ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ပထမခြေလှမ်း
တချိန်က လမ်းမလျှောက်နိုင်ခဲ့သည့် မိန်းကလေးငယ်လေးသည် ယခုအခါ ယူနီဆက်၏ ပံ့ပိုးကူညီမှုကြောင့် အနာဂတ်ဆီသို့ မျှော်လင့်ချက်ပြည့်ဝစွာဖြင့် ရဲရဲဝံ့ဝံ့ လှမ်းလျှောက်နိုင်လာခဲ့ပါပြီ။
- English
- မြန်မာ
ကျောင်းစိမ်းဝတ်စုံလေးကို ဝတ်ဆင်ထားသည့် ခုနစ်နှစ်အရွယ် ကျောင်းသူလေး နန်းခမ်းဆက်သည် နံနက်ခင်း၏ လေနုအေးအောက်မှာ ရယ်မောပျော်ရွှင်ရင်း ဂုဏ်ယူစွာဖြင့် ကျောင်းဆီသို့ လမ်းလျှောက်လာနေသည်။ အဲဒီလို မြင်ကွင်းက နောင်ကျင်ကျေးရွာတွင် အမြဲမြင်တွေ့ရတဲ့ သာမန်မြင်ကွင်းလေးတစ်ခု မဟုတ်ပါဘူး။
သူငယ်ချင်းတွေကို လှမ်းနှုတ်ဆက်နေချိန်မှာ သူမ၏ အဝါရောင် ခေါင်းစည်းကြိုးလေးတွေဟာ နေရောင်အောက်မှာ တဖြတ်ဖြတ် လက်နေရင်း၊ သူမ၏ ခြေတစ်လှမ်းချင်းစီက ဘယ်လောက်ဝေးဝေး လျှောက်လာခဲ့ရသလဲဆိုတာကို သတိပေးနေသလို ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူမရဲ့ ဘဝစတင်ခါစ အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ခြေထောက်လေးတွေ ထိခိုက်ခဲ့ပြီး လမ်းမလျှောက်နိုင်တော့အောင် ဖြစ်သွားခဲ့ရပါတယ်။ အဲဒီအချိန်က သူမအတွက်တော့ တခြားကလေးတွေ ကျောင်းဆီကို လမ်းလျှောက်သွားနေကြတာကို အဝေးကနေ ကြည့်ရုံသာ ကြည့်နေရတဲ့ ဘဝလေးဖြစ်ခဲ့ပါတယ်။
သူမ အသက် တစ်နှစ်အရွယ်တွင် ရေနွေးအိုးမှောက်ကျမှုကြောင့် ခြေထောက်များကို ရေနွေးပူလောင် ဒဏ်ရာရခဲ့ပြီး အဲဒီအကျိုးဆက်ကြောင့် လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေဖြစ်ခဲ့ရပါတယ်။
“ကျွန်တော့်သမီးလေးက တခြားကလေးတွေလိုပဲ ကျောင်းတက်ချင်ပါတယ်။ ကျွန်တော်လည်း သူမကို သူတို့နဲ့အတူ စာသင်ပြီး ကစားခွင့်ရစေချင်ပါတယ်” လို့ ဖခင်ဖြစ်သူ ဦးရွှေကြာက ပြောပြခဲ့ပါတယ်။
ထို့အပြင် “သမီးလေးက အကူအညီမပါဘဲ အိမ်သာတောင် မသွားနိုင်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မစောင့်ရှောက်နိုင်ပါဘူး။ ရွာမှာရှိတဲ့ ကျောင်းကလည်း သူမအတွက် အဆင်ပြေအောင် စီမံပေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး” လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။
နန်းခမ်းဆက်၏ အခြေအနေသည် ယူနီဆက်အဖွဲ့များ ကျေးရွာသို့ ရောက်ရှိလာပြီး မသန်စွမ်းမှု စစ်ဆေးမှုများကို ပြုလုပ်ပေးခဲ့သည့် အချိန်မှစတင်ကာ ပြောင်းလဲလာခဲ့ပါသည်။
နောက်ဆုံးတွင် ရက်သတ္တပတ်အနည်းငယ် ကြာပြီးနောက် အကူအညီများလည်း ရောက်ရှိလာခဲ့သည်။ ယူနီဆက်မှ ပံ့ပိုးပေးသော ဒေသခံ စေတနာ့ဝန်ထမ်း ကွန်ရက်မှတစ်ဆင့် မိသားစုအတွက် ပုံမှန် ငွေသားထောက်ပံ့မှုများ ပေးအပ်ခဲ့သလို၊ ပြန်လည်သန်စွမ်းရေး ကုထုံးများနှင့် အိမ်တိုင်ရာရောက် လာရောက်ကြည့်ရှုမှုများကိုပါ ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုစေတနာ့ဝန်ထမ်းများအနက် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင် မဝတ်မှုန်လည်း ပါဝင်ခဲ့ပါသည်။ နူးညံ့ချိုသာပြီး စိတ်ရှည်သည်းခံတတ်သော မဝတ်မှုန်က စိုးရိမ်ပူပန်နေသည့် မိသားစုများအတွက် စိတ်အားပေး နှစ်သိမ့်မှုကို ပေးနိုင်ခဲ့ပါသည်။
မဝတ်မှုန်သည် သူတို့အိမ်သို့ မကြာခဏ လာရောက်ကာ ကုသမှုပေးရုံသာမက အားပေးစကားများကိုပါ ပြောကြားပေးခဲ့ပါသည်။ နန်းခမ်းဆက်လေးက သူမကို ရှက်ရွံ့သော အပြုံးလေးဖြင့် အမြဲနှုတ်ဆက်တတ်ပါသည်။ ဖခင်ဖြစ်သူက သမီးလေး၏ အကြောများကို ဆန့်ရန် ကြိုးစားပုံများ၊ ခြေလှမ်းသေးသေးလေးများကို စမ်းသပ်လှမ်းလာပုံများနှင့် တောင့်တင်းနေသည့် ခြေထောက်ကို ဖြည်းဖြည်းချင်း ဖြေလျော့နိုင်ရန် ကြိုးစားနေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေခဲ့ပါသည်။
လာရောက်ကြည့်ရှုသည့် အချိန်တိုင်းမှာ လေ့ကျင့်ခန်းလုပ်ပေးရုံသာ မကဘဲ၊ တစ်နေ့နေ့မှာ သူတို့၏ သမီးငယ်လေးသည် ကိုယ်တိုင် လမ်းလျှောက်ကာ ကျောင်းသွားနိုင်လိမ့်မည်ဆိုသော မျှော်လင့်ချက်ရောင်ခြည်ကိုလည်း မိသားစုအတွက် ပေးနေသလိုဖြစ်ခဲ့ပါသည်။
တစ်နေ့မှာတော့ နန်းခမ်းဆက်လေး ပြန်လည် လမ်းလျှောက်နိုင်ဖို့အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ရန် ဆရာဝန်များက အကြံပြုခဲ့ပါသည်။ ဖခင်ဖြစ်သူအတွက်တော့ အဲဒီစကားလုံးများဟာ ရင်ထဲအနက်အထိ ထိုးစိုက်သလို ဖြစ်စေခဲ့ပါသည်။ ရုတ်တရက် ဖြစ်ပျက်ခဲ့သော မတော်တဆမှုအချိန်ကို ပြန်လည် သတိရလာခဲ့ပြီး စူးစူးရှရှ အော်ငိုသံများ၊ ဆူပွက်နေသော ရေနှင့်အတူ အရေပြားလောင်ကျွမ်းသည့် အနံ့များကိုပါ အမှတ်ရစေခဲ့ပါသည်။ သမီးလေး နောက်တစ်ကြိမ် ထပ်မံ နာကျင်ရမည်ကို စိုးရိမ်သည့် အတွေးက သူ့ကို ထိတ်လန့်စေခဲ့ပါသည်။
ဒါပေမယ့် မဝတ်မှုန်ကတော့ လက်မလျှော့ခဲ့ပါဘူး။ တစ်ကြိမ်ပြီး တစ်ကြိမ် လာရောက်ရင်း ခွဲစိတ်ကုသမှုက သမီးလေး၏ ဘဝကို ဘယ်လို ပြောင်းလဲပေးနိုင်မည်၊ မတ်တပ်ရပ်နိုင်လာမည်၊ လမ်းလျှောက်နိုင်လာမည်၊ တခြားကလေးတွေလိုပဲ ကျောင်းတက်နိုင်လာမည်ဆိုတဲ့ အကြောင်းအရာများကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးခဲ့ပါသည်။ ခွဲစိတ်မှုကို စဉ်းစားရုံနဲ့ပဲ ဖခင်ဖြစ်သူ ထိတ်လန့်ခဲ့ပေမယ့် သမီးလေး ပြန်လည် လမ်းလျှောက်နေတဲ့ ပုံရိပ်ကို မြင်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ သူ့အတွက် ခွန်အားတစ်ရပ် ဖြစ်လာခဲ့ပါသည်။
နောက်ဆုံးတွင်တော့ ဖခင်ဖြစ်သူက သဘောတူရန် ဆုံးဖြတ်ခဲ့ပါသည်။
ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သော်လည်း နာလန်ထူလာရန် လမ်းကြောင်းက နှေးကွေးပြီး နာကျင်စရာကောင်းလှခဲ့ပါသည်။ နာကျင်မှုနှင့် ကြိုးပမ်းအားထုတ်မှုများသည် နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သော်လည်း မျှော်လင့်ချက်ကတော့ တစ်နေ့ပြီး တစ်နေ့ နည်းနည်းချင်း ပိုမို ခိုင်မာလာခဲ့ပါသည်။
မိခင်ဖြစ်သူ ဒေါ်အေးပွဲက သူမ၏ ပျော်ရွှင်မှုနှင့်အတူ ကျေးဇူးတင်စကားများကိုလည်း မျှဝေပြောပြခဲ့ပါသည်။
“သမီးလေး လမ်းလျှောက်တာကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့အချိန်မှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိခဲ့ပါတယ်” လို့ တုန်ရီသည့် အသံဖြင့် ပြောပြလာခဲ့ပါသည်။ “သူမက အသက် တစ်နှစ်အရွယ်ကတည်းက လမ်းမလျှောက်နိုင်ခဲ့တာပါ။ ယူနီဆက်ရဲ့ ပံ့ပိုးကူညီမှုကို ကျွန်မတို့ အလွန်ပင် ကျေးဇူးတင်ပါတယ်။ ယူနီဆက် ကြောင့်သာမဟုတ်ရင် ကျွန်မတို့ သမီးလေးဟာ ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်ခဲ့မှာ မဟုတ်ပါဘူး။”
အခုဆိုရင် နန်းခမ်းဆက်လေးတစ်ယောက် လမ်းလျှောက်နိုင်ပြီဖြစ်သလို သူငယ်ချင်းတွေနဲ့အတူလည်း ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။
"သမီးက နေ့တိုင်းကျောင်းသွားရတာကိုကြိုက်တယ်" လို့ ညင်သာစွာ ပြုံးရင်းပြောပြပါတယ်။ "အရင်ကဆို သမီးက ထိုင်ပြီးပဲ သူငယ်ချင်းတွေကို ကြည့်နေရတာ။ အခုဆိုရင် သူငယ်ချင်းတွေနဲ့အတူ ကျောင်းသွားနိုင်ပြီ၊ ကိုယ့်ဘာသာတစ်ယောက်တည်း လုပ်နိုင်တာတွေလည်း အများကြီးရှိလာပြီ။"
အိမ်မှာဆိုရင်လည်း သူက အခုထိ ယူနီဆက်ကပံ့ပိုးပေးထားတဲ့ အိမ်သာထိုင်ခုံကို အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒါက သူ့ကို ပိုပြီး သက်တောင့်သက်သာနဲ့ အမှီအခိုကင်းကင်းနေနိုင်အောင် ကူညီပေးပါတယ်။
နန်းခမ်းဆက်လေး ဆက်လက် ပညာသင်နိုင်၊ ဆေးဝါးကုသနိုင်ပြီး အနာဂတ်ကို အိပ်မက်မက်နိုင်ဖို့အတွက် မိတ်ဖက်အဖွဲ့တွေကတစ်ဆင့် ယူနီဆက်ဟာ သူမ၏ပညာရေးနဲ့ ဆေးဝါးကုသဖို့အတွက် ပုံမှန်ငွေသားထောက်ပံ့ကြေး ပေးအပ်လျက်ရှိပါတယ်။
ယူနီဆက်မြန်မာရဲ့ မသန်စွမ်းကလေးများအတွက် ငွေကြေးအထောက်အပံ့က နိုင်ငံတစ်ဝန်းက နန်းခမ်းဆက်လို ကလေးများစွာကို ကူညီပေးလျက်ရှိပါတယ်။
နန်းခမ်းဆက်ရဲ့ ခရီးစဉ်က ကလေးတိုင်းမှာ ပညာသင်ယူခွင့်နဲ့ လူမှုအသိုင်းအဝိုင်းမှာပါဝင်ခွင့်ရှိတယ်ဆိုတာကို အလေးအနက် သတိပြုမိစေခဲ့ပါတယ်။ ဒီအခွင့်အရေးတွေကို ကာကွယ်ပေးတဲ့အခါမှာ ခြေလှမ်းတိုင်းဟာ ပိုမိုတောက်ပတဲ့ အနာဂတ်ဆီကို သွားမယ့် ခြေလှမ်းတစ်လှမ်း ဖြစ်လာခဲ့ပါတယ်။