ကစားခြင်းနောက်ကွယ်
ကစားခြင်းက အပျော်သက်သက်ပဲတော့ မဟုတ်ဘူးနော် – သင့်ကလေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အခြေခံကျသတဲ့
- English
- မြန်မာ
သင့်ကလေးရဲ့ ဦးနှောက်က ဘဝရဲ့ တခြားကာလများထက် ပထမဦးဆုံးသုံးနှစ်မှာ ပိုပြီးဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ သင်သိပါသလား။ သတင်းကောင်းတစ်ခုကတော့ သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ သင် ကူညီပံ့ပိုးပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက တကယ်အရမ်းရိုးရှင်းသလို သင်တို့နှစ်ယောက်စလုံးအတွက် ပျော်စရာလည်း ကောင်းတယ်တဲ့။
အပေါ်ယံကြည့်ရင်တော့ ကစားတယ်ဆိုတာက အပျော်သက်သက်လို့ ထင်ရပေမယ့် မွေးကင်းစကလေးတွေနဲ့ လမ်းလျှောက်တတ်စ ကလေးတွေအတွက်တော့ အဲ့ထက် အများကြီး ပိုပါတယ်။ ကစားတာကနေ ပြဿနာ ဖြေရှင်းနိုင်စွမ်းကအစ စိတ်ကူးစိတ်သန်း ဖော်ပြနိုင်စွမ်းအဆုံး အရေးကြီးတဲ့ ဘဝစွမ်းရည်တွေကို သင်ယူတည်ဆောက်နိုင်တဲ့ အပြင် သင်တို့နှစ်ဦးကြား ဆက်ဆံရေးကိုပါ ပိုမို ခိုင်မာလာစေနိုင်ပါတယ်။ တကယ်တော့ သင်က သင့်ကလေးရဲ့ လက်ဦးဆရာလည်းဖြစ်သလို ပထမဆုံး ကစားဖော်လည်း ဖြစ်တာပဲ။ အတူတူမြူးထူးဆော့ကစားပြီး အပြန်အလှန် ထိတွေ့ဆက်ဆံရင်း သင်ဟာ သင့်ကလေး ကြီးထွားဖွံဖြိုးမှုအတွက် ကူညီပေးနိုင်တယ် ဆိုတဲ့အချက်ရဲ့ နောက်ကွယ်က သိပ္ပံပညာရပ်ကို စူးစမ်းဖို့အတွက် LEGO Foundation နဲ့အတူ ယူနီဆက်က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
မျှော်စင်တုံးလေးတွေဆောက်တဲ့အခါ သူတို့လေးတွေရဲ့ ကာယစွမ်းရည်ကိုပါ လေ့ကျင့်နေတာပါ
အရာဝတ္တုတွေကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်စီတာက အာရုံခံမှုဆိုင်ရာ-လှုပ်ရှားမှုဆိုင်ရာ စွမ်းရည်ကို လေ့ကျင့်ပေးတဲ့အပြင် ရွေ့လျားမှုနဲ့ တည်နေရာဆိုင်ရာ သိနားလည်မှုကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ရ ဒီကျွမ်းကျင်မှုက ကျန်းမာသန်စွမ်းဖျတ်လတ်တဲ့ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးရာမှာ အရေးကြီးပါတယ်။ သူတို့လေးတွေ ဘာတွေဆောက်နေလဲ သတိထားကြည့်ရင်း အသံနဲ့ မျက်နှာအမူအရာတွေ ပြုလုပ်ပြီး သူတို့လေးတွေနဲ့အတူ တစ်ယောက်တစ်လှည့် သူတို့ဆောက်နေတဲ့ အရာမှာ ပစ္စည်းတွေ ထပ်ဆင့်ထည့်ပြီး ပါဝင်ကြည့်ပါ – ဘယ်လောက်မြင့်မြင့် စီထပ်နိုင်ကြမလဲဆိုတာကို ကြည့်ကြမယ်ဟေ့။
အရာဝတ္ထုတွေကို ဖွက်ပြီးရှာတန်း ကစားချိန်မှာ ကလေးတွေက သူတို့ရဲ့ သိမြင်မှုစွမ်းရည်တွေကို တည်ဆောက်နေတာပါ
အိမ်သုံးပစ္စည်းတွေကို ဖွက်ထားတာနဲ့ ပြန်ရှာကြတာလိုမျိုး အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် ပျော်စရာကောင်းတဲ့ ကစားနည်းမျိုး အတူကစားတာက သင့်ကလေးရဲ့ အာရုံစူးစိုက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ လိုက်လျောညီထွေ တွေးခေါ်နိုင်စွမ်းတို့ကို လေ့ကျင့်ရာမှာ အထောက်အကူဖြစ်ပါတယ်။ သူတို့လေးတွေက ရှုပ်ထွေးတဲ့အရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ အတားအဆီးတွေကို ကျော်လွှားဖို့အတွက် ထိရောက်တဲ့ဗျူဟာတွေ ချမှတ်နိုင်ဖို့ သင်ယူနေကြတာပါ။ သင့်ကလေးက တစ်ချိန်ချိန်မှာ အားမလိုအား မရဖြစ်နေပုံပေါက်နေရင်တော့ အထောက်အကူဖြစ်အောင် အရိပ်အမြွက်နည်းနည်း ပေးပါ။ အဖြေကိုတော့ သူတို့လေးတွေကိုယ်တိုင် ရှာဖွေတွေ့ရှိပါစေ။
ဂူးဂူးဂါးဂါးအသံတွေပေးနေတာက သူတို့လေးတွေရဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေကို တည်ဆောက်နေတာပါ
မပီကလာပြောဆိုတာတွေကတစ်ဆင့်၊ မျက်နှာအမူအရာနဲ့ လက်ဟန်ခြေဟန်တွေက တစ်ဆင့် ကလေးတွေဟာ ဆက်ဆံရေးတည်ဆောက်ဖို့ သဘာဝအလျောက် စတင်သင်ယူကြပါတယ်။ သင့်ကလေးကို အာရုံသေချာစိုက်ပြီး သူလုပ်နေတာက ဘာလုပ်နေတာလဲဆိုတဲ့ အခေါ်အဝေါ်ကို ပြောပြတာ၊ သင့်ရဲ့အကြည့်၊ အသံနှင့် လှုပ်ရှားမှုတို့ကို လိုက်လျောညီထွေ တုံ့ပြန်တာက သူတို့လေးတွေရဲ့ လူမှုဆက်သွယ်ရေးနဲ့ ဆက်ဆံရေးစွမ်းရည်တွေ တည်ဆောက်နိုင်အောင် ပံ့ပိုးပေးတဲ့ ဦးနှောက်ထဲက အာရုံကြောချိတ်ဆက်မှုတွေကို ဖွံ့ဖြိုးစေပါတယ်။ ဒီလိုမျိုး အပေးအယူရှိတဲ့ ဆက်ဆံမှုမျိုးက သင်နဲ့ သင့်ကလေးကြားက သံယောဇဉ်ကိုလည်း ပိုမိုခိုင်မာလာစေပါတယ်။
သူတို့လေးတွေ သီချင်းဆို ကခုန်နေချိန်မှာ သူတို့လေးတွေရဲ့ စိတ်ခံစားမှုစွမ်းရည်ကိုပါ တည်ဆောက်နေတာပါ
မိမိကိုယ်ကို သိရှိနားလည်စိတ်နဲ့ စိတ်လိုက်မာန်ပါမဖြစ်အောင် ချုပ်ထိန်းနိုင်စွမ်းတို့ကို ဖွံ့ဖြိုးတိုးတက်စေပြီး စိတ်ခံစားမှုတွေကို နားလည်စေတာ၊ စီမံခန့်ခွဲနိုင်စေတာ၊ ဖော်ပြနိုင်စေတာက သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘဝတစ်သက်တာ ကျန်းမာပျော်ရွှင်မှုအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ သီချင်းဆိုတာနဲ့ ကခုန်တာတို့က ကိုယ့်ရဲ့ခံစားချက်တွေကို ဖော်ပြဖို့နဲ့ ရင်ဖွင့်ပြဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သီချင်းတူတူလိုက်ဆိုတာ၊ ဒါမှမဟုတ် တူတူကခုန်တာတွေ ပြုလုပ်ပြီး အမှတ်ရစရာ အချိန်တွေကို အတူတူဖန်တီးပါ။
စိတ်ကူးစိတ်သန်းတွေကွန့်မြူးစေပြီး ပုံဆွဲတဲ့အခါ သူတို့ရဲ့တီထွင်ဖန်တီးမှုစွမ်းရည်ကို တိုးတက်စေပါတယ်
သင့်ရဲ့ကလေးလေးက ထိုင်ရာမထ သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးကို စာရွက်ပေါ်မှာရေးခြယ်လိုက်တာဟာ သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို အပြင်မှာပါ လက်တွေ့ဖြစ်လာအောင် ပြောင်းလဲနေတာပါ။ ပြီးတာနဲ့ သူဖန်တီးထားတဲ့ ကမ္ဘာအကြောင်းကို ရှင်းပြခိုင်းပြီး သင်မြင်တဲ့ အရာတွေအကြောင်း မေးခွန်းတွေ မေးပါ။
သတင်းကောင်းကဝောာ့ ကလေးတွေက ကစားဖို့နဲ့ သင်ယူဖို့ ဈေးကြီးတဲ့ အရုပ်တွေ မလိုအပ်ပါဘူး။ တကယ်တော့ သင့်ကလေးနဲ့အတူ ပျော်ရွှင်စရာကောင်းပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂိမ်းတစ်ခုဖန်တီးဖို့ သင်လိုအပ်တဲ့အရာတွေအားလုံးက အိမ်မှာရှိနေပြီးသားအရာတွေ ဖြစ်နေနိုင်ပါတယ်။
ပျော်ရွှင်ကြပါစေ။