ရယ်မောသံများ ပြန်လည်လွှမ်းခြုံလာချိန် - ငလျင်ကြီးအပြီး ကလေးငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးခြင်း
ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ကလေးပျော်နေရာလေးတွေဟာ နေရပ်စွန့်ခွာလာရတဲ့ ကလေးငယ်တွေအတွက် စိတ်ဒဏ်ရာတွေကို ကုစားပြီး အိပ်မက်သစ်တွေ တစ်ဖန်ပြန်လည်မက်ခွင့်ရလာအောင် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို ပေးစွမ်းလျက်ရှိပါတယ်။
- English
- မြန်မာ
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်သွားချိန်မှာတော့ ထွန်းမြာတစ်ယောက် သူတို့ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းကြီး ပြိုကျသွားတော့မယ်လို့ ထင်လိုက်မိပါတယ်။
အသက် ၁၆ နှစ်အရွယ် ထွန်းမြာဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကနေ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပြီး ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ အောက်ထပ်မှာ သူ့ရဲ့အဒေါ်၊ ညီမငယ်တို့နဲ့အတူ လာရောက်ခိုလှုံနေထိုင်ခဲ့တာပါ။
အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ မြေကြီးတွေ တုန်ခါလာပြီး သူတို့နေတဲ့ သစ်သားကျောင်းဆောင်ကြီးဟာ ခပ်ကြမ်းကြမ်း ယိမ်းထိုးလှုပ်ခါလာခဲ့ပါတယ်။ အလွန်ကြောက်လန့်သွားတဲ့အတွက် သူဟာ အပြင်ကို အပြေးအလွှား ထွက်ခဲ့ပါတယ်။ ခဏအကြာမှာပဲ သူဟာ အကြောက်လွန်ပြီး သတိလစ်သွားခဲ့ရှာပါတယ်။
"သမီး သတိရလာတဲ့အချိန်မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ငိုလည်းငိုနေမိတယ်" လို့ ထွန်းမြာက တိုးတိုးလေး ပြောပြပါတယ်။ "သမီးတို့အပေါ်ကို အကုန်လုံး ပြိုကျလာတော့မယ်လို့ ထင်ခဲ့တာလေ။" အဲဒီနောက်ပိုင်း ရက်တွေမှာတော့ သူအပါအဝင် ရပ်ရွာလူထုတစ်ခုလုံးဟာ အကြောက်တရားတွေနဲ့ ထိတ်ထိတ်လန့်လန့် ဖြတ်သန်းခဲ့ကြရပါတယ်။
နောက်ဆက်တွဲ ငလျင်တွေကြောင့် ဘုန်းတော်ကြီးကျောင်း ပြိုကျလာနိုင်တဲ့အတွက် မိသားစုတွေဟာ အပြင်ဘက် လမ်းမတွေပေါ်မှာ ဒါမှမဟုတ် ယာယီ မိုးကာတဲလေးတွေထိုးပြီး အိပ်စက်ခဲ့ကြရပါတယ်။ ညဘက်တွေဟာ အခက်ခဲဆုံးအချိန်တွေပါပဲ။ လှေဖြတ်သွားလို့ဖြစ်ဖြစ်၊ သစ်သားပျဉ်ပြားလေး ကျွိကျွိမြည်သွားလို့ဖြစ်ဖြစ် အနည်းငယ် တုန်ခါသွားတာနဲ့တင် ကလေးတွေဟာ ကြောက်လန့်တကြား အပြင်ကို ပြေးထွက်တတ်ကြပါတယ်။
"သမီးရဲ့ စိတ်ကျရောဂါက ပိုဆိုးလာတယ်။ မျှော်လင့်ချက်တွေလည်း မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်" လို့ သူက ဆက်ပြောပြပါတယ်။
ထွန်းမြာအတွက်တော့ ဒီငလျင်ကြီးက အပြည့်အဝ မကျက်သေးတဲ့ သူ့ရဲ့ စိတ်ဒဏ်ရာဟောင်းတွေကို ပြန်ဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ထွန်းမြာဟာ အသက် ၁၀ နှစ်အရွယ်မှာပဲ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူနဲ့လည်း အတူမနေရဘဲ ကြီးပြင်းလာခဲ့ရသူပါ။ နှစ်နဲ့ချီပြီး နေရပ်စွန့်ခွာ ပြေးလွှားနေရတဲ့အပြင် မရေရာမှုတွေကြောင့် သူဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အမြောက်အများကို ခံစားခဲ့ရပြီးပါပြီ။
"တစ်ခါတလေ သမီးဘဝမှာ အရာအားလုံး ပြိုလဲသွားပြီလို့ ခံစားရတယ်" လို့ သူက လေသံတိုးတိုးလေးနဲ့ ပြောပြပါတယ်။ ဒီငလျင်ကြောင့် စိတ်ဒဏ်ရာတွေက ပိုနက်ရှိုင်းလာပြီး သူဟာ လူအများကို ရှောင်ဖယ်လာသလို၊ စကားလည်းမပြောဘဲ နာရီပေါင်းများစွာ တစ်ယောက်တည်း ထိုင်နေတတ်လာပါတယ်။ အိပ်လို့လည်း မပျော်တော့ဘဲ အမြဲတမ်းလိုလို ဝမ်းနည်းထိတ်လန့်နေတတ်ပါတယ်။ "တချို့အချိန်တွေဆို သမီး ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘူး။" လို့ သူက ဆိုပါတယ်။
ဒီလိုကြုံတွေ့ ခံစားနေရတာ ထွန်းမြာ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ညောင်ရွှေမြို့နယ် တဝန်းမှာ ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာရတဲ့ ဒုက္ခတွေကို ကြုံတွေ့ခဲ့ရပြီးသား ကလေးငယ်များစွာဟာ ငလျင်ကြောင့် စိတ်ဒဏ်ရာတွေကို ထပ်ဆင့် ခံစားခဲ့ကြရပါတယ်။ ထပ်တလဲလဲ လှုပ်ခတ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြားမှာ အိုးအိမ်တွေ ပျက်စီး၊ ယာယီခိုလှုံရာ စခန်းတွေမှာလည်း အန္တရာယ်မကင်း ဖြစ်လာကြပြီး မိသားစုတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။
မိဘတွေကလည်း သူတို့တတ်နိုင်သလောက် ကလေးတွေ စိတ်အေးချမ်းအောင် နှစ်သိမ့်ပေးခဲ့ကြပါတယ်။ တချို့က ဘုန်းတော်ကြီးကျောင်းတွေထဲမှာ ကလေးတွေကို စုပြီး ဘုရားစာ ရွတ်ခိုင်းကြသလို၊ တချို့ကလည်း ကလေးတွေကို ဂိမ်းတွေ၊ ပုံပြင်တွေနဲ့ အာရုံပြောင်းအောင် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရပ်တန့်သွားပြီး တော်တော်ကြာတဲ့အထိတောင် ကလေးအတော်များများဟာ စိုးရိမ်ပူပန်မှုတွေ၊ အိပ်မက်ဆိုးတွေ၊ ထိတ်လန့်မှုတွေနဲ့ လူလုံးမပြချင်တဲ့ စိတ်ခံစားချက်တွေကို ခံစားနေကြရဆဲပါ။ လူကြီးမိဘတွေအနေနဲ့ ကလေးတွေအတွက် အလွန်စိုးရိမ်ပူပန်နေကြပေမဲ့ ဘယ်လို ကူညီဖေးမပေးရမလဲဆိုတာကို သေသေချာချာ မသိခဲ့ကြပါဘူး။
ယူနီဆက်နဲ့ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေက အရေးပေါ် တုံ့ပြန်ကူညီရေး အစီအစဉ်တစ်ရပ်အနေနဲ့ ဒီဒေသကို ရောက်ရှိလာချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်ဖန် ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ ဒီဘက်စုံ ကူညီပံ့ပိုးမှု အစီအစဉ်ဟာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတွေကတစ်ဆင့် ကပ်ဘေးကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေ ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုစားပေးနိုင်ဖို့ အဓိကထား လုပ်ဆောင်ပေးပါတယ်။ ဒီဝန်ဆောင်မှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးရာ ပံ့ပိုးကူညီမှုတွေ၊ ဖြစ်ရပ်စီမံခန့်ခွဲမှု၊ မိဘအုပ်ထိန်းမှုဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ကလေးတွေကို ကလေးဘဝအတိုင်း လွတ်လွတ်လပ်လပ် ပြန်လည်ခံစားရစေမယ့် ဘေးကင်းလုံခြုံတဲ့ ကလေးပျော်နေရာတွေ ပါဝင်ပါတယ်။
ညောင်ရွှေမြို့နယ်က ကလေးပျော်နေရာတစ်ခုမှာဆိုရင် သင်တန်းဆင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်းတွေက ဦးဆောင်ပြီး ကလေးတွေကို ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ကခုန်တာနဲ့ ကစားနည်းတွေ ကစားတာတွေကို ပြုလုပ်ပေးပါတယ်။ အခန်းထဲမှာလည်း ငလျင်ဘေးအပြီး ရက်ပိုင်းတွေတုန်းက ကြားရခဲတဲ့ ကလေးတွေရဲ့ ရယ်မောသံတွေ ပြန်လည် လွှမ်းခြုံနေခဲ့ပါပြီ။
ထွန်းမြာအတွက်တော့ ဒီအစီအစဉ်လေးတွေက သူ့ဘဝရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ "အရင်ကဆို သမီးက လူတွေနဲ့ စကားပြောရမှာကို ကြောက်တယ်။ အခုဆိုရင် သမီးက လူတွေရှေ့မှာ ရဲရဲဝံ့ဝံ့ မတ်တပ်ရပ်ပြီး ဦးဆောင်နိုင်နေပြီလေ။ သမီး ကျောင်းပြီးအောင်တက်ပြီး ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်" လို့ သူက ဆိုပါတယ်။ ဒီအပြောင်းအလဲက အားလုံးရဲ့ မျက်မြင်ပါပဲ။ တစ်ချိန်က လူတွေကို ရှောင်ဖယ်ပြီး ကြောက်ရွံ့နေခဲ့တဲ့ ထွန်းမြာတစ်ယောက်ဟာ အခုဆိုရင် အုပ်စုလိုက် လှုပ်ရှားမှုတွေကို ကိုယ်တိုင် ဦးဆောင်ပြီး တခြား ကလေးငယ်တွေကိုပါ ပါဝင်လာအောင် တိုက်တွန်းတတ်နေပါပြီ။
အသက် ၁၃ နှစ်အရွယ် ပန်းလေပြေအတွက်လည်း ဒီလှုပ်ရှားမှုတွေဟာ သူတို့မိသားစု လက်ရှိရင်ဆိုင်နေရဆဲဖြစ်တဲ့ မရေရာမှုတွေကနေ ခဏတာ လွတ်မြောက်အနားရစေတဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးပါတယ်။ သူဟာ မိခင်ဖြစ်သူနဲ့အတူ အဲဒီရွာက ဘုန်းကြီးကျောင်းကြမ်းပြင်အောက်မှာ မိုးကာဖျင်ကာပြီး နေထိုင်ကြရတာပါ။ ငလျင်ကြောင့် သူတို့ မှီခိုနေရတဲ့ နဂိုကတည်းက ယိုင်နဲ့နဲ့ နေရာကျဉ်းကျဉ်းလေးဟာ ပိုပြီးတောင် အားနည်း ယိုယွင်းသွားခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ မိခင်ဖြစ်သူဟာ နေ့စားအလုပ်တစ်ခုရဖို့ ရုန်းကန်ရှာဖွေရင်း တစ်ဖက်မှာလည်း သမီးဖြစ်သူရဲ့ ကျောင်းစရိတ်နဲ့ ဘယ်လို ရှေ့ဆက် ပံ့ပိုးပေးရမလဲဆိုတာကို တွေးပြီး ပူပန်နေခဲ့ရပါတယ်။ "ကျွန်မတို့အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်မှာ ပါဝင်နေတဲ့ သမီးလေးရဲ့ အပြုံးကို မြင်လိုက်ရတော့ သမီး ပညာဆက်သင်နိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်လေး သမ်းလာတယ်လို့ ခံစားရတယ်" လို့ ပန်းလေပြေရဲ့ မိခင်ဖြစ်သူ ဒေါ်လှလှအေးက ပြောပြပါတယ်။ ကစားတဲ့အစီအစဥ်တွေေအပြင် ဒီအစီအစဉ်မှာ ဖြစ်ရပ်စီမံခန့်ခွဲရေး ဝန်ဆောင်မှုတွေ၊ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ မိဘအုပ်ထိန်းမှုအကြောင်း ဆွေးနွေးပွဲတွေနဲ့ ကလေးသူငယ် ကာကွယ်ရေးနဲ့ဆိုင်တဲ့ အန္တရာယ်တွေအကြောင်း အသိပညာပေး ဟောပြောမှုတွေလည်း ပါဝင်ပါတယ်။
ငလျင်ကြီး လှုပ်ခတ်ပြီး တစ်နှစ်အကြာမှာတော့ ယူနီဆက်ရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တုံ့ပြန်မှု အစီအစဉ်တွေဟာ ရှမ်းပြည်နယ် တောင်ပိုင်းတခွင်က ငလျင်ဘေးအပြင် ရေဘေးကိုပါ ကြုံတွေ့ခံစားခဲ့ရတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေကို ပြန်လည်ထူထောင်နိုင်ဖို့ ဆက်လက် ပံ့ပိုးပေးလျက်ရှိပါတယ်။ လုံခြုံတဲ့ ကလေးပျော်နေရာတွေ ဖန်တီးပေးတာနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးတာအပါအဝင် ဒီလို ဘဝပြောင်းလဲစေတဲ့ လုပ်ဆောင်ချက်တွေဟာ အဓိက မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ရက်ရောလှတဲ့ ပံ့ပိုးကူညီမှုတွေကြောင့်သာ အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ ဒီပံ့ပိုးမှုတွေက လက်ငင်း စိတ်သက်သာရာရစေရုံတင်မကဘဲ ကလေးငယ်တွေကို ယုံကြည်မှုတွေ ပြန်လည်ရရှိအောင်၊ သူငယ်ချင်း သက်တူရွယ်တူတွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်အောင်နဲ့ ကပ်ဘေးကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ဖြည်းဖြည်းချင်း ကုစားနိုင်အောင်ပါ အထောက်အကူ ပြုလျက်ရှိပါတယ်။
ရပ်ရွာထဲက ကလေးပျော်နေရာတစ်ခုအတွင်းမှာတော့ ကလေးငယ်လေးတွေဟာ စက်ဝိုင်းပုံ ဝိုင်းဖွဲ့ပြီး လက်ခုပ်တီးကာ ပျော်ပျော်ရွှင်ရွှင် ကစားနေကြပါတယ်။ ရှေ့ဆုံးမှာ မတ်တပ်ရပ်ပြီး ဂိမ်းကစားဖို့ ကူညီလမ်းညွှန်ပေးနေသူကတော့ ထွန်းမြာပဲ ဖြစ်ပါတယ်။
"အခုဆို သမီး ရှေ့ထွက်ရပ်ပြီး ဦးဆောင်နိုင်နေပြီလေ" လို့ သူက ပြုံးပြီး ပြောပြပါတယ်။ တစ်ချိန်က ကလေးတွေကို ကြောက်ရွံ့တုန်လှုပ်စေခဲ့တဲ့ မြေကြီး တုန်ခါမှုတွေက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါပြီ။ ဒါပေမဲ့ ထွန်းမြာတို့လို ကလေးငယ်တွေအတွက်တော့ ကုစားခြင်းခရီးစဉ်ဟာ လုံခြုံတဲ့ နေရာလေးတွေ၊ ဂရုတစိုက် စောင့်ရှောက်ပေးတတ်တဲ့ ဝန်ထမ်းတွေ၊ ပြီးတော့ သူတို့ တစ်ယောက်တည်း အထီးကျန် မနေရဘူးဆိုတဲ့ နွေးထွေးတဲ့ အာမခံချက်တွေနဲ့အတူ ရှေ့ဆက် လျှောက်လှမ်းနေရဆဲ ဖြစ်ပါတယ်။