ငလျင်ပြီးနောက် တစ်နှစ်အကြာ
ကလေးပျော်နေရာများက မြန်မာကလေးငယ်များအတွက် ဘာကြောင့်အရေးပါနေသေးတာလဲ
- English
- မြန်မာ
ကလေးနှစ်ဦး၊ ခရီးစဉ်နှစ်ခု၊ ဒဏ်ရာတွေနဲ့ မြို့တော်တစ်ခု။
အသက် ၁၂ နှစ်အရွယ် အေးမြ1 ရဲ့ အရင်ကအိမ်လေးဟာ မတ္တရာမြို့က သစ်သားနှစ်ထပ်အိမ်ကြီး တစ်လုံးဖြစ်ပါတယ်။ သူတို့မိသားစု မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေကို အစာကျွေးခဲ့ရတာ၊ ညီမလေးနဲ့အတူ ဆော့ကစားခဲ့တာ၊ ပြီးတော့ အမိုးအကာ လုံလုံခြုံခြုံအောက်မှာ အိပ်စက်ခဲ့ရတာတွေကို သူ အခုထိ လွမ်းဆွတ်သတိရနေဆဲပါ။ ဒါပေမဲ့ ဒီလိုအေးချမ်းတဲ့ အချိန်လေးတွေဟာ မြို့အနီးကို တိုက်ပွဲတွေ ရောက်လာချိန်မှာတော့ ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတယ်။ တစ်ညမှာတော့ သူတို့ရွာနားကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး သူတို့အိမ်ရှေ့မှာတင် အိမ်နီးချင်းတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်သူက မိသားစုဝင်အားလုံးကို အမြန်နှိုးပြီး ဘေးလွတ်ရာကို ချက်ချင်း ထွက်ပြေးခဲ့ကြရပါတော့တယ်။
"သမီးတို့ တစ်နေရာတည်းမှာ ကြာကြာဆက်နေလို့ မရခဲ့ဘူး။ တောက်လျှောက်ကို ထွက်ပြေးနေခဲ့ကြရတာ" လို့ သူက ပြောပြပါတယ်။ "သမီး သေနတ်မှန်သွားမှာကို အရမ်းကြောက်ခဲ့တာပဲ။"
တောင်ဘက်ကို ကီလိုမီတာ ရာနဲ့ချီ ကွာဝေးတဲ့ တနင်္သာရီတိုင်းဒေသကြီးမှာတော့ အသက် ၁၄ နှစ်အရွယ် အောင်ဖြိုးကလည်း အလားတူ အိပ်မက်ဆိုးကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုဝိုင်းဖွဲ့ ညစာစားနေချိန်မှာပဲ ရုတ်တရက် ပေါက်ကွဲသံကြီး ကြားလိုက်ရတဲ့အတွက် လယ်ကွင်းတွေဘက်ကို အပြေးအလွှား ထွက်ပြေးခဲ့ကြရပါတယ်။ အပေါ်ကနေ ဗုံးတွေ ကြဲချနေသလို တစ်ဖက်မှာလည်း သေနတ်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တောင်ပေါ်ကို ဆက်ပြေးခဲ့ကြပါတယ်။ ဝါးတောထဲမှာ ပုန်းအောင်းနေခဲ့ရပြီး အိမ်ကနေ အရေးတကြီး ထွက်ပြေးလာရချိန်မှာ စားစရာရော၊ ပိုက်ဆံပါ ဘာတစ်ခုမှ ပါမလာခဲ့ပါဘူး။
"သားတို့ သုံးရက်တိတိ ဘာမှ မစားခဲ့ရဘူး" လို့ သူက ခပ်တိုးတိုးလေး ပြောပြပါတယ်။
နောက်ဆုံးမှာတော့ ဘေးကင်းလုံခြုံဖို့နဲ့ ပညာဆက်သင်နိုင်ဖို့အတွက် ကလေးနှစ်ယောက်စလုံးဟာ မိဘတွေနဲ့ခွဲပြီး မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မိဘတွေကတော့ အိမ်နဲ့ လယ်ယာမြေတွေကို စောင့်ရှောက်ဖို့ ဇာတိရွာလေးတွေမှာပဲ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ မြို့မှာရောက်ရှိပြီး ဘဝသစ်ကို ပြန်လည်အခြေချဖို့ ကြိုးစားနေဆဲမှာပဲ နောက်ထပ် ကပ်ဘေးတစ်ခုနဲ့ ထပ်မံရင်ဆိုင်ခဲ့ကြရပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်ကြီးတစ်ခု မန္တလေးမြို့အနီးမှာ လှုပ်ခတ်ခဲ့ပါတယ်။ အဆောက်အအုံတွေ အက်ကွဲ၊ ပရိဘောဂတွေ လဲကျကုန်ပြီး မိသားစုတွေဟာ ကြောက်လန့်တကြားနဲ့ လမ်းမတွေပေါ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး အန္တရာယ်တွေကြောင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြတဲ့ အေးမြနဲ့ အောင်ဖြိုးလို ကလေးငယ်တွေအတွက်တော့ တုန်ခါသွားတဲ့ မြေကြီးနဲ့အတူ အရင်က ကြုံတွေ့ခဲ့ရတဲ့ အကြောက်တရားတွေဟာ တစ်ကျော့ပြန် နိုးထလာခဲ့ရပါတယ်။
"ငလျင်လှုပ်ပြီးသွားတော့ သမီးတို့ အိမ်ရှေ့လမ်းမပေါ်မှာပဲ အိပ်ခဲ့ကြရတယ်။ အဲဒီအချိန် အမေနဲ့ အဘွားအကြောင်းကိုပဲ တွေးနေမိတာ။ သူတို့ ဘေးကင်းရဲ့လားဆိုတာ သမီးမှ မသိသေးတာလေ" လို့ အေးမြက ပြောပြပါတယ်။
သီတင်းပတ် အနည်းငယ်ကြာပြီးနောက်မှာတော့ ယူနီဆက်ဟာ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Terre des Hommes Lausanne နဲ့ ပူးပေါင်းပြီး ငလျင်ဘေးသင့် နေရာတွေမှာ 'ကလေးပျော်နေရာ' လေးတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီနေရာလေးတွေဟာ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်၊ သင်ယူနိုင်တဲ့အပြင် သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဖြည်းဖြည်းချင်း သက်သာကုစားနိုင်ဖို့အတွက်ပါ ကူညီပေးပါတယ်။
ငလျင်လှုပ်ခတ်ခဲ့ပြီး တစ်နှစ်အကြာ ယနေ့အချိန်အထိ အလှူရှင်တွေရဲ့ ရက်ရောတဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဒီနေရာလေးတွေကို ဆက်လက် ဖွင့်လှစ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အကူအညီ အလိုအပ်ဆုံး ကလေးငယ်တွေအတွက် သင်တန်းဆင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဝန်ထမ်းတွေကိုပါ တာဝန်ချထား ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
အခုဆိုရင်တော့ အေးမြတို့ ရပ်ကွက်ထဲက သစ်ပင်အရိပ်တွေရနေတဲ့ ခြံဝင်းငယ်လေးတစ်ခုမှာ ပိတ်ရက်တွေဆိုရင် ကလေးငယ် အများအပြား စုဝေးရောက်ရှိလာကြပါပြီ။ ကြမ်းပြင်မှာ ဖျာတွေခင်းပြီး ရိုးရှင်းတဲ့ ကစားနည်းလေးတွေ ကစားကြသလို၊ စာအုပ်တွေလည်း ဖတ်ကြပါတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်း ပျောက်ဆုံးနေခဲ့တဲ့ ကလေးတွေရဲ့ ရယ်မောသံတွေ၊ လက်ခုပ်တီးသံတွေနဲ့ သီချင်းဆိုသံတွေကို အခုအခါမှာ ပြန်လည် ကြားနေရပါပြီ။
"အစပိုင်းမှာတော့ ကလေးတော်တော်များများက အပေါင်းအသင်း မလုပ်ဘဲ ခပ်ဖယ်ဖယ် နေတတ်ကြတယ်။ တချို့ဆို အဆောက်အအုံတွေထဲ ဝင်ရတာကိုတောင် ကြောက်နေကြတာ။ အေးမြနဲ့ အောင်ဖြိုးတို့လို ကလေးတွေအတွက်တော့ ပဋိပက္ခတွေကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာဟောင်းတွေက ငလျင်လှုပ်တော့ တစ်ကျော့ပြန် ခံစားလာရတာပါ" လို့ Terre des Hommes Lausanne က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်း မသူဇာက ရှင်းပြပါတယ်။
တစ်နှစ်တာ အချိန်ကြာမြင့်လာပြီးနောက်မှာတော့ ကလေးတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကို သိသာထင်ရှားစွာ မြင်တွေ့လာရပါပြီ။ ဒါပေမဲ့ ကူညီပံ့ပိုးပေးရမယ့် လိုအပ်ချက်တွေကတော့ ဆက်လက် ရှိနေဆဲပါ။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့တွေဟာ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းနဲ့ ကစားခြင်းအနုပညာကို စနစ်တကျ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။ ကလေးတွေ စိတ်လက်ပေါ့ပါးသွားစေဖို့ ကစားနည်းတွေ၊ သီချင်းတွေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ ခံစားချက်တွေနဲ့ ကြောက်ရွံ့မှုတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို ဖြည်းဖြည်းချင်း ဆွေးနွေးပြောပြပေးခဲ့ပါတယ်။
"အချိန်ကြာလာတာနဲ့အမျှ ကလေးတွေဆီက အပြောင်းအလဲတွေကို မြင်တွေ့လာရတယ်။ အရင်က တစ်ယောက်တည်း ခပ်ဝေးဝေးမှာ ထိုင်နေတတ်တဲ့ ကလေးတွေက အခုဆိုရင် အဖွဲ့လိုက် ကစားနည်းတွေမှာ ပါဝင်လာကြပြီ။ စကားပြောဖို့ ရှက်တတ်တဲ့ ကလေးတွေဆိုရင်လည်း မေးခွန်းတွေကို ရဲရဲဝံ့ဝံ့ ဖြေတတ်လာပြီလေ။ တချို့ဆိုရင် ကျွန်မတို့ကိုတောင် ကူညီပြီး လှုပ်ရှားမှုတွေကို ဦးဆောင်ပေးတတ်လာပါပြီ" လို့ မသူဇာက ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။
အောင်ဖြိုးအတွက်တော့ ဒီကလေးပျော်နေရာလေးဟာ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် အကောင်းဆုံး ပေါင်းကူးတံတားလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပဋိပက္ခတွေကြောင့် ကျောင်းသုံးနှစ်လောက် နားခဲ့ရပေမဲ့ အခုဆိုရင် အောင်ဖြိုးတစ်ယောက် စတုတ္ထတန်းကို ပြန်လည်တက်ရောက်နေပြီဖြစ်ပြီး စာသင်ခန်းထဲမှာ အတော်ဆုံးကျောင်းသားတစ်ယောက် ဖြစ်နေပါပြီ။ သူ့ရဲ့ အိပ်မက်ကတော့ ကျောင်းပညာရေးကို ပြီးဆုံးအောင် သင်ယူပြီး အမေနဲ့ အဘွားကို ပြန်လည်စောင့်ရှောက်နိုင်ဖို့ အလုပ်ကောင်းကောင်း လုပ်ချင်တယ်လို့ ဆိုပါတယ်။
အေးမြအတွက်တော့ ဒီ ကလေးပျော်နေရာလေးဟာ သူငယ်ချင်းအသစ်တွေသာမကဘဲ အိပ်မက်အသစ်တွေကိုပါ ရှာဖွေတွေ့ရှိခဲ့တဲ့ နေရာလေးတစ်ခု ဖြစ်လာပါတယ်။ မန္တလေးကို စရောက်ကတည်းကနေ အခုချိန်အထိ အမျိုးအိမ်မှာ နေရတဲ့အပြင် စာသင်ခန်းထဲမှာလည်း သူတစ်ယောက်တည်းသာ ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတဲ့ ကလေးဖြစ်နေတာမို့ စိတ်ထဲမှာ 'ပိတ်လှောင်' နေသလို ခံစားခဲ့ရရှာပါတယ်။ ဒါပေမဲ့ အခု ဒီ ကလေးပျော်နေရာလေးကို ရောက်လာချိန်မှာတော့ သူ တစ်ယောက်တည်း အထီးကျန် မနေရတော့ပါဘူး။
"သမီးက ဆရာဝန် ဖြစ်ချင်တာ။ အမေပဲဖြစ်ဖြစ်၊ တခြားသူ တစ်ယောက်ယောက်ပဲဖြစ်ဖြစ် နေမကောင်းဖြစ်တဲ့အခါ သမီးက ဆေးကုပေးချင်တယ်" လို့ သူက ပြောပြပါတယ်။
မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ မိခင်အများစု ပါဝင်တဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဒီ 'ကလေးပျော်နေရာ' လေးတွေကို ဆက်လက် ရှင်သန်နိုင်အောင် ဝိုင်းဝန်းကူညီပေးနေကြပါတယ်။ သူတို့ဟာ အကူအညီ အလိုအပ်ဆုံး ကလေးငယ်တွေကို ရှာဖွေဖော်ထုတ်ပေးတာ၊ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ မျှဝေပေးတာတွေကိုပါ တက်တက်ကြွကြွ လုပ်ဆောင်ပေးနေကြပါတယ်။
လာရောက်ကြတဲ့ ကလေးအများစုအတွက်တော့ ဒီကလေးပျော်နေရာလေးတွေဟာ ငလျင်ကြောင့် ခံစားခဲ့ရတဲ့ အကြောက်တရားတွေနဲ့ အခက်အခဲတွေကို ခဏတာပဲဖြစ်ဖြစ် ပြေပျောက်စေတဲ့ နေရာလေးတစ်ခုပါ။ ဒါပေမဲ့ အေးမြနဲ့ အောင်ဖြိုးတို့လို ကလေးတွေအတွက်တော့ ဒီထက်မက ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိပါတယ်။ ဒီနေရာလေးဟာ ပဋိပက္ခတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရလို့ ရရှိလာတဲ့ စိတ်ဒဏ်ရာတွေကို နားလည်ပေးတဲ့နေရာ၊ မိသားစုနဲ့ ကွဲကွာနေရတဲ့ အလွမ်းတွေကို ကိုယ်ချင်းစာပေးတဲ့နေရာဖြစ်သလို၊ သူတို့လေးတွေရဲ့ အိပ်မက်တွေကို ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်ပေးနေတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။
ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး တစ်နှစ်ကြာမြင့်လာတဲ့ ယနေ့အချိန်အထိ မန္တလေးမြို့ကြီးမှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ ဆက်လက် လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာပါ တုန်လှုပ်စိုးရိမ်မှုတွေကြားမှာ ဖြတ်သန်းနေရဆဲ ဖြစ်ပေမဲ့၊ ဒီကလေးပျော်နေရာလေးတွေကတော့ ကလေးငယ်တွေ လေ့လာသင်ယူနိုင်ဖို့၊ လွတ်လွတ်လပ်လပ် ရယ်မောနိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို စိတ်ကူးယဉ်နိုင်ဖို့အတွက် လုံခြုံနွေးထွေးတဲ့ ကမ္ဘာငယ်လေးတစ်ခုအဖြစ် ရှားရှားပါးပါး ဆက်လက် ရပ်တည်ပေးနေဆဲ ဖြစ်ပါတယ်။
[1] ဤဆောင်းပါးတွင် ပါဝင်သူများ၏ ကိုယ်ရေးလုံခြုံမှုနှင့် ဘေးကင်းရေးကို ကာကွယ်ရန်အတွက် အမည်လွှဲများကို အသုံးပြုထားပါသည်။