အသုံးများသည့် နို့တိုက်ပုံနည်းလမ်းများ

နို့တိုက်ကျွေးရာမှာ မိခင်ရော ကလေးပါ သက်သောင့်သက်သာ ဖြစ်စေမည့် နည်းလမ်း ၅ ခု

By UNICEF
UNICEF Myanmar
UNICEF Myanmar/2024/Kyaw Kyaw Winn

ကလေးတွေကမိခင်နို့ကိုအလိုလိုရှာပြီးစို့တတ်တယ်ဆိုပေမယ့်မိခင်တော်တော်များများကနို့တိုက်ကျွေးဖို့အတွက်ကလေးအနေအထားမှန်ဖို့၊ ကလေးပါးစပ်နဲ့မိခင်သားမြတ်နဲ့ နေရာတကျဖြစ်ဖို့အကူအညီလိုတတ်ကြပါတယ်။နို့တိုက်ကျွေးတယ်ဆိုတာမိခင်ရောကလေးနှစ်ဦးစလုံးအတွက်အချိန်ယူရသလိုအလေ့အကျင့်လည်းလိုပါတယ်။

မိခင်ရောကလေးအတွက်အရေးကြီးဆုံးက  ကလေးကို နို့ဝအောင် တိုက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ မိခင်ရော ကလေးအတွက်ပါအဆင်ပြေဆုံးဖြစ်မယ့်အနေအထားကိုရှာတွေ့ဖို့(နည်းလမ်းများစွာထဲကမှ) ဒီနည်းလမ်းတချို့ကိုစမ်းကြည့်သင့်ပါတယ်။

မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီးကိုယ့်မှာ မေးစရာတွေ၊ စိုးရိမ်စရာတွေရှိနေရင် သားဖွားဆရာမ ဒါမှမဟုတ် တခြားကျန်းမာရေးစောင့်ရှောက်သူတွေကိုမေးမြန်းပါ။

Arrow

မိခင်နို့တိုက်ကျွေးရေး အကြံပြုချက်များ

ကလေးနို့ငုံတဲ့ပုံစံမှန်တဲ့လက္ခဏာများ

  • နာကျင်မှုမရှိဘဲသက်တောင့်သက်သာရှိမယ်။
  • နို့ပတ်လည်ကအညိုကွက်ကိုကလေးရဲ့ပါးစပ်အောက်မှာထက်အပေါ်ဘက်မှာပိုမြင်ရမယ်။
  • ကလေးရဲ့ပါးစပ်ကကျယ်ကျယ်ပွင့်နေမယ်။
  • ကလေးရဲ့အောက်နှုတ်ခမ်းကလန်လန်လေးထွက်နေမယ်။
  • ကလေးရဲ့မေးစေ့ကမိခင်ရဲ့နို့ကိုထိနေမယ်ဒါမှမဟုတ်ထိလုနီးပါးဖြစ်နေမယ်။

နို့တိုက်ပုံအနေအထားမှန်တဲ့လက္ခဏာများ

  • ကလေးရဲ့ဦးခေါင်းနဲ့ခန္ဓာကိုယ်ဟာတစ်တန်းတည်းရှိနေမယ်။ကလေးရဲ့ခေါင်းကလိမ်နေရင်၊စောင်းနေရင်နို့ကိုအလွယ်တကူမစို့နိုင်၊မမျိုချနိုင်ဖြစ်တတ်ပါတယ်။
  • ကလေးမျက်နှာနဲ့မိခင်သားမြတ် မျက်နှာခြင်းဆိုင်နေရပါမယ်။
  • ကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသူ့ရဲ့ကျောဘက်ကနေကိုယ့်ရဲ့လက်မောင်းနဲ့ထိန်းထားပါ။ဒါကအထူးသဖြင့်မွေးကင်းစကလေးငယ်တွေနဲ့ကလေးငယ်တွေအတွက်အရေးကြီးပါတယ်။အသက်နည်းနည်းပိုကြီးလာတဲ့ကလေးတွေဆိုရင်ခန္ဓာကိုယ်အပေါ်ပိုင်းကိုထိန်းပေးရင်ရပါပြီ။
  • ကလေးကရင်သားရှေ့ပိုင်းကနေနို့သီးခေါင်းနေရာကိုကပ်လာမယ်။ဒါမှနို့သီးခေါင်းအောက်ကနေနို့နေရာကိုရောက်လာမှာဖြစ်ပါတယ်။

ထိရောက်တဲ့နို့စို့ပုံလက္ခဏာများ

  • ကလေးကဖြည်းဖြည်းချင်းနဲ့ မှန်မှန်နဲ့ နက်နက်ရှိုင်းရှိုင်း၊တစ်ခါတစ်ခါရပ်သွားမယ်။
  • တစ်ချက်၊နှစ်ချက်စို့ပြီးရင်မျိုချတာကိုမြင်ရမယ်၊ဒါမှမဟုတ် မျိုချသံကြားမယ်။
  • နို့စို့တဲ့အခါမှာ အမေကလည်း သက်သောင့်သက်သာဖြစ်ပြီးမနာဘူး။
  • နို့ဝပြီဆိုရင် ကလေးကနို့စို့တာရပ်ပြီး နို့ကိုလွှတ်လိုက်မယ်၊ နို့ဝပြီးကျေနပ်တဲ့ပုံကိုမြင်ရမယ်။
  • နို့တိုက်ပြီးတဲ့အခါရင်သားကပိုပြီးပျော့နေလိမ့်မယ်။

အရေပြားချင်းထိတွေ့မှု၏ အကျိုးကျေးဇူးများ

  • အရေပြားချင်းထိတွေ့မှုသည် ကလေးနှင့်မိခင်နှစ်ဦးစလုံးကို စိတ်ငြိမ်စေပြီး သက်တောင့်သက်သာဖြစ်စေပါသည်။
  • အရေပြားချင်းထိတွေ့မှုက ကလေးရဲ့ခန္ဓာကိုယ်အပူချိန်၊ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို ထိန်းညှိပေးပါတယ်.
  • အစာခြေစနစ်ကို ကောင်းမွန်စေပြီး နို့စို့ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်
  • ရောဂါပိုးများမှ ကာကွယ်ပေးနိုင်ပါတယ်

နို့တိုက်ပုံနည်းလမ်းများ

Cradle position

၁။  မိခင်ရင်ခွင်တွင် သမားရိုးကျ ပွေ့ချီနည်း

ဤနို့တိုက်နည်းက ‌အသုံးအများဆုံးပုံစံဖြစ်ပြီးကလေးရောမိခင်ပါသာသာယာယာနဲ့သံယောဇဉ်တိုးစေနိုင်တဲ့နို့တိုက်နည်းဖြစ်ပါတယ်။

  • မိခင်ရဲ့လက်မောင်းကိုသင့်တော်တဲ့အမြင့်တစ်ခုမှာရှိနေအောင်လက်တန်းပါတဲ့ထိုင်ခုံဒါမှမဟုတ်ခုံတန်းတစ်ခုမှာထိုင်ပါ။လိုအပ်ရင်လက်မောင်းကိုခုထားဖို့ခေါင်းအုံးကိုအသုံးပြုနိုင်ပါတယ်။
  • ကလေးကိုပေါင်ပေါ်တင်ထားပြီးခေါင်းကို လက်မောင်းပေါ်မှာထိန်းထားပါ။
  • ကလေးရဲ့ခေါင်းကမိခင်နို့ဆီလှမ်းဖို့မလိုအောင်ကလေးကိုကိုယ်နဲ့ရင်ချင်းအပ်ပြီးထားပါ။လိုအပ်ပါကကလေးခေါင်းကိုခုထားဖို့ ခေါင်းအုံးကိုသုံးနိုင်ပါတယ်။

>Watch Breastfeeding: Mini Parenting Master Class

Cross-cradle position

၂။ မိခင်က ကလေးကို သားမြတ်၏ ဆန့်ကျင်ဘက်ရှိ လက်နှင့် ပွေ့ချီခြင်း

ဒီအနေအထားကပထမဆုံးမိခင်နို့တိုက်တဲ့အခါမှာအသုံးဝင်ပြီးကလေးသေးသေးလေးတွေအတွက်နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဒီအနေအထားကလက်တစ်ဖက်ကကလေးရဲ့ခေါင်းကိုကောင်းကောင်းထိန်းထားနိုင်ပြီးနောက်တစ်ဖက်ကကလေးနို့ငုံတဲ့ပုံစံမှန်အောင်ထိန်းပေးထားနိုင်ပါတယ်။

ဒါကို မိခင်ရင်ခွင်တွင် သမားရိုးကျ ပွေ့ချီနည်းရဲ့ပြောင်းပြန်လို့တွေးကြည့်ပါ။ဒီနို့တိုက်နည်းမှာကလေးကိုကိုယ့်ရဲ့တံတောင်ဆစ်ကွေးထဲမှာမဟုတ်ဘဲလက်တစ်ဖက်နဲ့ခေါင်းကိုကိုင်ထားပြီးမိခင်ရင်ခွင်တွင် သမားရိုးကျ ပွေ့ချီနည်းဖြင့် နို့တိုက်နည်းရဲ့ ဆန့်ကျင်ဘက်မှာကလေးကိုထားပါ။

Football hold or Rugby hold

၃။ မိခင်က ကလေးကို လက်မောင်းအောက် အနေအထားတွင် ပွေ့ချီခြင်း

မိခင်ကနို့တင်းနေမယ်၊နို့သီးခေါင်းတွေနာနေမယ်ဆိုရင်ဒီနည်းကိုစမ်းကြည့်သင့်ပါတယ်။ ဒီနို့တိုက်နည်းက အောက်ခြေနို့ပြွန်တွေထဲက နို့တွေကုန်သွားအောင်ကလေးကိုနေရာချထားပေးတဲ့အတွက်နို့ကြောင်းပိတ်တာကိုကာကွယ်နိုင်ပါတယ်။ဒါကမိခင်ရောကလေးအတွက်ပါအကျိုးရှိစေနိုင်ပါတယ်။

  • ကလေးကိုဘောလုံးပိုက်ထားသလိုနို့တိုက်မယ့်ဘက်လက်ကြားထဲထားပြီးကလေးရဲ့ကိုယ်ကိုလက်မောင်းနဲ့ထိန်းထားပါ။မျက်နှာကိုမိခင်နို့ဘက်ကိုလှည့်ထားပေးပါ။
  • ကလေးရဲ့ခြေထောက်တွေကိုမိခင်ရဲ့လက်မောင်းအောက်မှာထားပါ။
  • မိခင်ရဲ့နောက်လက်တစ်ဖက်ကနို့ကိုထိန်းပေးထားပါ။

ဒီနို့တိုက်နည်းကဗိုက်ခွဲမွေးထားပြီးကလေးကိုဗိုက်ပေါ်တင်ပြီးနို့မတိုက်နိုင်တဲ့သူတွေအတွက်လည်းအသုံးဝင်ပါတယ်။

> မိခင်နို့တိုက်ကျွေးမှုဆိုင်ရာ အဖြစ်များသော ပြဿနာ ၅ ခုအကြောင်း ဖတ်ရှုနိုင်ပါတယ်။  

Side-lying position

၄။ မိခင်က လဲလျှောင်းလျှက် ကလေးကို မိခင်နို့တိုက်နည်း

မိခင်နဲ့ကလေးကလှဲပြီးနေရတာပိုပြီးအဆင်ပြေရင်ဒီနည်းကိုစမ်းကြည့်သင့်ပါတယ်။

  • မိခင်ကတစောင်းလှဲနေပြီးကလေးကိုလည်းမိခင်နဲ့မျက်နှာချင်းဆိုင်ဘေးတစောင်းလှဲထားပါ။
  • မိခင်ရဲ့ကျောနောက်မှာခေါင်းအုံးခုပေးထားပြီးကလေးရဲ့နှာခေါင်းပိမနေအောင်သေချာလုပ်ပါ။

ကလေးနဲ့ သံယောဇဉ်ချည်နှောင်မယ့်နို့ချိုတိုက်ကျွေးတဲ့ အချိန်လေးတွေကို တန်ဖိုးထားပါ။နောက်ပြီး စနစ်တကျမိခင်နို့တိုက်ကျွေးတတ်ဖို့အတွက်အချိန်ယူရတယ်ဆိုတာကိုလည်း သတိရပါ။ မိမိကိုယ်ကိုစိတ်ရှည်ပါ၊လိုအပ်ရင်ကျွမ်းကျင်သူတွေဆီကနေအကူအညီတောင်းခံပါ။

Reclining position

၅။ မှီထိုင်အနေအထား

ကလေးက နို့စို့ရခက်ခဲနေတာ ဒါမှမဟုတ် ငြိမ်ငြိမ်မနေဘဲ ငိုနေမယ်ဆိုရင် ဒီအနေအထားက ကလေးစိတ်ငြိမ်စေဖို့ စမ်းကြည့်သင့်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီအနေအထားကို "သဘာဝအတိုင်းစောင့်ရှောက်မှု" လို့တောင် ခေါ်ကြပါတယ်။

  • မိခင်က ခေါင်းအုံးတွေကို အားပြုပြီး နောက်ကို မှီထားပါ။ ကလေးလေးကို မိခင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အပြည့်အဝ ထောက်ပံ့နိုင်အောင် နောက်ကျောစောင်းထားရပါမယ်။ (ပြားပြားလေး မလှဲပါနဲ့။)
  • ကလေးကို မိခင်ရဲ့ရင်ဘတ်ပေါ် မှောက်လျက်အနေအထားနဲ့ တင်ထားပါ။ အရေပြားချင်းထိတွေ့မှုရရှိစေဖို့အတွက် အဝတ်မပါတဲ့ကလေးကို မိခင်ရဲ့ရင်ဘတ်ပေါ်မှာ တင်ထားပြီး နို့ချိုတိုက်ကျွေးနိုင်ပါတယ်။ 

ကလေးနဲ့ သံယောဇဉ်ချည်နှောင်မယ့်နို့ချိုတိုက်ကျွေးတဲ့ အချိန်လေးတွေကို တန်ဖိုးထားပါ။ နောက်ပြီး စနစ်တကျမိခင်နို့တိုက်ကျွေးတတ်ဖို့အတွက်အချိန်ယူရတယ်ဆိုတာကိုလည်း သတိရပါ။မိမိကိုယ်ကိုစိတ်ရှည်ပါ၊လိုအပ်ရင်ကျွမ်းကျင်သူတွေဆီကနေအကူအညီတောင်းခံပါ။