အရှက်ဂုဏ်သိက္ခာနှင့်ယှဥ်တွဲသော ရာသီလာခြင်း

ဓမ္မတာလာခြင်းကို စနစ်တကျကိုင်တွယ်ဖြေရှင်းတတ်ခြင်းကတဆင့် တာဂရဲမြို့နယ်မှာရှိတဲ့ မိန်းကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကျောင်းနေဘဝကိုဖန်တီးပေးခြင်း

UNICEF Myanmar
UNICEF Myanmar
Aung Cho Min, ADRA Myanmar, 2023
08 ဖေဖော်ဝါရီလ 2024

၁၇ နှစ်အရွယ် မနော်မယ်ရီထူး (၁၇) နှစ်နဲ့ ၁၈ နှစ်အရွယ် မနော်မိုးချယ်ရီ တို့ နှစ်ဦးဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ် ၊ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ တာဂရဲမြို့နယ်၊ ပီတကာ အထက်တန်းကျောင်းမှ ၁၂ တန်းကျောင်းသူလေးတွေ ဖြစ်ပါတယ်။

မိန်းကလေး ၇၀ ဦးအပါအဝင် ကျောင်းသူကျောင်းသားဦးရေ ၂၃၀ ကျော်ရှိတဲ့ သူတို့ကျောင်းမှာ ရာသီလာချိန်ကို သက်တောင့်သက်သာ ဖြတ်ကျော်နိုင်ဖို့ဆိုတာ မိန်းကလေးတွေအတွက် ခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်နေပါတယ်။  မိန်းကလေးတွေဟာ များသောအားဖြင့် အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်ကြားမှာ ဓမ္မတာစလာလေ့ရှိပေမယ့် ဓမ္မတာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဓမ္မတာနဲ့ဆိုင်တဲ့ ကျန်းမာရေးအသိတွေနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းတတ်ကြပါတယ်။ အထူးသဖြင့် ရာသီစတင်လာချိန်ဖြစ်တဲ့ အလယ်တန်းကျောင်းတွေမှာဆိုရင် ဓမ္မတာလာခြင်းနဲ့ပတ်သက်တဲ့ဗဟုသုတနည်းပါးကြသလို ကျောင်းတွေမှာလည်း သန့်စင်ခန်းကို ကျား၊မ သီးသန့်ခွဲထားတာမျိုး နည်းပါတယ်။

ဓမ္မတာလာချိန် တကိုယ်ရေးသန့်ရှင်းရေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း (MHM) ဆိုတာ မိန်းကလေးငယ်လေးတွေအတွက် ဓမ္မတာလာချိန်မှာ သိပ်ကိုအရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းအတွက် သဘာဝဖြစ်စဥ်ဖြစ်ပေမယ့် ခေတ်အဆက်ဆက်မှာ အထူးသဖြင့် ကျောင်းတွေမှာ မိန်းကလေးတွေရဲ့ ရာသီလာခြင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဟာ ရှက်စရာ၊ ကြောက်စရာသဖွယ် ဘေးချိတ်ခံထားရပါတယ်။ ဓမ္မတာလာခြင်းဆိုတဲ့ သဘာဝအလျောက်ဖြစ်တဲ့ ဖြစ်စဥ်ကို မသိကျိုးကျွံလုပ်ထားတာကတဆင့် မမှန်ကန်တဲ့ အလေ့အကျင့်တွေဖြစ်လာတယ်၊ ပိုဆိုးတာကတော့ ဒီလိုအလေ့အကျင့်တွေကနေတဆင့် တကိုယ်ရေမသန့်ရှင်းခြင်းကြောင့် ကျန်းမာရေးပြဿနာတွေဖြစ်လာကြတော့တာပါပဲ။  နောက်ပိုင်းမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပေမယ့်လည်း အလယ်တန်းကျောင်းတွေ၊ အထက်တန်းကျောင်းတွေမှာတော့  မိန်းကလေးတွေအတွက် ရာသီလာချိန်မှာအလိုအပ်ဆုံးဖြစ်တဲ့တကိုယ်ရေသန့်ရှင်းရေးကို ဦးစားပေးတဲ့ အိမ်သာတွေမရှိကြသေးပါဘူး။

UNICEF Myanmar
Aung Cho Min, ADRA Myanmar, 2023 ကရင်ပြည်နယ်၊ တာဂရဲမြို့နယ်၊ ပီတကာအထက်တန်းကျောင်းရှိ ADRA Myanmar နဲ့ ယူနီဆက်ရဲ့ ပံ့ပိုးမှုဖြင့် တည်ဆောက်ခဲ့တဲ့ MHM အခန်းရှေ့မှာ ၁၂ တန်းကျောင်းသူ မနော်မယ်ရီထူး (၁၇ နှစ်)ကို တွေ့ရစဉ်

“သမီးတို့ကျောင်းမှာအရင်က MHM ခန်းတွေမရှိခင်က ရာသီလာတဲ့အချိန်ဆိုရင် တော်တော်ခက်ခဲပါတယ်။ အဲလိုနေ့တွေဆို အိမ်သာတွေက အဆင်မပြေတော့ ကျောင်းတောင်မတက်ချင်ဘူး” လို့ မနော်မိုးချယ်ရီက ပြောပြပါတယ်။

ဒီကျောင်းသူလေးတွေအတွက် MHM ခန်းတွေကို Aeon 1% Club Foundation နဲ့ ဂျပန်အမျိုးသားကော်မတီ (Japan National Committee for UNICEF) တို့ရဲ့ ပံ့ပိုးမှုနဲ့အတူ ယူနီဆက်ဖ်ရဲ့မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ADRA Myanmar ကနေ ဦးဆောင်ပြီး တည်ဆောက်ပေးနိုင်ခဲ့တဲ့အချိန်မှာတော့ ဓမ္မတာလာချိန်ဟာ တမျိုးတဖုံ ပြောင်းလာခဲ့ရပါတော့တယ်။

“ခုတော့ သမီးတို့ တော်တော်အဆင်ပြေသွားပါပြီ။ လစဥ်သုံးပစ္စည်းတွေရယ်၊ ဆပ်ပြာ၊ ရေ၊ နောက်ပြီး စွန့်ပစ်ပစ္စည်းတွေအတွက်အမှိုက်ပုံး၊ ဒါတွေ အကုန်ရှိနေပြီဆိုတော့ ရာသီလာတဲ့ချိန်တွေဆို ကျောင်းမှာဖြစ်နေလည်း ဖြေရှင်းဖို့ လွယ်ကူသွားပါပြီ၊ သမီးတို့ကျန်းမာရေးအတွက်လည်း ပိုကောင်းတာပေါ့နော်။”  လို့ နော်မယ်ရီထူးက ပြောပြပါတယ်။

ဒီလိုမျိုး အိမ်သာတွေ၊ MHM ခန်းတွေကို တည်ဆောက်ပေးရုံတင်မကဘဲ သင်ယူလေ့လာရေးစင်တာတွေမှာ သီးသန့် MHM အိမ်သာတွေ ရှိဖို့ လိုအပ်တဲ့အကြောင်းတွေကို ပညာရေးပံ့ပိုးသူတွေ၊ ရပ်ရွာခေါင်းဆောင်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့အတူ ကျောင်းတွေမှာ အသိပညာပေး အစီအစဉ်တွေပြုလုပ်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများဖြန့်ဝေပေးခြင်း၊ ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းတို့ဖြင့် ကျောင်းတွေမှာ ဓမ္မတာလာခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ မိန်းကလေးတွေ ငယ်စဥ်ကတည်းက သိရှိဖို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

ကျောင်းသူလေးတွေအနေနဲ့လည်း ဒီအစီအစဥ်ကြောင့် ဓမ္မတာလာခြင်းအပေါ်ထားတဲ့ စိတ်ကူးစိတ်သန်းတွေပြောင်းလဲလာခဲ့ပါတယ်။

UNICEF Myanmar
Aung Cho Min, ADRA Myanmar, 2023 MHM အခန်းတွေကြောင့် သူတို့ရဲ့ ကျောင်းသားဘဝအတွေ့အကြုံကို ပိုမိုကောင်းမွန်စေခဲ့ခြင်းကြောင့် ပျော်ရွှင်နေကြတဲ့ မနော်မယ်ရီထူးနဲ့ မနော်မိုးချယ်ရီတို့ နှစ်ဦးကို တွေ့ရစဉ်

"သမီးတို့တက်ခဲ့တဲ့ ဆွေးနွေးပွဲတွေ၊ သင်ထောက်ကူပစ္စည်းတွေရဲ့ အကူအညီနဲ့ အခုဆို ရာသီလာတယ်ဆိုတာ မိန်းကလေးတွေအတွက် သဘာဝပဲဆိုတာရယ်၊ ဒါကို ရှက်ကြောက်နေဖို့မလိုဘူးဆိုတာရယ် သမီးတို့ ပိုနားလည်ခဲ့ရပါတယ်။" လို့ မနော်မိုးချယ်ရီက ပြောပြပါတယ်။

“သမီးတို့မိန်းကလေးတွေ ကျန်းမာရေးအတွက် သေချာစဥ်းစားပေးပြီး ကျောင်းမှာပိုအဆင်ပြေအောင် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ MHM အစီအစဥ်၊ ယူနီဆက်ဖ်နဲ့ သက်ဆိုင်ရာလူကြီးတွေအားလုံးကို သမီးတို့အနေနဲ့ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ MHM ခန်းတွေကြောင့် ကျောင်းတက်ရတာ ရာသီလာချိန် ကျောင်းတက်ရတာ စိတ်မညစ်ရတော့ဘူးပေါ့နော်၊ တခြားကျောင်းက မိန်းကလေးတွေလည်း သမီးတို့လို အဆင်ပြေအောင် တခြားကျောင်းတွေမှာလည်း MHM ခန်းတွေထားပေးဖို့ တောင်းဆိုချင်ပါတယ်။”

တိတ်တိတ်ဆိတ်ဆိတ် ရုန်းကန်နေခြင်းကနေ သူတို့လေးတွေရဲ့ ရုန်းကန်ရမှုကို ပြောခွင့်ဆိုခွင့်ရရှိတာကလည်း ဒီကျောင်းသူလေးတွေအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခု စိုက်ထူပေးလိုက်သလိုပါပဲ။ကျောင်းတွေမှာ MHM အခန်းတွေရှိလာခြင်းဟာ ကျောင်းသူလေးတွေအတွက် သူတို့ရဲ့ ဘဝမှာ အရှက်ဂုဏ်သိက္ခာရှိရှိ နေထိုင်ရင်း ကျန်းမာရေးနဲ့ ညီညွှတ်ပြီး လုံခြုံစိတ်ချရတဲ့ ကျောင်းတက်အတွေ့အကြုံတွေကို ရရှိဖို့ ခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီလိုစီမံကိန်းတွေဟာ မိန်းကလေးအားလုံးအတွက် ပညာသင်ယူချင်စိတ်ကို မြှင့်တင်ပေးရုံတင်မကဘဲ ကျောင်းနေပျော်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် အခြေခံအုတ်မြစ်တစ်ခု ချပေးလိုက်တာပဲဖြစ်ပါတယ်။