မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရသည့်အကျပ်အတည်းများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် ပံ့ပိုးကူညီပေးရန် ယူနီဆက်က ဂျပန်နိုင်ငံအစိုးရနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်

ကြုံတွေ့ရသည့်အကျပ်အတည်းများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် ပံ့ပိုးကူညီပေးရန် လက်တွဲလုပ်ဆောင်သွားမည်

22 ဒီဇင်ဘာလ 2020
UNICEF Myanmar
UNICEF Myanmar

ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် - ယူနီဆက်မြန်မာနှင့် ဂျပန်နိုင်ငံအစိုးရတို့သည် မြန်မာနိုင်ငံရှိလူဉီးရေ ၄၀၀,၀၀၀ နီးပါးခန့်အတွက် ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် အခြားအကျပ်အတည်းများ၏ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံ့နိုင်စွမ်းရှိအောင် ပံ့ပိုးပေးမည့် အမေရိကန်ဒေါ်လာ ၄.၇၁ သန်းတန်ဖိုးရှိစီမံကိန်းကို ယနေ့တွင် စတင်လက်မှတ်ရေးထိုးခဲ့ပါသည်။ စီမံကိန်းလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ပြီး ယူနီဆက်မြန်မာမှ ဒုတိယဌာနေကိုယ်စားလှယ် (Programmes)နှင့်တာဝန်ခံအရာရှိ Alessandra Dentice၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အစိုးရတာဝန်ရှိသူများနှင့်အတူ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံအစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် ၂၄ လတာကြာမြင့်မည့် ဤစီမံကိန်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းစသည့် ပြည်နယ်သုံးခုတွင် နေထိုင်ကြသည့် ပြည်သူများအား ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှုများအပြင် အခြားရှုပ်ထွေးခက်ခဲသော အကျပ်အတည်းများနှင့် ဆက်စပ်သည့် ရိုက်ခတ်မှုများနှင့် ဖိစီးမှုများကို ကြံ့ကြံ့ခံတွန်းလှန်နိုင်အောင် ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဤပြည်နယ်သုံးခုမှာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် အခြားအခြားသော အကျပ်အတည်းများကြောင့် အဆိုးဝါးဆုံး ထိခိုက်ခံစားရသည့် ပြည်နယ်များတွင် ပါဝင်သည်။ “ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့်ဒေသများ၏ အနီးဝန်းကျင်မှ ရပ်ရွာအသိုက်အဝန်းများအတွက် ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပညာရေး အထောက်အပံ့” ဟု အမည်ပေးထားသည့် ဤစီမံကိန်းမှ ငွေကြေးထောက်ပံ့သွားမည့် ပံ့ပိုးမှုများမှာ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပညာရေး ဝန်ဆောင်မှုများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် အကျပ်အတည်းများ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ပေးရန် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤပံ့ပိုးမှုများတွင် မွေးကင်းစကလေးငယ်များ၊ အသက်ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကျန်းမာရေး ပံ့ပိုးမှုများ အားကောင်းလာစေရန် ဆောင်ရွက်ခြင်း၊ ဘေးကင်းပြီး စရိတ်သက်သာသော ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဝန်ဆောင်မှုများကို သာတူညီမျှလက်လှမ်းမီ ရရှိစေရန် ပံ့ပိုးကူညီခြင်း၊ လုံခြုံစိတ်ချရသော သင်ကြားရေးပတ်ဝန်းကျင်တွင် အရည်အသွေးပြည့်ဝပြီး အားလုံးတန်းတူ ပညာသင်ကြားခွင့်ရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။ ဤစီမံချက်သည် အကျပ်အတည်းများကိုခံနိုင်ရည်ရှိစေရေးနှင့် ကနဦးပြန်လည်ထူထောင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန်တို့အပေါ်တွင်လည်း အလေးပေးဆောင်ရွက်သွားမည်ဖြစ်သည်။

“ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ပြည်သူတွေဟာ အမျိုးမျိုးသော အကျပ်အတည်းတွေကြောင့် အတော့်ကို အားနည်းထိခိုက်လွယ်ကြတယ်။ တစ်ဦးချင်းအနေနဲ့ရော၊ မိသားစု၊ အသိုက်အဝန်းအနေနဲ့ပါ အကျပ်အတည်းတွေကို ခံနိုင်ရည်ရှိရှိ တုံ့ပြန်နိုင်အောင်ကူညီပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလိုအရေးကြီးတဲ့ကြိုးပမ်းအားထုတ်မှုမှာပါဝင်တဲ့ ဂျပန်နိုင်ငံအစိုးရရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ကျေးဇူးတင်ပါတယ်” ဟု ယူနီဆက်မှ Alessandra Dentice က ပြောကြားခဲ့ပါသည်။

“ဂျပန်နိုင်ငံအစိုးရရဲ့ ရပ်တည်မှုက အရင်အတိုင်းမပြောင်းလဲဘဲ ရှိနေပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေဘက်ကရပ်တည်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေကို ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ" ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama က ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ယူနီဆက်၊ WFP တို့နဲ့ပူးပေါင်းပြီး အထူးသဖြင့် ပဋိပက္ခကြောင့်ထိခိုက်ခံစားနေရတဲ့ဒေသတွေက စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ အခြေအနေတွေတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးဖို့အတွက် မြန်မာနိုင်ငံအစိုးရနဲ့ အတူလက်တွဲလုပ်ကိုင်သွားမှာပါ။”

ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့သည် နေရပ်စွန့်ခွာတိမ်းရှောင်မှုများနှင့် ပတ်သက်၍ အရေးကြီးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၌ အားနည်းထိခိုက်လွယ်သည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် နေရပ်စွန့်ခွာတိမ်းရှောင်မှုအသစ်များ ဖြစ်ပေါ်လျှက်ရှိနေချိန်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ ပြန်လည်ဝင်ရောက်လာသူများ ရှိနေသည်။ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် အုပ်စုများအနေဖြင့် လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အကူအညီများ မကြာခဏလိုအပ်လေ့ရှိပြီး အသိုင်းအဝိုင်းများအကြား ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့် ဆက်နွှယ်သည့် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများအပါအဝင် အသစ်အသစ်သော တုန်လှုပ်ချောက်ချားစရာများ ဖြစ်ပေါ်လာပြီး ထပ်မံ၍ နေရပ်စွန့်ခွာထွက်ပြေးရနိုင်သည့်အရေးအတွက် စိုးရိမ်ပူပန်မှုများလည်းရှိနေသည်။

ဤပြည်နယ်များရှိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေသည်လည်း အလွန်စိုးရိမ်စရာဖြစ်သည် - မကြာသေးမီက ရရှိထားသောဒေတာများအရ ရခိုင်ပြည်နယ်တွင် ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းမှာ အရှင်မွေးကလေးငယ် ၁၀၀၀ လျှင် ၅၈ ဦးနှုန်းသေဆုံးပြီး ပြည်နယ်ရှိကလေး ၅၂ ရာခိုင်နှုန်းသည် အခြေခံကာကွယ်ဆေးများ ထိုးနှံခွင့်မရရှိကြပါ။။ ကျေးလက်ဒေသများတွင် လူဦးရေ၏ ၅၅ ရာခိုင်နှုန်းသာ အခြေခံသန့်ရှင်းရေး ပံ့ပိုးမှုများကိုရရှိပြီး အခြေခံသောက်သုံးရေ ထောက်ပံ့မှုများအတွက် ၄၄ ရာခိုင်နှုန်းသာ အသုံးပြုခွင့်ရကြသည်ဖြစ်ရာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းအားလုံးတွင် အနိမ့်ဆုံးရာခိုင်နှုန်းဖြစ်သည်။

ဤခက်ခဲရှုပ်ထွေးပြီးသား အခြေအနေများအပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ လူမှုစီးပွား သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်နှစ်သန်းခန့်သည် ယခုနှစ်အကုန်တွင် ဆင်းရဲတွင်းထဲ ကျရောက်လိမ့်မည်ဟု လတ်တလောပြုလုပ်သည့် လေ့လာချက်တစ်ခုက ခန့်မှန်းထားသည်။ ယူနီဆက်နှင့် ဂျပန်နိုင်ငံအစိုးရတို့သည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်အမျိုးသမီးများ၏ ဘဝများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုများ ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် အခိုင်အမာ ကတိပြုထားကြသည်။

မီဒီယာ အဆက်အသွယ်

Guy Taylor
Chief of Advocacy & Policy
UNICEF Myanmar
အီးမေးလ်: gutaylor@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  

Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar