ့် သားငယ်လေးက အိမ်အောက်ထပ်ကို အချိန်မီ ပြေးဆင်းလာနိုင်ခဲ့ပါတယ်။ "သူ့အဖေဆီကို ပြေးလာတာ။ ကျွန်မတို့ ဘေးပတ်လည်မှာရှိတာ အားလုံး ယိမ်းထိုးလှုပ်နေခဲ့တယ်။ ပန်းကန်တွေ ကျကွဲတယ်၊ ပရိဘောဂပစ္စည်းတွေ ပြိုကျလာတယ်။ ရေပိုက်တစ်ခုကလည်း ပေါက်သွားတော့ ရေတွေက နေရာအနှံ့ပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အပြင်ရောက်အောင် ပြေးထွက်နိုင်ခဲ့ပါတယ်။"
ပင်ကိုရှက်တတ်ပြီး စကားနည်းတဲ့ မောင်ပြည့်က အဲဒီနေ့ကအကြောင်းကိုတော့ တိုးတိုးလေး ပြောပြတယ်။ "သားက ကုတင်ကို တစ်ယောက်ယောက် လှုပ်လိုက်တယ်ထင်နေတာ" လို့ လေသံမျှင်းမျှင်းလေးနဲ့ ပြောပြတယ်။ "ဘာတွေဖြစ်နေမှန်း သားမသိဘူး။ အဲဒီလိုမျိုး တစ်ခါမှမကြုံဖူးဘူး။ မေမေနဲ့ ဖေဖေ အော်သံကြားလို့ သားလည်း ပြေးဆင်းလာလိုက်တာ။"
အပြင်ရောက်တဲ့အခါ သူတို့မိသားစုတွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အသက်ရှူရပ်မတတ်ဖြစ်ခဲ့ရတယ်။ "သားတို့အိမ်ရဲ့ ဘေးကအိမ်တွေ မရှိတော့ဘူး။ အုတ်ပုံတွေဖြစ်သွားတယ်။"
သူတို့က ဘာတွေဖြစ်သွားတာလဲဆိုတာနားလည်ဖို့ ကြိုးစားနေတုန်း မိနစ်ပိုင်းအကြာမှာတင်ပဲ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်ပြီးလှုပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့အိမ်ဟာ လုံးဝပြိုကျသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အုတ်ပုံအဖြစ် ပြောင်းလဲသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ တစ်မိသားစုလုံး အပြင်ကို ရောက်နှင့်နေပြီးဖြစ်ပါတယ်။ ပွန်းပဲ့ဒဏ်ရာလောက်ပဲရပြီး လွတ်အောင်ပြေးနိုင်ခဲ့တာဟာ တကယ့်အံ့ဩစရာတစ်ခုလိုပဲ ခံစားခဲ့ရတယ်။
ဒါပေမယ့် သူတို့ဘေးပတ်ဝန်းကျင်က အိမ်တွေက ပြိုလဲပျက်စီးနေပြီး သူတို့နဲ့ မိသားစုလိုဖြစ်နေတဲ့ သူတို့ဘေးအိမ်က အိမ်နီးချင်းမိသားစုကတော့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။
အဲဒီ့နောက်မှာတော့ မနုနဲ့မိသားစုက အနီးနားရှိ ကျောင်းဝင်းထဲက ယာယီခိုလှုံရေးစခန်းမှာ တခြားမိသားစု ၁၀၀ ကျော်နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ အခုဆိုရင် သူတို့အဲဒီမှာနေတာ တစ်လနီးပါးရှိနေပါပြီ။ နေရောင်ကိုတောင် သိပ်မကာပေးနိုင်တဲ့ ရွက်ဖျင်စအပါးလေးအောက်မှာ အကာအကွယ် မယ်မယ်ရရမရှိဘဲ မိသားစုတွေ နေကြရတာဖြစ်ပါတယ်။
"ညဘက်ဆို သားက ကျွန်မလက်ကို တအားဆုပ်ပြီးကိုင်ထားတာ၊ အမေကို မျက်စိအောက်က အပျောက်မခံဘူး။ သူအိပ်ပျော်သွားတဲ့အထိ သူ့ဘေးမှာ ဘုရားစာရွတ်ပြီးနေပေးရတယ်" လို့ မနုက ပြောပါတယ်။ "သူက တစ်ချိန်လုံး ငလျင်အကြောင်းပဲ အိပ်မက်မက်နေတယ်ပြောပြတယ်။ သူက ကလေးပဲရှိသေးတော့ ဒါတွေကို သူဘယ်နားလည်နိုင်ပါ့မလဲ။"
နေ့အချိန်တွေမှာဆိုရင် မောင်ပြည့်က တခြားကလေးတွေလိုပါပဲ။ တစ်ခါတလေ ပြုံးတောင်ပြုံးနေတတ်တယ်။ ဒါပေမယ့် ညဘက်ရောက်ရင်တော့ ကြောက်စိတ်တွေပြန်ပေါ်လာတတ်တယ်။
"အရင်ကဆို သူက ခေါင်းနဲ့ခေါင်းအုံးထိလိုက်တာနဲ့ အိပ်ပျော်သွားတာ။ အခုဆို လေတိုးသံကြားရင်တောင် သူကြောက်နေတယ်။ တစ်ညတုန်းကဆိုရင် သူ့ခေါင်းကို သူထပ်ခါထပ်ခါထရိုက်နေတာ" လို့ မိခင်က စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။ " သူက နောက်တစ်ခါထပ်ဖြစ်မှာ ကြောက်တယ်လို့ပြောတယ်။ ဒီမှာ ဘာအသံလေးပဲကြားကြား သူကြောက်နေတာ။"
ငလျင်မတိုင်ခင်က သူတို့မှာ ရယ်မောသံတွေ၊ လုပ်နေကျအလုပ်တွေ၊ ပုံမှန်နေသားကျမှုတွေနဲ့ ပြည့်နေတဲ့ အိမ်လေးထဲမှာ နေထိုင်ကြတဲ့ မိသားစုတစ်စု ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့က သူစိမ်းတွေပြည့်နေတဲ့နေရာတစ်ခုမှာ ခိုလှုံနေကြရတယ်။ စကားနည်းပြီး အနေအေးတဲ့ မောင်ပြည့်လိုကလေးတစ်ယောက်အတွက် သီးသန့်လည်းမဖြစ်၊ မရင်းနှီးတဲ့နေရာတစ်ခုမှာ နေရတာဟာ သိပ်ကိုကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်နေပါတယ်။
“သူက အမြဲတမ်း စကားနည်းတဲ့ ကလေးတစ်ယောက်ပါ” လို့ မနုက ပြုံးရင်း ပြောပြပါတယ်။ "သူက ပုံဆွဲရတာကြိုက်တယ်။ သူ့ကိုယ်ပိုင် ကမ္ဘာလေးထဲမှာ အမြဲနေတတ်တယ်။ စကားတွေ အများကြီးမပြောဘူး။ သူငယ်ချင်းလည်း အများကြီးမရှိဘူး။ ဒါပေမယ့် အခုလို ရုတ်တရက်ကြီး အခြေအနေတွေပြောင်းလဲသွားတော့ သူ့အတွက် ခက်ခဲသွားတာပေါ့။ ဒါကြောင့် ကျွန်မ သူ့ကို ကူညီပေးဖို့ ကြိုးစားနေတာ။"
ခြေထောက်သိပ်မကောင်းနေပေမယ့်လည်း မနုက မောင်ပြည့် အပြောင်းအလဲတွေကြားမှာ စိတ်အခြေအနေအဆင်ပြေလာစေဖို့ အစွမ်းကုန် ကြိုးစားတယ်။ "ကျွန်မ သားကို စားစရာ ပေးဝေတဲ့အခါ၊ ထောက်ပံ့ရေးပစ္စည်းတွေ လာပေးကြတဲ့အခါ ခေါ်သွားတယ်။ ကျွန်မသားလေးကိုလည်း အမြဲပြောပြတယ်။ သားလုံခြုံသွားပြီနော်၊ ဘာမှမဖြစ်တော့ဘူးလို့ သေချာပြောပြတယ်။ ပြီးတော့ ဒါကလည်း ခဏလေးပဲလို့။ ဘဝက အရင်လို ပုံမှန်ပြန်ဖြစ်လာနိုင်တယ်ဆိုတာ သူ့ကို သေချာခံစားနားလည်မိစေချင်တယ်။"
ဒီရက်ပိုင်းတွေမှာ မောင်ပြည့်က ပုံတွေအများကြီးဆွဲဖြစ်တယ်။ "သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်နိုင်တာ ဒါတစ်ခုပဲရှိတယ်။ တစ်ခါတလေ သူက ကျွန်မတို့ရဲ့ အရင်အိမ်ပုံလေးကို ဆွဲတယ်။ တစ်ခါတလေကျတော့လည်း သစ်ပင်တွေ၊ တိမ်တွေ၊ ကောင်းကင်ပုံတွေဆွဲတယ်။ အရင်တုန်းက တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ရတဲ့အချိန်တွေကို သတိရနေတာထင်တယ်"လို့ မနုက ပြောပါတယ်။
ငလျင်လှုပ်ပြီး အခက်အခဲတွေ ကြုံတွေ့နေရပေမယ့်လည်း မိခင်ဖြစ်သူကတော့ ဒီစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အသက်မသေဘဲ ရှင်သန်နိုင်ခဲ့တာကိုပဲ ကျေးဇူးတင်နေပါတယ်။
"ကျွန်မတို့ အသက်ရှင်နေသေးတယ်။ ဒါအဓိကပဲလေ။ ကျွန်မတို့ မိသားစုတွေအတူတူရှိနေတုန်းပဲ" လို့ ပြောပါတယ်။ "ဒါပေမဲ့ ကျွန်မသားရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေမြင်နေရတယ်။ အဲဒါက စိတ်အထိခိုက်ရဆုံးပဲ။"
"ကျွန်မရဲ့တစ်ခုတည်းသော ဆန္ဒကတော့ ကျွန်မသားလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်အောင် မက်နေတဲ့ အိပ်မက်ဆိုးတွေ၊ ငလျင်ကြောင့်ဖြစ်လာတဲ့ အိပ်မက်ဆိုးတွေ တစ်နေ့မှာ ပျောက်သွားဖို့ပါပဲ။"
ဒီလိုဖြစ်နေတာ မောင်ပြည့်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံတဝန်းက ကလေးငယ်များစွာဟာ ငလျင်ဘေးကြောင့် မမြင်နိုင်တဲ့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာကို ရနေကြပါတယ်။ မကြာခင်က လူငယ်တွေကို မေးမြန်းခဲ့တဲ့ U-Report စစ်တမ်းတစ်ခုမှာ လူငယ် ၄၀ ရာခိုင်နှုန်းနီးပါးက စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို အဓိကလိုအပ်နေပါတယ်လို့ ပြောပြထားကြပါတယ်။ ဒါက ငလျင်လှုပ်ပြီးနောက်ပိုင်း စိတ်ဒဏ်ရာတွေ ဘယ်လောက်များပြားနေကြသလဲဆိုတာကို မီးမောင်းထိုးပြသနေတာပဲ ဖြစ်ပါတယ်။
မောင်ပြည့်လို ကလေးငယ်တွေ ကုစားနိုင်အောင် ကူညီပေးဖို့အတွက် ယူနီဆက်ဖ်အနေနဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ လူမှုစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမှုနဲ့ ကလေးပျော်နေရာတွေ ပံ့ပိုးပေးလျက်ရှိပါတယ်။ ကလေးပျော်နေရာတွေဆိုတာ ကလေးတွေဟာ ဘေးကင်းလုံခြုံစွာ ကလေးသဘာဝ ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်မယ့် ပတ်ဝန်းကျင်တွေ ဖြစ်ပါတယ်။ ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ ရပ်ရွာအသိုက်အဝန်းတွေမှာ ဆေးရောင်ခြယ်ပစ္စည်းတွေ၊ အားကစားပစ္စည်းတွေနဲ့ ကစားစရာတွေပါဝင်တဲ့ ကလေးကစားစရာ သေတ္တာတွေကို ဖြန့်ဝေထောက်ပံ့ပေးခြင်းမှတဆင့် ကလေးငယ်တွေအတွက် ပျော်ရွှင်စရာအချိန်လေးတွေကို ပြန်လည်ဖန်တီးရရှိစေခဲ့ပါတယ်။
ဒါပေမယ့် လိုအပ်ချက်တွေက အရင်ကထက် များပြားလျက်ရှိနေပါသေးတယ်။ ရေရှည်ပံ့ပိုးမှုသာ မရှိရင် ဒီငလျင်ဘေးကြောင့် ကျန်နေခဲ့တဲ့ စိတ်ဒဏ်ရာတွေက ပိုများပြားဆိုးဝါးလာနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ကလေးတွေရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ မနုတို့လိုမိသားစုတွေအတွက် ပြန်လည်ထူထောင်ရေးခရီးဟာ နေအိမ်ပြန်လည်တည်ဆောက်ရုံသာမဟုတ်ဘဲ မျှော်လင့်ချက်တွေ ပြန်လည်ပျိုးထောင်မှုကနေပါ စတင်ရမှာဖြစ်ပါတယ်။
[1] မနု* နှင့် မောင်ပြည့်* မှာ အမည်အရင်းများ မဟုတ်ကြပါ – ၎င်းတို့၏ အမည်များကိုလုံခြုံရေးအတွက် ပြောင်းလဲထားပါသည်။