၂၀၂၄ ခုနှစ် - ကလေးများအတွက် စိုးရိမ်ဖွယ် နှစ်တစ်နှစ်

ကလေးများအတွက် ပဋိပက္ခနှင့် အကျပ်အတည်းများ ပိုမိုဆိုးရွားလာသည့် စိုးရိမ်ဖွယ် နှစ်တစ်နှစ်

ယူနီဆက်မြန်မာ
A child showing his wounds from landmine.
UNICEF Myanmar/2024/Minzayar Oo
20 ဒီဇင်ဘာလ 2024

ပိုမိုဆိုးရွား၊ ကျယ်ပြန့်လာသော ပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးများအတွက် စိန်ခေါ်မှုများစွာရှိသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ မြန်မာ့ကလေးငယ် ၆ သန်းခန့်သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းနီးပါး၏ ၃၃ ရာခိုင်နှုန်းကျော်မှာလည်း ကလေးများဖြစ်ကြပါသည်။

အရပ်သားအများစုနေထိုင်ရာဒေသများတွင် မြေမြှုပ်မိုင်းများအသုံးပြုခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသေဆုံးစေနိုင်သည့် လက်နက်များကို တိုးမြှင့်အသုံးပြုလာခြင်းက ကလေးများအတွက် လုံခြုံရာနေရာများ  နည်းပါးလာစေပါသည်။ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ကစားကွင်းများသည်လည်း အလားတူ တိုက်ခိုက်မှုများ၏ ပစ်မှတ်များဖြစ်လာခဲ့ရပါသည်။

၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရှိန်အဟုန်မြင့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါသည်။ တစ်နေ့လျှင် ကလေးနှစ်ဦးထက်ပို၍ သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW) ကြောင့် အနည်းဆုံး ကလေး ၂၅၀ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါသည်။ ဒီကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ပါသည်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးသည် မြေမြှုပ်မိုင်းများ၊ စစ်လက်နက်ပစ္စည်းကြွင်းကျန်များ (ERW) များနှင့် ပျံ့နှံ့နေပြီး ကလေးများအတွက် အလွန်ကြီးမားသော အန္တရာယ်များ ဖြစ်လာစေပါသည်။

ထိုသို့ အလွန်ကြီးမားတဲ့ အန္တရာယ်များနှင့်အတူ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး အစရှိတဲ့ အရေးကြီးဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပျက်ပြားလာခြင်းနှင့် ကျဆင်းလာသော စီးပွားရေးအခြေအနေများကြောင့်  မြန်မာကလေးများ၏ နေ့စဥ်ဘဝသည် ယခင်နှစ်များထက် ပိုမို ဆိုးရွားလာခဲ့ပါသည်။

မြန်မာနိုင်ငံရှိ ကလေးငယ် ၁ သန်းကျော်သည် အရေးကြီးသော ကာကွယ်ဆေးထိုးခြင်းများကို လက်လွတ်ဆုံးရှုံးနေရပြီး မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် "ကာကွယ်ဆေး လုံးဝမရရှိ သော" ကလေးများ၏ ဗဟိုချက်မတစ်ခုဖြစ်လာပါသည်။ ထို့အပြင် မြန်မာ့ကလေး ၅ သန်းကျော်သည် ပညာသင်ခွင့် အခွင့်အလမ်းများကို ဆုံးရှုံးနေရပြီး ထိုအခြေအနေများကြောင့် ကလေးများသည် အတင်းအကြပ်် စစ်သားစုဆောင်းခံရခြင်း၊ အသက်မပြည့်မီ သို့မဟုတ် အတင်းအကျပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုခြင်း အစရှိသော ကြီးလေးသော အခွင့်အရေးချိုးဖောက်မှုများကို တွေ့ကြုံခံစားနေကြရပါသည်။ 

Two boys standing between temporary settlements in an IDP camp in Kachin State, Myanmar.
UNICEF Myanmar/2024/Nyan Zay Htet

ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များ ရှိနေသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ယူနီဆက်သည် မိမိတို့၏မိတ်ဖက်များ၊ ဒေသခံနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့်အတူ ရောက်ရှိရန်ခက်ခဲသော ဒေသများရှိ ထိခိုက်လွယ်ဆုံးနှင့် အထိခိုက်ခံရဆုံး ကလေးများအတွက် အရေးပေါ်အကူအညီများနှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၄ ခုနှစ်တွင် ကလေးများအတွက် ရန်ပုံငွေသည် လိုအပ်သော ပမာဏ၏ ၂၃ ရာခိုင်နှုန်းသာ လက်ခံရရှိခဲ့ပါသည်။ ထိုကဲ့သို့ ရန်ပုံငွေ လိုအပ်ချက်များပြားမှုများကြောင့် ယူနီဆက် အကူအညီများ၏ အတိုင်းအတာနှင့် လွှမ်းခြုံမှုမှာ လွန်စွာ အခက်အခဲရှိခဲ့ပါသည်။

၂၀၂၅ ခုနှစ်သို့ ဦးတည်လာသည်နှင့်အမျှ အန္တရာယ် ချောက်ကမ်းပါးတစ်ခုတွင် ရပ်တည်နေရသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပဋိပက္ခဒဏ်သင့် ကလေးများအတွက် တိုးပွားလာသော လိုအပ်ချက်များကို အရေးပေါ်ဖြေရှင်းရန်နှင့် အသက်ရှင်သန်ရေးအတွက် အထောက်အကူပေးနိုင်ရန် အချိန်မီ၊ လုံလောက်ပြီး လိုက်လျောညီထွေသော ရန်ပုံငွေသည် အရေးကြီးလာပါသည်။ မြန်မာ့ ကလေးများ၏ ရှင်သန်ရပ်တည်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ရဲရင့်သော၊ စုပေါင်းဆောင်ရွက်မှုကို ယခင်ကထက် ပိုမိုလိုအပ်လာနေပြီဖြစ်ပါသည်။

A group of children walking on a dirt path in an IDP camp in Kachin State, Myanmar
UNICEF Myanmar/2024/Nyan Zay Htet