အတားအဆီးများကိုဖြတ်ကျော်ပြီး ဂုဏ်သိက္ခာပြန်လည်ထူထောင်ခြင်း
ပြန်လည်အသုံးချနိုင်သော လစဉ်သုံးပစ္စည်းများက ဝေးလံခေါင်သီသော ကျေးရွာများရှိ လူနေမှုဘဝများကို ပြောင်းလဲပေးနေ
- English
- မြန်မာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အနီးတဝိုက်က ကျေးရွာတွေမှာ နေထိုင်ရတဲ့ဘဝဟာ လှပသလောက် ကြမ်းလည်းကြမ်းတမ်းလှပါတယ်။ သစ်သားအိမ်လေးတွေကို ရေပေါ်မှာဆောက်ထားကြပြီး တောင်ယာစိုက်ပျိုးသူတွေနဲ့ ငါးဖမ်းသူတွေဟာ လှေငယ်လေးတွေနဲ့ သူတို့ရဲ့နေ့စဉ်အလုပ်ရှိရာကို သွားကြပါတယ်။ မိသားစုအများစုဟာ လယ်ကွက်ငယ်လေးတွေ၊ ရာသီအလိုက် ငါးရှာငါးဖမ်းလုပ်ငန်းနဲ့ ဈေးလေးတွေပေါ်မှာ မှီခိုနေကြပြီး စားဖို့လောက်ငရုံလောက်သာ ဝင်ငွေရရှိကြပါတယ်။ မိုးရာသီမှာဆိုရင်တော့ ရွှံ့ထူတဲ့လမ်းတွေကြောင့် တစ်နေရာနဲ့တစ်နေရာ သွားလာဖို့မလွယ်ကူတော့ဘဲ သောက်သုံးရေတွေကလည်း အလွယ်တကူ ညစ်ညမ်းသွားတတ်ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် အိမ်သာတွေကို ရေလွှမ်းသွားပြီး အရာအားလုံး စိုစွတ်ထိုင်းမှိုင်းကုန်တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပိုလို့တောင် ခက်ခဲလာခဲ့ပါတယ်။
အရွယ်ရောက်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဓမ္မတာ ရာသီလာခြင်းက နောက်ထပ်ဝန်ထုတ်ဝန်ပိုးတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါသုံး လစဉ်သုံးပစ္စည်းတွေက မြို့တွေပေါ်မှာသာ ရောင်းချပြီး ဈေးနှုန်းကလည်း အိမ်ထောင်စုအများစု တတ်နိုင်တဲ့ပမာဏထက် အများကြီးပိုမြင့်နေတတ်ပါတယ်။ "လစဉ်သုံးပစ္စည်းတစ်ထုတ်က တစ်နေ့စာလုပ်အားခလောက်နီးနီးရှိတယ်" ဟု တောင်တိုကျေးရွာက အသက် ၄၀ အရွယ် မိခင်ဖြစ်သူ ဒေါ်မြနှင်းက ပြောပြပါတယ်။ "စားဖို့ဆန်တောင် ဝယ်ဖို့အနိုင်နိုင်ဖြစ်နေတော့ ဒီပစ္စည်းကို လစဉ်ဝယ်ဖို့ ကျွန်မတို့ မတတ်နိုင်ဘူး။ အဝတ်စုတ်တွေကို သုံးရုံကလွဲပြီး ကျွန်မတို့မှာ ရွေးစရာမရှိဘူး။ အဲဒါတွေက သေသေချာချာလည်း ခြောက်အောင်မလှန်းခဲ့ရဘူး။ တစ်ခါတလေဆို ကျွန်မမှာ အင်ပျဉ်ကွက်တွေတောင်ထတယ်။ ဒါက ကျန်းမာရေးနဲ့မညီဘူးဆိုတာသိပေမယ့်လည်း ဘယ်တတ်နိုင်မလဲ"
သမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် မြတ်ပန်းအိဆို ကျောင်းမှာမကြာခဏ အရှက်တကွဲဖြစ်ခဲ့ရဖူးပါတယ်။ ကျောင်းမှန်မှန်တက်ချင်ပေမယ့် ဓမ္မတာလာတဲ့ရက်ဆို စွန်းပေမှာရှက်ရွံ့တဲ့အတွက် တစ်လမှာ ကျောင်း နှစ်ရက်၊ သုံးရက် ပျက်ရလေ့ရှိပါတယ်။ "ကျွန်မကျောင်းတက်ချင်ပေမယ့် ထမီတွေမှာ စွန်းမှာ ကြောက်တယ်" လို့ ပြောပြပါတယ်။ "လစဉ်သုံးပစ္စည်းတွေက ဈေးကြီးလွန်းတယ်။ မရှိတဲ့အချိန်နဲ့ ရာသီလာတဲ့အချိန်ကြုံရင်တော့ သူငယ်ချင်းတွေကို အရှေ့ကသွားခိုင်းပြီး ကိုယ်က နောက်မှာပဲကျန်ပြီး နေခဲ့လိုက်တယ်။"
ဒီအသံတိတ်တိုက်ပွဲက အမျိုးသမီးတွေအပေါ် အချိန်အတော်ကြာဖိစီးနေခဲ့ပြီး မြင်သာပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး ပြောမထွက်ခဲ့ကြတဲ့အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူနီဆက်နဲ့ ရပ်ရွာလူထုဖွံ့ဖြိုးရေးအသင်း (CDA) ကအဖွဲ့တစ်ဖွဲ့ ညောင်ရွှေမြို့ကို ရောက်ရှိလာပြီး ပြန်လည်အသုံးပြုနိုင်တဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး ရိုးရှင်းပေမယ့် အပြောင်းအလဲကြီးကြီးမားမားဖြစ်စေခဲ့တဲ့ မစ်ရှစ်တစ်ခုကို လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါက လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ပေးရုံမကဘဲ ဂုဏ်သိက္ခာ၊ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကိုပါ ရရှိစေခဲ့ပါတယ်။
တောင်တိုကျေးလက်ခန်းမမှာ CDA က နည်းပြဆရာမတွေက အတန်းလိုက်တန်းစီထားတဲ့ ကျောင်းသူတွေ၊ မိခင်တွေနဲ့ အဘွားတွေကြားထဲမှာ ရုပ်ပြဘုတ်ပြားတွေသုံးပြီး ပြန်လည်အသုံးပြုနိုင်တဲ့ လစဉ်သုံးပစ္စည်းတွေကို ဘယ်လိုသုံးရတယ်၊ ဘယ်လိုလျှော်ဖွပ်ပြီး နေရောင်ထဲမှာ ဘယ်လိုလှန်းရတယ်ဆိုတာတွေကို လက်တွေ့သေချာရှင်းပြခဲ့ကြပါတယ်။ "ရာသီလာတာကြောင့် မိန်းကလေးတွေ ကျောင်းပျက်စရာမလိုဘူး။ အမျိုးသမီးတွေ အလုပ်ပျက်စရာမလိုဘူး။ ဘယ်သူမှ ရှက်နေစရာမလိုတော့ဘူး" လို့ ရှင်းပြပြီး တက်ရောက်လာသူတွေကလည်း တစ်ဆင့်ချင်းစီကို ဂရုတစိုက် လေ့ကျင့်ပေးခဲ့ကြပါတယ်။
ဒီဟောပြောပွဲတွေက အလားတူဒုက္ခကို အသံတိတ်ရင်ဆိုင်ခဲ့ကြရတဲ့ မြတ်နဲ့ အတန်းဖော်တွေအတွက် စဉ်းစားစရာများစွာ ကျန်ခဲ့စေပါတယ်။ "အဲဒီနေ့ကစပြီး နောက်ဆို ကျွန်မ ကျောင်းပျက်စရာမလိုတော့ဘူးဆိုတာ သဘောပေါက်သွားတယ်" လို့ သူမက ပြန်ပြောပြပါတယ်။ "ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ထိတ်လန့်စရာမလိုဘဲ စာသင်နိုင်ပြီလို့ ခံစားရပါတယ်။" သူမရဲ့သူငယ်ချင်း စုစုဝင်းကလည်း "ကျွန်မတို့ က ပြဿနာတွေနဲ့ အသားကျနေခဲ့ရတာ" လို့ ပြောပြပါတယ်။ ဟောပြောပွဲပြီးတော့ ပထမဆုံးအကြိမ် ကျွန်မတို့ အဲဒီအကြောင်း အတူတူပြောဖြစ်ကြတယ်။ ကျွန်မတို့ ဘာကိုမှ ဖုံးကွယ်ထားစရာမလိုတော့သလိုပဲ၊ ပိုပြီးပေါ့ပါးသွားတယ်လို့ ခံစားရတယ်။"
ဒေါ်လှနှင်းဦးကဲ့သို့ မိခင်တွေအတွက် ဒီပြောင်းလဲမှုက တစ်ကိုယ်ရေအတွေ့အကြုံအရရော၊ ငွေကြေးအရပါ အများကြီးသက်ဆိုင်နေပါတယ်။ "လတိုင်း တစ်ခါသုံးလစဉ်သုံးပစ္စည်းအတွက် ကျွန်မငွေသုံးရတယ် - မဝယ်နိုင်တဲ့အခါ အဝတ်စုတ်တွေကို သုံးခဲ့ရတယ်။ အဲဒီလိုသုံးရတာ စိတ်လည်းပင်ပန်းပြီး ကျန်းမာရေးနဲ့လည်း မညီဘူး။ အခုတော့ ကျွန်မပိုက်ဆံလည်း ချွေတာနိုင်ပြီ။ ကျွန်မသမီးတွေကြီးလာရင်လည်း ကျွန်မကြုံခဲ့ရသလို အရှက်ရမှုမျိုးနဲ့ ကြုံစရာမလိုတော့ဘူး။"
ဒီအသိပညာပေးဟောပြောပွဲတွေက အန္တရာယ်ရှိတဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး ရပ်ရွာလူကြီးတွေက မဖြစ်သင့်တဲ့ တားမြစ်ပိတ်ပင်မှုတွေကို စွန့်လွှတ်ဖို့နဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအကြောင်း ပိုမိုနားလည်ဖို့အတွက် အမျိုးသားတွေကိုပါ ဟောပြောပွဲတွေ တက်ရောက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဟောပြောပွဲတစ်ခုပြီးတိုင်းမှာ အမျိုးသမီးတွေအတွက် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နဲ့ လမ်းညွှန်လက်ကမ်းစာစောင်တွေပါဝင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့အတူ ပြန်လည်အသုံးပြုနိုင်တဲ့ လစဉ်သုံးပစ္စည်း သုံးလစာကိုပါ ပံ့ပိုးပေးခဲ့ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ သဒ္ဒါထက်သန်တဲ့ ပံ့ပိုးပေးမှုကြောင့် ဒီပစ္စည်းတွေကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အမျိုးသမီးကြီးငယ်တွေအနေနဲ့ ဓမ္မတာကိစ္စရပ်တွေကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ဖြေရှင်းနိုင်ကြမှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ပံ့ပိုးမှုနဲ့ ယူနီဆက်က မြန်မာနိုင်ငံတဝန်းရှိ တခြားသော ထိခိုက်လွယ်ပြီး အလှမ်းဝေးသော ဒေသများဆီ အဆိုပါပံ့ပိုးမှုများ တိုးချဲ့ရောက်ရှိပြီး နောက်ထပ်နောက်ထပ်သော အမျိုးသမီးကြီးငယ်များအနေဖြင့် ကျောင်း၊ လုပ်ငန်းခွင်နဲ့ လူမှုဘဝတွေမှာ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ဖို့ အသိပညာနဲ့ အသုံးအဆောင် ပစ္စည်းများ ပိုမိုရရှိစေမှာဖြစ်ပါတယ်။ မြတ်အတွက်တော့ ကွာခြားမှုက သိသာလှပါတယ်။ "အရင်ကဆို ကျွန်မ အိမ်မှာပဲနေပြီး အတန်းတွေလွတ်ခဲ့ရတယ်။ အခုဆို ကျွန်မကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့အတူတူ စာသင်နိုင်ပြီ၊ ကြောက်စရာမလိုဘဲ ကျွန်မအနာဂတ်အတွက် အိပ်မက်မက်နိုင်ပြီ။"