မန္တလေး ဒိုင်ယာရီ

ဖျက်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် ဆေးကျောင်းသားတစ်ဦး၏ အကူအညီတောင်းခံမှု

UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2025/Maung Nyan
30 ဧပြီလ 2025

မန္တလေးမြို့မှ အသက် ၂၀ အရွယ် ဆေးကျောင်းသားလည်းဖြစ်၊ ယူနီဆက် U-Reporter တစ်ဦးလည်းဖြစ်တဲ့ ဘုန်းခန့်က မတ်လ ၂၈ ရက်နေ့က မြေငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်ကို ထင်ထင်ရှားရှား မှတ်မိနေပါတယ်။ "အိမ်မှာ မိသားစုနဲ့ နေ့လယ်စာစားနေချိန်အချိန်မှာ ငလျင်စပြီးလှုပ်တာပဲ။ ပစ္စည်းတွေအကုန်လုံးပြုတ်ကျလာပြီးတော့ နံရံတွေမှာလဲ အက်ကွဲကြောင်းတွေပေါ်လာတာ။ လှေကားတွေ လှုပ်ပြီး အိမ်ကလူတွေကလည်း ကြောက်လန့်တကြား အော်နေကြတယ်" လို့ ပြန်ပြောပြပါတယ်။  

"ကျွန်တော်ပြေးထွက်ပြီး မိနစ်ပိုင်းအကြာမှာတင် ကျွန်တော်တို့အိမ်အစိတ်အပိုင်းတွေ ပြိုကြပြီး ကျွန်တော်တို့အိမ်ကို ဆုံးရှုံးလိုက်ရတယ်။" 

ဘုန်းနဲ့ သူ့မိသားစုက သူတို့ရဲ့ပြိုကျသွားတဲ့နေအိမ်ကနေ ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်လာခဲ့ပေမယ့် မန္တလေးမြို့ခံအများစုလိုပဲ သူတို့ဟာ အခုချိန်မှာ လမ်းပေါ်မှာ အမိုးပွင့်တဲလေးနဲ့ နေထိုင်နေရပါတယ်။ ပြင်းထန်တဲ့အပူချိန်အပြင် ရေသန့်နဲ့ သန့်ရှင်းရေးလို အခြေခံလိုအပ်ချက်တွေ ဘာမှမပြည့်စုံဘဲ နေထိုင်နေကြရပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး မိနစ်ပိုင်းအကြာမှာ အင်အားပြင်း နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ မန္တလေးမြို့မှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ် - အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အရေးကြီး အခြေခံအဆောက်အအုံများစွာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ မိသားစုတွေဟာ စိတ်ဒဏ်ရာတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ 

“ဒီမန္တလေးမှာက ရာသီဥတုက တကယ့်ကို ပူပြင်းပြီး လူတော်တော်များများ ပြင်းထန်အပူဒဏ်ကို ခံစားနေရပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ကျွန်တော် စိတ်ပူတယ်" လို့ ဘုန်းက ပြောပြပါတယ်။ 

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

ငလျင်လှုပ်ပြီးပြီးချင်းမှာပဲ ယူနီဆက်က ငလျင်ဘေးသင့် ကလေးငယ်တွေနဲ့ မိသားစုတွေကို ချက်ချင်းကူညီပေးနိုင်ဖို့ အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့တွေကို စုစည်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးရှိ ဂိုဒေါင်များမှ ကြိုတင်နေရာချထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အသုံးပြုပြီး ယူနီဆက်က ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ရေသန့်စင်ဆေးပြားများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ကိရိယာများနှင့် အရေးပေါ်ခိုလှုံရာ ပစ္စည်းများကဲ့သို့သော မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါတယ်။ ကပ်ဘေးအပြီး ရက်ပိုင်းအတွင်း ကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန်ချိန် ၈၀ သယ်ဆောင်လာတဲ့ လူသားချင်းစာနာထောက်ထားမှု လေယာဉ်ဟာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။ 

အရေးတကြီးလိုအပ်ချက်ဖြစ်တဲ့ ရေသန့်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဖြေရှင်းဖို့ ယူနီဆက်က ယာယီခိုလှုံရာနေရာတွေမှာနေထိုင်တဲ့မိသားစုတွေ သန့်ရှင်းတဲ့ သောက်သုံးရေရရှိအောင် ရေသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့လူတွေကို လအတော်ကြာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင် ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆေးပစ္စည်းတွေ ဖြည့်တင်းပေးနေပါတယ်။ ဒါ့အပြင် ယူနီဆက်က မိသားစုနဲ့ကွဲကွာနေတဲ့ကလေးတွေကို သူတို့မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်အောင် ဒေသခံမိတ်ဖက်တွေနဲ့ အနီးကပ်လက်တွဲလုပ်ဆောင်နေပြီး စိတ်ဒဏ်ရာသင့်နေသူတွေကိုလည်း လူမှုစိတ်ပိုင်းပံ့ပိုးမှုတွေ ပေးနေပါတယ်။  

UNICEF Myanmar
UNICEF Myanmar/2025/Nyan Zay Htet

ဘုန်းက ငလျင်ကြောင့် သူ့ရဲ့အတန်းဖော်သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ "ကျွန်တော် သူ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိတယ်...သူငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ၊ ကျွန်တော်တို့ အောင်စာရင်းထွက်တဲ့နေ့က ပေးခဲ့တဲ့ ကတိကို မတည်နိုင်တော့ဘူး - ကျွန်တော်တို့ တတိယနှစ်ကျရင် ပြန်တွေ့ကြမယ်လို့ ကတိပေးခဲ့တာ၊ သူမလွတ်နိုင်ခဲ့ဘူး၊ ကျွန်တော်သူ့အတွက် တကယ်ဝမ်းနည်းရတယ်၊ ကျွန်တော် တွေးကြည့်လို့တောင် မရဘူး၊ ဒါက ဆုံးရှုံးမှုကြီးတစ်ခုပါ.." 

လူငယ်တွေ သူတို့ရဲ့ အမြင်တွေကို မျှဝေနိုင်တဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ U-Report ကတစ်ဆင့် ဘုန်းခန့်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ အသံတွေကို ပိုမိုကြားရစေဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ “U-Report က ကျွန်တော်တို့ကို နားထောင်ပေးပြီး ပံ့ပိုးပေးတဲ့ မိသားစုတစ်စုလို ခံစားရတယ်” လို့ သူကဆိုပါတယ်။  

UNICEF Myanmar
UNICEF Myanmar/2025/Maung Nyan

ဒီလို ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမယ့်လည်း စိန်ခေါ်မှုတွေကတော့ ကြီးမားနေဆဲဖြစ်ပါတယ်။ ဆက်လက်ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် လူအများမှာ ထိတ်လန့်ကြောက်ရွံ့နေကြပြီး ကောင်းကောင်းမွန်မွန် မအိပ်ရဲ မစားရဲ ဖြစ်နေကြရပါတယ်။  

“လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပြီး ကလေးအချို့လည်း ပျောက်ဆုံးနေပါတယ်၊ မိဘတွေလည်း ပျောက်ဆုံးနေပါတယ်၊ ... နည်းလမ်းများစွာနဲ့ အကူအညီလိုအပ်နေသူတွေ များစွာရှိနေပါတယ်။ အားလုံးရဲ့ အကူအညီတွေ ကျွန်တော်တို့လိုအပ်နေပါတယ်။ အစားအသောက် ၊ နေရာထိုင်ခင်း ၊ အရာအားလုံးပါ။ ကျွန်တော်တို့ အရာအားလုံးဆုံးရှုံးလိုက်ရတော့ အရာအားလုံးလိုအပ်နေပါတယ်" လို့ ဘုန်းကပြောပါတယ်။