သမီး သီချင်းဆိုလိုက်တဲ့အခါ ဝေဒနာတွေအားလုံးကို မေ့သွားတယ်

အပျက်အစီးများကြားမှ ပြန်လည်ရှင်သန်လာသော ရတီ၏ မျှော်လင့်ချက်ခြေလှမ်းများ

By Khine Zar Mon
UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet
24 မတ်လ 2026

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ရဲ့ နေ့လယ်ခင်းမှာတော့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးရန်နိုင်မြို့နယ်ရှိ လူဦးရေထူထပ်တဲ့ ရပ်ကွက်တစ်ခုမှာ အသက် ၁၃ နှစ်အရွယ် ရတီတစ်ယောက် သူမရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း သည်နေ့လေးကို ဖြတ်သန်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။

ကျောင်းပိတ်ရက် နေ့လယ်ခင်းတွေမှာ ရတီဟာ ထမင်းစားပြီးရင် အနီးအနားက အကသင်တန်းကို သွားလေ့ရှိပါတယ်။ အဲဒီသင်တန်းလေးဟာ သူမ အပျော်ဆုံးနဲ့ အမြဲတမ်း စိတ်လှုပ်ရှားစွာ မျှော်လင့်ရတဲ့ အချိန်လေးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာတော့ သူမဟာ သင်တန်းမသွားခင် အနီးအနားတိုက်ခန်းမှာနေတဲ့ သူမရဲ့ အခင်ဆုံးသူငယ်ချင်း စုစုဆီကို ခဏသွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မိန်းကလေးနှစ်ဦးဟာ ခုနစ်လွှာက တိုက်ခန်းလေးထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစားနေတုန်းမှာပဲ မြေပြင်ဟာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာခဲ့ပါတယ်။ "ပထမတော့ ဘာဖြစ်နေတာလဲဆိုတာ သမီး နားမလည်ဘူး" လို့ ရတီက ပြန်ပြောပြပါတယ်။ "အရာအားလုံး လှုပ်ရှားလာတယ်။ နံရံတွေ တုန်ခါပြီး ပစ္စည်းတွေ ပြုတ်ကျလာတယ်။ သမီး အရမ်းကြောက်သွားခဲ့တယ်"

ခဏချင်းမှာပင် အင်အား ၇.၇ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်သွားပြီး အဆောက်အအုံကြီးဟာ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ကွန်ကရစ်ချပ်တွေနဲ့ အပျက်အစီးပုံကြီးအောက်မှာ ပိတ်မိနေခဲ့တဲ့ ရတီဟာ ကိုးနာရီကျော်ကြာအောင် အမှောင်ထုထဲမှာ နစ်မွန်းနေခဲ့ရပါတယ်။ "အရမ်းကြာသွားသလိုပဲလို့ ခံစားရတယ်" လို့ သူမက တိုးတိုးလေး ဆိုပါတယ်။ "သမီး အစွမ်းကုန် အော်ဟစ်အကူအညီတောင်းနေခဲ့တယ်။ တစ်ယောက်ယောက် ကြားပါစေလို့လည်း တတွတ်တွတ် ဆုတောင်းနေခဲ့မိတယ်"

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet ငလျင်လှုပ်ပြီး တစ်နှစ်အကြာတွင် ရတီသည် သူမ၏ ရပ်ကွက်အတွင်းရှိ အပျက်အစီးများကြားတွင် လျှောက်လှမ်းနေသည်။ သူမ၏ တည်ငြိမ်သော ကြံ့ကြံ့ခံနိုင်ရည်ရှိမှုသည် ဘဝကို ပြန်လည်ထူထောင်ရန် သန္နိဋ္ဌာန်ချထားသည့် လူမှုအသိုင်းအဝိုင်း၏ ခွန်အားကို ထင်ဟပ်စေသည်။

အပြင်ဘက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေကြားက အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေနေကြပါတယ်။ ကယ်ဆယ်ရေးသမားတွေ ရတီရှိရာကို ရောက်သွားချိန်မှာတော့ သူမဟာ သတိလစ်လုနီးပါး ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမဟာ အကူအညီတောင်းဖို့ အချက်ပြနိုင်ပါသေးတယ်။ "သမီးလေးက သူ့မှာ ကျန်ရှိနေတဲ့ အင်အားလေးကို စုစည်းပြီး ကယ်ဆယ်ရေးသမားတွေ တွေ့အောင် အချက်ပေးတာ၊ အသံပြုတာတို့ လုပ်ခဲ့တယ်" လို့ ဖခင်ဖြစ်သူ ဦးကောင်းက ပြန်ပြောင်းပြောပြပါတယ်။ "သူမကို ဘေးကင်းကင်းနဲ့ ကယ်ထုတ်လာနိုင်တဲ့ အဲဒီအချိန်ကို ကျွန်တော်တို့ မိသားစု ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

ရတီ အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ သူမရဲ့ အခင်ဆုံးသူငယ်ချင်း စုစုကတော့ ကွယ်လွန်သွားခဲ့ပါတယ်။

အဲဒီနေ့အကြောင်း ပြန်စဉ်းစားမိတိုင်း ရတီဟာ အခုထိ စိတ်မကောင်းဖြစ်နေဆဲပါ။

"ငလျင်မလှုပ်ခင်လေးတင် သူနဲ့ အတူတူ ဆော့နေခဲ့တာ" လို့ သူမက တိုးတိုးလေး ပြောပါတယ်။ "တစ်ခါတလေ သမီး သူ့အကြောင်းကို စဉ်းစားမိပြီး သူလည်း ကယ်ထုတ်ခံရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတယ်"

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet အသက် ၁၃ နှစ်အရွယ် ရတီသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ၎င်းတို့၏ ယာယီနေအိမ်အပြင်ဘက်တွင် မောင်နှမဝမ်းကွဲများနှင့်အတူ ဆော့ကစားနေသည်။ ငလျင်ကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားစေသည့် ဒဏ်ရာမှ အသက်ရှင်ကျန်ရစ်ပြီးနောက် ရတီသည် ယခုအခါ ပြန်လည်လမ်းလျှောက်နိုင်ပြီး ဆော့ကစားနိုင်ပြီဖြစ်သည်။

ရတီ ဆေးရုံကို ရောက်တဲ့အချိန်မှာ တစ်ကိုယ်လုံး သွေးတွေနဲ့ ဖုန်မှုန့်တွေ ပေကျံနေပြီး ခြေထောက်မှာလည်း ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိထားပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေထက် ဘေးဒဏ်ကြောင့် ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပိုမိုနက်ရှိုင်းနေခဲ့ပါတယ်။

"အရင်ကဆို သမီးက အရမ်းတက်ကြွပြီး စကားလည်း အရမ်းများတာ" လို့ မိခင်ဖြစ်သူ ဒေါ်ခင်မာက ဆိုပါတယ်။ "ငလျင်လှုပ်ပြီးနောက်မှာ သူ အရမ်းတိတ်ဆိတ်သွားတယ်။ အစာလည်း မစားချင်တော့သလို တစ်ယောက်တည်း ထိုင်ပြီး သူ့သူငယ်ချင်းအကြောင်းကိုပဲ ငေးငိုင်တွေးတောနေတတ်တယ်"

ငလျင်ဒဏ်သင့်ခဲ့တဲ့ မိသားစုများစွာလိုပဲ ရတီတို့မိသားစုလည်း သူတို့ရဲ့ နေအိမ်လေးကို ဆုံးရှုံးခဲ့ရပါတယ်။ ရက်အနည်းငယ်ကြာအောင် ကွင်းပြင်တွေမှာ အိပ်စက်ခဲ့ရပြီး နောက်ဆုံးမှာ ယာယီတဲလေးတစ်ခုအတွင်း ပြောင်းရွှေ့ခဲ့ရပါတယ်။ သူတို့ဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရချိန်မှာပဲ ဒဏ်ရာရထားတဲ့ သမီးလေးကို ပြုစုစောင့်ရှောက်ဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရပါတယ်။ "အဲဒီအချိန်က အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မတွေးတတ်ခဲ့ဘူး" လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ "သမီးလေး ပြန်လမ်းလျှောက်နိုင်ပါ့မလား၊ ကျောင်းပြန်တက်နိုင်ပါ့မလားဆိုတာက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုပဲ"

ယူနီဆက် (UNICEF) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ရောက်ရှိလာတဲ့အခါ ရတီတို့မိသားစုဟာ ပြန်လည်ထူထောင်ရေးနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုတွေ ရရှိခဲ့တဲ့အထဲမှာ ပါဝင်လာခဲ့ပါတယ်။

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet ငလျင်လှုပ်ပြီး သုံးလအကြာတွင် ရတီသည် ၎င်း၏ ယာယီခိုလှုံရာ၌ လမ်းလျှောက်အထောက်အကူပြုပစ္စည်းကို အသုံးပြုနည်းကို သင်ယူရန် ကာယကုထုံးပညာရှင်နှင့်အတူ လေ့ကျင့်နေသည်။

ရတီဟာ လမ်းလျှောက်အထောက်အကူပြုပစ္စည်း၊ ပြန်လည်ထူထောင်ရေးကုထုံးနဲ့ ဆေးကုသစရိတ်အချို့အတွက် ငွေကြေးထောက်ပံ့မှုတွေကို ရရှိခဲ့ပါတယ်။ ဒါက သူမရဲ့ လှုပ်ရှားသွားလာနိုင်မှုနဲ့ ယုံကြည်မှုကို တဖြည်းဖြည်း ပြန်လည်ရရှိဖို့ အများကြီး အထောက်အကူပြုခဲ့ပါတယ်။

"ပထမတော့ မတ်တပ်ရပ်ဖို့နဲ့ ခြေလှမ်းအနည်းငယ်လှမ်းဖို့တောင် အရမ်းခက်ခဲခဲ့တယ်" လို့ ရတီက ဆိုပါတယ်။ "ဒါပေမဲ့ ဆရာဝန်တွေနဲ့ ကုထုံးပညာရှင်တွေက သမီးကို အားပေးတယ်၊ မိသားစုကလည်း အရှုံးမပေးဖို့ အမြဲတမ်း လက်တွဲကူညီပေးခဲ့တယ်"

တဖြည်းဖြည်းနဲ့ သူမရဲ့ ခွန်အားတွေ ပြန်လည်ရရှိလာခဲ့ပါတယ်။

ရတီရဲ့ အကြီးမားဆုံးဆန္ဒတစ်ခုက ကျောင်းပြန်တက်ဖို့ပါ။ သူမဟာ လမ်းလျှောက်အထောက်အကူပြုပစ္စည်းလေးနဲ့ ကျောင်းကို နောက်ဆုံးမှာ ပြန်သွားနိုင်တဲ့အခါ အတန်းဖော်သူငယ်ချင်းတွေက သူမကို ကြိုဆိုပုံက မိသားစုအတွက် ဘယ်တော့မှ မေ့နိုင်စရာ မရှိပါဘူး။ "သူ့သူငယ်ချင်းတွေက ကျောင်းဂိတ်ဝမှာ စောင့်နေကြတာ" လို့ မိခင်ဖြစ်သူက ပြုံးလျက် ဆိုပါတယ်။ "သူတို့က သမီးလေးရဲ့ဘေးကနေ လမ်းလျှောက်ပေးတယ်၊ ကျောင်းလွယ်အိတ်ကို ဝိုင်းကူသယ်ပေးကြပြီး သမီးလေးကို အားပေးကူညီမှုတွေ အပြည့်အဝ ပေးခဲ့ကြတယ်"

သူငယ်ချင်းတွေကို ပြန်တွေ့လိုက်ရတာက ရတီအတွက် အကြီးမားဆုံးသော နှစ်သိမ့်မှုပါပဲ။ "သူငယ်ချင်းတွေကို တွေ့လိုက်ရတဲ့အခါ သမီး အရမ်းပျော်သွားတယ်" လို့ ရတီက ဆိုပါတယ်။ "သူတို့က သမီးကို လမ်းလျှောက်ဖို့ ကူညီပေးကြသလို သမီးကို သတိရနေတဲ့အကြောင်းလည်း ပြောကြတယ်"

UNICEF Myanmar
UNICEF Myanmar/2026/Nyan Zay Htet မြန်မာနိုင်ငံအလယ်ပိုင်းရှိ ၎င်းတို့၏ ယာယီနေအိမ်ရှေ့တွင် ရတီသည် သူမ၏မိဘများနှင့်အတူ နွေးထွေးသော အချိန်လေးကို ကုန်လွန်စေနေသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ ပြုလုပ်ခဲ့ရသည့် တစ်နှစ်တာအတွင်း မိဘများ၏ ပံ့ပိုးမှုမှာ သူမအတွက် အကြီးမားဆုံးသော ခွန်အား ဖြစ်ခဲ့သည်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ ကလေးငယ်များစွာဟာ ဘေးဒဏ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နေအိမ်တွေ ဆုံးရှုံးတာ၊ ဒဏ်ရာရတာနဲ့ နေ့စဉ်ဘဝတွေ အဆင်မပြေဖြစ်တာတွေဟာ မိသားစုတွေအပေါ် ရေရှည်သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ယူနီဆက် (UNICEF) နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ရက်ရက်ရောရောပံ့ပိုးကူညီမှုတွေနဲ့ ငလျင်ဒဏ်သင့်ဒေသမှာရှိနေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် အရေးပါတဲ့ အကူအညီတွေကို ပေးလျက်ရှိပါတယ်။ ဒီလိုအလုံးစုံသော ကူညီမှုတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများနဲ့ မိသားစုတွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ငွေကြေးထောက်ပံ့မှုတွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် မသန်စွမ်းကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဦးစားပေးအနေနဲ့ ကူညီပေးလျက်ရှိပါတယ်။

ရတီအတွက်တော့ တေးဂီတဟာ သူမရဲ့ ပြန်လည်ထူထောင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

"အခု သမီး သီချင်းဆိုတဲ့အခါ ဝေဒနာတွေအားလုံးကို မေ့သွားတယ်" လို့ သူမက တောက်ပတဲ့ အပြုံးလေးနဲ့ ဆိုပါတယ်။

ငလျင်လှုပ်ပြီး တစ်နှစ်အကြာမှာ ရတီဟာ အခုဆိုရင် မိမိဘာသာ လွတ်လပ်စွာ လမ်းပြန်လျှောက်နိုင်ပါပြီ။ ဆေးစစ်မှုအချို့ကို ရံဖန်ရံခါ ပြုလုပ်နေရဆဲဖြစ်ပေမဲ့ သူမရဲ့ ယုံကြည်မှုကတော့ ဆက်လက်တိုးတက်နေဆဲပါ။

သမီးဖြစ်သူ ခွန်အားတွေ ပြန်ရလာတာကို တွေ့ရတာဟာ မိသားစုအတွက် မျှော်လင့်ချက်အသစ်တွေကို ပြန်လည်ယူဆောင်လာပေးတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

"သူ ပြန်ပြုံးနိုင်ပြီး သီချင်းပြန်ဆိုနိုင်တဲ့အခါ ဘဝက ရှေ့ဆက်လို့ရတယ်ဆိုတာကို ကျွန်တော်တို့ကို သတိပေးနေသလိုပါပဲ" လို့ သူက ဆိုပါတယ်။

ရတီရဲ့ ခရီးစဉ်ဟာ ဘေးအန္တရာယ်အပြီးမှာ ဘဝကို ပြန်လည်ထူထောင်နေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေရဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို ထင်ဟပ်စေပါတယ်။ လူမှုအသိုင်းအဝိုင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဆက်လက်ပံ့ပိုးကူညီမှုနဲ့အတူ ရတီတို့လို လူငယ်လေးတွေဟာ ရှေ့သို့ဆက်လှမ်းဖို့ ခွန်အားတွေကို တစ်လှမ်းချင်းစီ ရှာဖွေတွေ့ရှိနေကြပြီ ဖြစ်ပါတယ်။