ပြန်လည်ရှင်သန်လာသော ခြေလှမ်းငယ်များ

ချိုင်းထောက်လေးမှတစ်ဆင့် ပြန်လည်တွေ့ရှိခဲ့သော လွတ်လပ်မှုနှင့် ယုံကြည်ချက်

By Khine Zar Mon
UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet
16 မတ်လ 2026

တံတားဦးမြို့နယ်၏ ပူပြင်းလှသော နွေလည်နေခင်းတစ်ခုတွင် အသက် ၈ နှစ်အရွယ် သင်းသန့်သွယ်တစ်ယောက် သူငယ်ချင်းများနှင့်အတူ အုတ်တံတိုင်းဘေး၌ ပျော်ရွှင်စွာ ဆော့ကစားနေခဲ့သည်။ ပထမတန်းစာမေးပွဲ ဖြေဆိုပြီးစဖြစ်၍ ကလေးငယ်၏ စိတ်ထဲတွင် လွတ်လပ်ပေါ့ပါးနေသည့် အချိန်လည်း ဖြစ်သည်။ သို့သော် ထိုပျော်ရွှင်မှုများသည် ထင်မှတ်မထားသော အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုနှင့်အတူ ပြိုကျလာသည့် အုတ်တံတိုင်းအောက်တွင် ခဏချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။

အုတ်တံတိုင်းပိမိသွားသော သင်းသန့်သွယ်သည် သတိလစ်မေ့မြောသွားခဲ့ပြီး ဆီးခုံနှင့် တင်ပါးဆုံရိုးများတွင် ပြင်းထန်သော ဒဏ်ရာများရရှိကာ ခြေထောက်ရိုး ကျိုးသွားခဲ့သည်။ သူမနှင့်အတူ ဆော့ကစားနေသော သူငယ်ချင်းများမှာ ဘေးကင်းခဲ့သော်လည်း သင်းသန့်သွယ်အတွက်မူ ထိုနေ့သည် သူမ၏ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့သည့် နေ့တစ်နေ့ ဖြစ်ခဲ့ရသည်။

ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့်အပြင် သင်းသန့်သွယ်၏ ဆေးကုသစရိတ်မှာလည်း မိသားစုအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရသည်။ "သမီးလေး ဒီလိုဖြစ်တော့ ဆေးရုံပြဖို့တောင် အခက်အခဲ ဖြစ်ခဲ့ရတယ်။ တစ်ပတ်လောက်အထိ ဆေးမကုနိုင်ဘဲ မြန်မာဆရာနဲ့ပဲ ပြခဲ့ရတယ်" ဟု မိခင်ဖြစ်သူ မေဇင်ဦးက ထိုစဉ်က ရင်ဆိုင်ခဲ့ရသော အခက်အခဲကို ပြန်လည်ပြောပြသည်။

နောက်ဆုံးတွင် ကုတင် ၅၅၀ ဆေးရုံကြီးသို့ ရောက်ရှိသွားပြီး ခွဲစိတ်မှု ၃ ကြိမ်နှင့် ရက်ပေါင်း ၂၀ ကျော်ကြာ ဆေးရုံတက်ရောက် ကုသမှုများကို ခံယူခဲ့ရသည်။ ခြေထောက်ကို စတီးချောင်းထည့်ကာ ၃ နာရီကြာ ခွဲစိတ်ကုသနေသည့် အချိန်အတောအတွင်း မိခင်ဖြစ်သူမှာ ဖော်မပြနိုင်လောက်အောင် စိုးရိမ်ဝမ်းနည်းမှုများကို ခံစားခဲ့ရပါသည်။

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet ငလျင်လှုပ်ခတ်ပြီးနောက် သင်းသန့်သွယ်သည် ပြင်းထန်သော စိတ်ဒဏ်ရာကို ခံစားခဲ့ရသည်။ စကားမပြောနိုင်တော့သလို အစာလည်း မဝင်တော့သဖြင့် သူမ ပြန်လည်ကျန်းမာလာရေးအတွက် မိသားစုမှာ များစွာ စိုးရိမ်ခဲ့ရသည်

သင်းသန့်သွယ် ခံစားရသော ဒဏ်ရာမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာတွင်လည်း ပြင်းထန်ခဲ့သည်။ ဝေဒနာနှင့် ကြောက်ရွံ့မှုများကြောင့် စကားမပြောနိုင်တော့သလို အစာလည်း မဝင်တော့ဘဲ မိသားစုတစ်ခုလုံးကို စိုးရိမ်ထိတ်လန့်စေခဲ့သည်။ ငလျင်လှုပ်ခတ်မှု ရပ်တန့်သွားသော်လည်း သူမ၏ စိတ်ထဲတွင်မူ ကြောက်ရွံ့မှုများက အရှိန်မသတ်နိုင်သေးဘဲ အသေးစားငလျင်များ လှုပ်ခတ်တိုင်း အမေ့ကို တွယ်ကပ်ကာ ထိတ်လန့်နေတတ်သည့် စိတ်ဒဏ်ရာကိုပါ ရရှိသွားခဲ့သည်။

ထိုမှောင်မိုက်နေသော အချိန်များအတွင်း ယူနီဆက် (UNICEF) မှ တာဝန်ရှိသူများက သင်းသန့်သွယ်တို့ထံသို့ ရောက်ရှိလာခဲ့ပါသည်။ UNICEF မှ ပံ့ပိုးပေးသော အရေးပေါ်ငွေကြေးထောက်ပံ့မှုများသည် သင်းသန့်သွယ်အတွက် ဆေးဖိုးဝါးခနှင့် ဆေးခန်းသွားရန် လမ်းစရိတ်အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ပါသည်။ ထို့ထက် ပိုမိုအရေးပါသည်မှာ သင်းသန့်သွယ်၏ အရပ်နှင့် ကိုက်ညီအောင် စီစဉ်ပေးထားသော ချိုင်းထောက် (Crutches) လေးပင် ဖြစ်သည်။

"သမီးလေးက ခြေထောက်ကျိုးပြီးနောက်ပိုင်း ကိုယ့်ဘာသာကိုယ် မတ်တပ်ရပ်ဖို့တောင် အရမ်းကြောက်နေခဲ့တာ။ ဒီချိုင်းထောက်လေး ရပြီးမှပဲ သူ့ရဲ့ ယုံကြည်မှုတွေ ပြန်ရှိလာတာ" ဟု မေဇင်ဦးက ဆိုသည်။ အပတ်စဉ်လာရောက်သည့် UNICEF မှ ပညာရှင်များ၏ စနစ်တကျ လမ်းလျှောက်နည်း သင်ကြားပေးမှုကြောင့် သင်းသန့်သွယ်သည် သူတစ်ပါးအကူအညီမပါဘဲ မိမိဘာသာ ပြန်လည်လမ်းလျှောက်နိုင်သည့် လွတ်လပ်မှုကို ရရှိခဲ့သည်။ သူမသည် မိသားစုနှင့်အတူ ဘုန်းကြီးကျောင်းသွားခြင်း၊ သူငယ်ချင်းများနှင့် ပြန်လည်ဆော့ကစားခြင်းတို့ကို ကိုယ်တိုင် ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet ငလျင်လှုပ်ခတ်ပြီး တစ်နှစ်အကြာတွင် သင်းသန့်သွယ်သည် မိမိခြေထောက်ပေါ်တွင် မိမိ ခိုင်မာစွာ ပြန်လည်လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ကျက်သွားခဲ့ပြီဖြစ်သလို မိသားစု၏ ပံ့ပိုးမှုဖြင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုများလည်း ပြန်လည်ရရှိလာခဲ့သည်

ယခုအခါ ငလျင်လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည့် အချိန်တွင် သင်းသန့်သွယ်သည် ချိုင်းထောက်များကို စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်ကာ သူမ၏ ကိုယ်ပိုင်ခြေလှမ်းများဖြင့် ခိုင်မာစွာ လမ်းပြန်လျှောက်နိုင်နေပြီ ဖြစ်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ကျက်လာသလို စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပြန်လည်လန်းဆန်းလာခဲ့သည်။ လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်းကို ပြန်လည်တက်ရောက်တော့မည့် သမီးလေးအတွက် မိခင်ဖြစ်သူ၏ မျှော်လင့်ချက်မှာ ရိုးရှင်းလှပါသည်။

"သမီးလေးကို ကျွန်မ တတ်နိုင်သမျှ အင်အားနဲ့ ပညာရေးကို ပြီးဆုံးအောင် ပံ့ပိုးပေးချင်ပါတယ်။ သူ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်လို့တော့ မျှော်လင့်ချက် မထားပါဘူး။ သူ သင်ယူနိုင်သမျှ ပညာကိုပဲ တတ်စေချင်တာပါ" ဟု မေဇင်ဦးက ဆိုသည်။ သင်းသန့်သွယ်၏ ပြန်လည်ရှင်သန်လာသော ခြေလှမ်းများသည် ပြိုကျပျက်စီးမှုများကြားမှ မျှော်လင့်ချက်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည့် ခိုင်မာသော သက်သေပင် ဖြစ်ပါတော့သည်။

သင်းသန့်သွယ်တို့ကဲ့သို့သော ကလေးငယ်များ၏ ခရီးစဉ်ကို ယူနီဆက် (UNICEF) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ရက်ရောစွာ ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိပါသည်။ ဤစုပေါင်းအင်အားဖြင့် ငလျင်ဒဏ်သင့်ပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး၊ သူတို့၏အနာဂတ်ကို ပြန်လည်ထုဆစ်ကာ ပိုမိုတောက်ပသော မနက်ဖြန်ဆီသို့ ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနိုင်ရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။