တွေ့ရများတဲ့ မိခင်နို့တိုက်ကျွေးခြင်း ပြဿနာ ၅ ခု

မိခင်နို့တိုက်ကျွေးတာနဲ့ ပါတ်သက်တဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ရမလဲ?

UNICEF
UNICEF Myanmar
©UNICEF Myanmar/2018/Nyan Zay Htet
08 သြဂုတ်လ 2023

မိခင်နို့တိုက်ကျွေးတာရတာဟာကို ပြီးစလွယ် တိုက်လို့ရတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ မိခင်နို့တိုက်ကျွေးတယ်ဆိုတာ မိခင်ရော ကလေးပါ  အချိန်ယူရသလို အလေ့အကျင့်လည်း လိုပါတယ်။ မိခင်တော်တော်များများက မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီး ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ပံ့ပိုးမှုတွေနဲ့ဆိုရင်တော့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အကယ်၍ မိခင်နို့တိုက်ကျွေးဖို့ အခက်အခဲရှိနေရင်တော့ သားဖွားဆရာမ ဒါမှမဟုတ် ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး ဖြေရှင်းသင့်ပါတယ်။

မိခင်နို့တိုက်ကျွေးတဲ့အခါ တွေ့ရများတဲ့ ပြဿနာတချို့နဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အကြံပြုချက်တချို့ကို ဖော်ပြပေးထားပါတယ်။

၁။ ကလေး  ထိရောက်စွာ နို့စို့နိုင်အောင် ဘယ်လိုလုပ်ပေးရမလဲ။

အနေအထား မှန်ကန်စွာ ပွေ့ချီခြင်းက ကလေးက သားမြတ်ကို နို့စို့ဘို့အတွက် ငုံတဲ့အခါမှာ ထိရောက်စွာ နို့ငုံခြင်း သို့မဟုတ် ထိကပ်မှု မှန်ကန်ခြင်းကို အထောက်အကူပြုပါတယ်။ ထိကပ်မှု မှန်ကန်ခြင်းက ကလေး ထိရောက်စွာ နို့စို့နိုင်ဖို့အတွက် အရေးကြီးပါတယ်၊ ထိရောက်စွာ နိုင်စို့နိုင်ရင် နို့တိုက်နေစဉ် ကာလတလျှောက်လုံး အမေရော ကလေးပါ သက်သောင့်သက်သာ ရှိနေမှာပါ၊ မိခင်ရဲ့ နို့သီးခေါင်း နာကျင်ခြင်းလည်း ရှိမှာ မဟုတ်ပါဘူး။

မိခင်က သက်သောင့်သက်သာနဲ့ ကြာကြာထိုင်နိုင်မယ့် အနေအထားမှာ ထိုင်ပါ။ ကလေးကို မိခင်ထံသို့ အောက်ပါအတိုင်း ပွေ့ချီ ယူလာပါ။

  • ကလေး၏ နှာခေါင်းထိပ်ကို မိခင်ရဲ့ နို့သီးခေါင်းထံသို့ ချိန်ယူလာပါ။
  • ကလေးရဲ့ ဦးခေါင်းကို နောက်ဘက်ကို အနည်းငယ်မျှ စောင်းပြီး ချီလာပါ၊ အဲဒီလို ချီယူလာတာက ကလေးရဲ့ အောက် နှုတ်ခမ်းနှင့် နို့သီးခေါင်းတို့ အလွယ်တကူ ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ထိတွေ့လိုက်တဲ့အခါမှာ ကလေးရဲ့ ပါးစပ်က “ဟ” လာပါလိမ့်မယ်။
  • ကလေးပါးစပ်က အကျယ်ဆုံး ဟ လာတဲ့အချိန်မှာ မိခင်ရဲ့ လက်ချောင်းများက “င” ပုံသဏ္ဍာန်ဖြင့် သားမြတ်ကို ကိုင်ပြီး ကလေးရဲ့ ပါးစပ်ထဲကို သားမြတ်အသား အများစု ဝင်အောင် ထဲ့ပေးပါ။
  • ကလေးရဲ့ လျှာက မိခင်သားမြတ်အသား ပါတ်ပါတ်လည်ကို လာပြီး ဝိုင်းပါတ်ထားပါလိမ့်မယ်။

ပြီးရင် အနေအထားမှန်စွာ ပွေ့ချီထားခြင်း ရှိ မရှိကို စစ်‌ဆေးပါ။

  • ကလေးရဲ့  ဦးခေါင်းနဲ့ခန္ဓာကိုယ် တစ်ဖြောင့်တည်း ဖြစ်နေရပါမယ် (ကလေးရဲ့ နားရွက်၊ ပုခုံးနဲ့ တင်ပါးတို့ မျဉ်းတစ်ဖြောင့်တည်း ဖြစ်နေရပါမယ်)။
  • ကလေးရဲ့ မျက်နှာက သားမြတ်နဲ့ မျက်နှာခြင်း ဆိုင်နေရ ပါမယ်။
  • ကလေးရဲ့ ခန္ဓာကိုယ်နဲ့ မိခင်ရဲ့ ခန္ဓာကိုယ်တို့ နီးကပ်စွာ ရှိနေရပါမယ်။
  • မိခင်ရဲ့ လက်တစ်ဘက်က ကလေးရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ပင့်မပြီး ထိန်းထားပေးရပါမယ်။

အနေအထားမှန်စွာပွေ့ချီနိုင်ရင် ကလေးပါးစပ်က မိခင်သားမြတ်ကို ထိကပ်မှုမှန်ကန်စွာဖြင့် ငုံထားနိုင်မှာ ဖြစ်ပါတယ်။ ထိကပ်မှုမှန်ကန်ခြင်း ရှိမရှိကို အောက်ပါ အချက်များကို စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

  • ကလေးရဲ့ ပါးစပ်က ကျယ်ကျယ် ဟ နေပါမယ်။
  • ကလေးရဲ့ အောက်နှုတ်ခမ်းက အပြင်ကို လန်နေပါမယ်။
  • ကလေးရဲ့ မေးစေ့နဲ့ မိခင်သားမြတ်တို့ ထိကပ်နေပါမယ်။
  • မိခင်သားမြတ်မှာရှိတဲ့ အမဲကွင်းက သေးရင် ကလေးပါးစပ်ထဲမှာ အမဲကွင်း တစ်ခုလုံး ရှိနေရမှာဖြစ်ပြီး၊ ကြီးရင်တော့ အမဲကွင်းကို ကလေးရဲ့ ပါးစပ် အောက်မှာထက် အပေါ်မှာ ပိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
  • ထိရောက်စွာနို့စို့နိုင်ရင်တော့ ကလေးက နက်နက်ရှိုင်းရှိုင်းနဲ့ နို့စို့ယူလိုက် နားပြီး နို့ကိုမျိုချလိုက်နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ မိခင်သည် နာကျင်မှု မရှိဘဲ သက်တောင့်သက်သာ ရှိနေပါမယ်။ ကလေးကို ကြည့်လိုက်ရင်လည်း ကျေနပ် တင်းတိမ်နေတာကို တွေ့ရပါလိမ့်မယ်။

၂။ နို့ထွက်နည်းတဲ့အခါ ဘာလုပ်လို့ရနိုင်ပါသလဲ။

မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးအတွက် နို့လုံလုံလောက်လောက် မထုတ်ပေးနိုင်ဘူးလို့ ခံစားရတဲ့အခါ စိတ်ပျက်စရာဖြစ်နိုင်ပါတယ်။ အကယ်၍ နို့ထွက်နည်းနေလို့ စိတ်ပူနေတယ်ဆိုရင် ကိုယ့်ရဲ့ ဆရာဝန်နဲ့ မေးမြန်းကြည့်နိုင်ပါတယ်။ သူတို့က နို့ထွက်နည်းရတဲ့ အကြောင်းရင်းကို ရှာတွေ့အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

တွေ့ရများတဲ့ နို့ထွက်နည်းရခြင်း အကြောင်းရင်းများ

  • မိခင်နို့စတိုက်ဖို့နောက်ကျခြင်း
  • ကလေးနဲ့ မိခင်ကြား အသားချင်းထိတွေ့မှုမရှိတာ ဒါမှမဟုတ် အသားချင်းထိတွေ့မှု နည်းပါးလွန်းတာ
  • နေမကောင်းခြင်း ဒါမှမဟုတ် မီးဖွားခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာများ ကြောင့် နို့ထွက်နှေးတာ
  • ကလေးပါးစပ်နဲ့မိခင် သားမြတ် ထိကပ်မှု မမှန်ကန်ခြင်း
  • ပုံသေသတ်မှတ်ထားတဲ့အချိန်တွေမှာပဲ နို့တိုက်တာ
  • နို့တိုက်ချိန်နည်းတာ
  • ညဘက်နို့မတိုက်တာ
  • နို့တိုက်ချိန်ဝေးလွန်းတာ
  • စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ
  • ကလေးနဲ့ သံယောဇဉ်မရှိတာ
  • မိခင်နို့တိုက်ရတာကို မကြိုက်တာ
  • ပင်ပန်းနွမ်းနယ်တာ

နို့ထွက်မနည်းအောင် ကာကွယ်ဖို့နဲ့ ကလေး ကျန်းမာစေဖို့ လုံလောက်တဲ့ နို့ရည်ပမာဏရအောင် ထိန်းသိမ်းဖို့အတွက်

  • ကလေးမွေးပြီးတာနဲ့ စောစောစီးစီး မိခင်နဲ့ကလေး အရေပြားချင်းထိတွေ့ပြီး တတ်နိုင်သမျှ အမြန်ဆုံး မိခင်နို့စတိုက်ပါ။
  • မိခင် သားမြတ်နဲ့ကလေးပါးစပ်  ထိကပ်မှု မှန်ကန်စွာနဲ့ ငုံပြီး ထိရောက်စွာ နို့စို့တတ်စေဖို့ ကျွမ်းကျင်တဲ့ သားဖွားဆရာမ၊ ဆရာဝန်တွေဆီက အကူအညီရယူပါ။
  • ကလေးနဲ့တစ်ခန်းတည်း အတူနေတာ၊ အိပ်စက်တာတို့ ပြုလုပ်ပါ။
  • မိခင်နို့အပြင် အခြားနို့ အရည်တို့ကို တိုက်ကျွေးရန် ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိလျှင် ကလေးအသက် ၆-လပြည်သည်အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ပါ။

၃။ နို့တင်းလွန်ခြင်းအတွက် ဘယ်လိုကုသမှုတွေ ရနိုင်ပါသလဲ။

နို့တင်းလွန်ခြင်းက သိပ်ကိုနာကျင်ရတတ်ပါတယ်။ နို့ရည်ပြည့်တာက မသက်မသာဖြစ်နိုင်တယ်ဆိုပေမယ့် နို့တင်းလွန်ခြင်းက မတူညီတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

နို့ရည်ပြည့်တဲ့ရင်သား
နို့တင်းလွန်တဲ့ရင်သား
ပူပြီး လေးလံပြီး မာတောင့်နေမယ်နာကျင်မယ်၊ ပုံမှန်မဟုတ်ဘဲ နို့ရည်တွေနဲ့ရောင်ရမ်း တင်းမာနေမယ် သားမြတ် အရေပြား နီဲရနေမယ်။
နို့ထွက်မယ်နို့မထွက်နိုင်ဘူး
အဖျားမရှိဘူးတစ်ရက်ကြာလောက် အဖျားရှိနေနိုင်တယ်

တွေ့ရများတဲ့ နို့တင်းလွန်ခြင်း အကြောင်းရင်းတွေနဲ့ နို့တင်းလွန်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့

နို့တင်းလွန်ခြင်းအကြောင်းရင်းတွေ
နို့တင်းလွန်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေ
နို့ထွက်များတာနို့ကို (လက်နဲ့ညှစ်ထုတ်တာဖြစ်ဖြစ်၊ စက်နဲ့ညှစ်ထုတ်တာဖြစ်ဖြစ်) မကြာမကြာ ညှစ်ထုတ်ပြီး နို့ကိုစောစော စတိုက်ပါ
မိခင်နို့စတိုက်ဖို့နှောင့်နှေးတာမီးဖွားပြီးပြီးချင်း မိခင်နို့စတိုက်တာ
ကလေးပါးစပ်နဲ့ မိခင်သားမြတ် ထိကပ်မှု မမှန်တာကလေးပါးစပ်နဲ့ မိခင် သားမြတ် ထိကပ်မှုမှန်စွာဖြင့် နို့တိုက်ပါ
မကြာမကြာနို့မညှစ်ထုတ်တာ ဒါမှမဟုတ် နို့တိုက်တဲ့ကြာချိန်ကို ကန့်သတ်ထားတာနို့တိုက်ချိန်တစ်ခုနှင့်တစ်ခုအကြားက ကြာချိန်ကို ကန့်သတ်မထားဘဲ နို့တိုက်ပါ

နို့တင်းလွန်နေတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူကို ဆက်သွယ်ပါ။

၄။ မိခင်နို့တိုက်ကျွေးတဲ့အခါ နို့သီးခေါင်းမကွဲအောင် ဘယ်လိုကာကွယ်ရမလဲ။

နို့သီးခေါင်းနာတယ်၊ နို့သီးခေါင်းကွဲတယ်ဆိုတာ နို့တိုက်ကျွေးတဲ့အခါ ကလေးပါးစပ်နဲ့ မိခင်သားမြတ် ထိကပ်မှု မမှန်တဲ့ လက္ခဏာပါပဲ။ ကလေးကို မိခင်နို့တိုက်တဲ့အခါမှာ အနေအထားမှန်စွာဖြင့် ပွေ့ချီနိုင်အောင်နဲ့ ထိကပ်မှု မှန်အောင် လုပ်ပါ။ နို့သီးခေါင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး စကွဲလာပြီ၊ သွေးထွက်လာပြီဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့ပြသပါ။ အိမ်မှာ နို့တိုက်ပြီးတဲ့အခါ ညှစ်ထားတဲ့နို့နည်းနည်းကို သုတ်ထားကြည့်ပါ။ မိခင်နို့မှာ နာကျင်မှုကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါပါတယ်။

၅။ သားမြတ်ရောင်ခြင်းနဲ့ နို့ကြောင်းပိတ်တာ ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ဒါကို ဘယ်လို ကာကွယ်ရမလဲ။

မိခင်နို့က သားမြတ်ထဲမှာရှိတဲ့ နို့ရည်ပြွန်များထဲမှာ စီးဆင်းပြီး ကလေးဆီကို ရောက်ရှိပါတယ်။ တစ်ခါတစ်ရံမှာ ဒီနို့ရည်ပြွန်တွေ ပိတ်သွားပြီး နို့အလွယ်တကူ မစီးနိုင်တော့ပဲ ဖြစ်တတ်ပါတယ်။ နို့ကြောင်းပိတ်ရင် နာကျင်ပါတယ်။ သားမြတ်ရောင်ခြင်းက နို့ကြောင်းပိတ်တာကြောင့် ဖြစ်တတ်သလို သားမြတ်ထဲမှာ နို့တွေစုနေတဲ့အခါမှာလည်း ရောင်ရမ်းခြင်းကို ဖြစ်စေတတ်ပါတယ်။ နို့ကြောင်းပိတ်လို့နာကျင်နေတဲ့အခါ နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လို့ရတဲ့သူ၊ သားဖွားဆရာမ၊ ဆရာဝန်ကိုပြောပြပါ။

နို့ကြောင်းပိတ်တာနဲ့  သားမြတ်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတချို့ကတော့

  • နို့တိုက်ချိန်နည်းတာ၊ နို့မကြာခဏ မတိုက်တာ
  • နို့အုံတစ်စိတ်တစ်ပိုင်းကဖြစ်ဖြစ်၊ နို့အုံတစ်ခုလုံးကဖြစ်ဖြစ် နို့တွေကို စနစ်တကျမထုတ်ပစ်တာ
  • သားမြတ် တစ်ရှူးပျက်စီးနေတာ
  • ကွဲနေတဲ့နို့သီးခေါင်းကတစ်ဆင့် နို့အုံထဲ ဘက်တီးရီးယားဝင်ရောက်တာ

နာကျင်မှုသက်သာစေပြီး ရောဂါလက္ခဏာတွေကိုကုသနိုင်ဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်နိုင်ပါတယ်

  • နို့ကို မကြာခဏတိုက်ပေး/ညှစ်ထုတ်ပေးပါ
  • ကလေးပါးစပ်နဲ့ မိခင်သားမြတ် ထိကပ်မှုမှန်စွာဖြင့် နို့တိုက်ပါ
  • ချောင်ချောင်ချိချိ အဝတ်အစားတွေကို ဝတ်ပါ
  • မကြာခဏ နို့တိုက်ပေးပါ
  • ရင်သားကနေ နို့သီးခေါင်းဘက်ကို ဖြည်းဖြည်းချင်းနှိပ်ပေးပါ
  • နာကျင်တဲ့နေရာကို ရေနွေးအိတ်ကပ်ပေးပါ
  • နို့တိုက်တဲ့အနေအထားအမျိုးမျိုးပြောင်းကြည့်ပါ

မိခင်နို့တိုက်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်တည်း လုပ်လို့ရတဲ့အလုပ်မဟုတ်ပါဘူး။ မိခင်တော်တော်များများဟာ နို့တိုက်ကျွေးဖို့နဲ့ပတ်သက်ပြီး အခက်အခဲတွေအများကြီး ကြုံကြရပါတယ်။ စိုးရိမ်စရာကိစ္စတစ်ခုခုရှိရင် သားဖွားဆရာမ၊ ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်ပါ။ နို့တိုက်ကျွေးနေချိန် ကာလတစ်လျှောက်မှာ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ချစ်ရသူတွေဆီက အကူအညီရယူဖို့လည်း မမေ့ပါနဲ့။