အမြင်အာရုံချို့တဲ့သူ ကလေးငယ်များအတွက် ကောင်းမွန်သော ပြောင်းလဲမှုတစ်ခု
ကလေးတိုင်းအတွက် အကျုံးဝင်မှု
- English
- မြန်မာ
အသက် ၈ နှစ်အရွယ် ဝုန်ရှင်းရှမ်က အသံ/ရုပ်ပြပုံပြင်စာအုပ်ကို အာရုံစိုက်ပြီး နားထောင်နေပါတယ်။ အသံသွင်းထားတဲ့အသံက သူ့အသံလေးဖြစ်နေတဲ့အတွက် ဒါကသူ့အတွက် ထူးခြားတဲ့အချိန်လေးပေါ့။ “ဒီပုံပြင်လေးက မိဖြူလေးနဲ့ ပုရွက်ဆိတ်လေးအကြောင်းလေ။ သမီးက ပုံပြင်ထဲက မိဖြူလေးနေရာကနေ ဖတ်ပြရတာ” လို့ သူက ဂုဏ်ယူဝံ့ကြွားစွာ ပြောပြပါတယ်။
ဒီစာအုပ်ပုံစံမျိုးက မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး ဝုန်ရှင်းရှမ်တို့လို အမြင်အာရုံချို့တဲ့သူ ကလေးငယ်တွေကိုယ်တိုင် ဒီစာအုပ်ထုတ်ဝေရာမှာ ပါဝင်အားဖြည့်ထားကြပါတယ်။ ဒီထုတ်ဝေမှုကို ယူနီဆက်က ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ “ပုံတွေက အကြီးကြီးတွေဆိုရင် သမီးမြင်ရတယ်၊ ဒါပေမဲ့ စာလုံးတွေကိုတော့ မမြင်ရဘူး” လို့ သူက ပြောပြပါတယ်။
အမြင်အာရုံချို့တဲ့သူကလေးငယ်တွေက အသံကို နားထောင်နိုင်သလို အကြားအာရုံချို့တဲ့သူကလေးငယ်တွေက ရုပ်ပြပုံတွေကတစ်ဆင့် ပုံပြင်ကို နားလည်နိုင်မှာဖြစ်ပါတယ်။
ဝုန်ရှင်းရှမ်ရဲ့ မိဘနှစ်ပါးကလည်း အမြင်အာရုံချို့တဲ့သူတွေ ဖြစ်ပါတယ်။
ဝုန်ရှင်းရှမ်ရဲ့ မိခင်က နော်တီးခူဝါးဖြစ်ပြီး ဖခင်က ပေါလ်ကပ်ငိုင်စွာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ သမီးငယ်လေးဟာ သူတို့တုန်းကထက် အခွင့်အရေးတွေ ပိုရလာတဲ့အတွက် ဝမ်းသာကြောင်း ပြောပြပါတယ်။ သူတို့မိသားစုက ယူနီဆက်ကပေးတဲ့ အသံသွင်းပုံပြင်တွေပါတဲ့ mp3 player လေးတစ်လုံးကိုလည်း ရရှိခဲ့ပါတယ်။
နော်တီးခူဝါးက သူတို့လင်မယားက သားသမီးတွေကို ပုံမှန် ပုံပြင်ဖတ်မပြနိုင်တဲ့အတွက် အဲ့ဒီ mp3 player လေးရလိုက်တာက သိပ်တန်ဖိုးရှိပါတယ်လို့ ဆိုပါတယ်။ “ကျွန်မတို့က အလုပ်ကပြန်လာရင် နောက်ကျတယ်။ ကလေးတွေကကျတော့ အစောကြီးအိပ်ရာဝင်တတ်တယ်လေ” လို့ပြောပြပါတယ်။ အခုဆိုသူတို့လင်မယားက အသံသွင်းပုံပြင်လေးတွေကို ဖွင့်ပြလို့ရပြီဖြစ်သလို ပုံပြင်တွေထဲကနေ ဝုန်ရှင်းရှမ် မေးချင်တဲ့ မေးခွန်းတွေကိုလည်း ဖြေပေးနိုင်ပြီဖြစ်ပါတယ်။
နော်တီးခူဝါးက သူ့ပညာရေးအတွက် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတာကို ပြန်အမှတ်ရမိနေပါတယ်။ “ကျွန်မ ဆယ်တန်းဖြေဖို့ပြင်နေတုန်း အဖေဆုံးသွားတယ်။” “အဲဒီတုန်းက ညီမလေးက လေးနှစ်။ သူကလည်း တစ်စိတ်တစ်ပိုင်း အမြင်အာရုံချို့တဲ့တဲ့သူပါ။ ဒါနဲ့ မိသားစုကို စောင့်ရှောက်ဖို့အတွက် ကျွန်မကျောင်းထွက်ခဲ့ရတယ်” လို့ ပြောပြခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ ပေါလ်က ရွှေကျင်ရာမှာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ အမြင်အာရုံဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ သူတို့မှာ လင်မယားနှစ်ယောက်လုံး ဝင်ငွေရှိတဲ့အတွက် တခြားမိသားစုတွေထက် ကံကောင်းတဲ့အကြောင်း ပြောပြပါတယ်။ “ကျွန်တော်တို့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
နော်တီးခူဝါးက ဒီစီမံချက်မှာ သူ့သမီးငယ် ပါဝင်ဖြစ်ခဲ့ပုံကို စိတ်အားထက်ထက်သန်သန်နဲ့ ပြောပြပါတယ်။ “သမီးလေးက ပုံပြင်စာအုပ်တွေကိုတော်တော်ကြိုက်တယ်။ အခုပုံပြင်တွေထဲမှာက သူ့အသံရယ်၊ သူ့သူငယ်ချင်းတွေရဲ့ အသံတွေကို ကြားရတော့ သူပိုပြီးကြိုက်တာပေါ့။ သူကိုယ်တိုင်လည်း ပါဝင်လို့ရတဲ့အတွက် ကျွန်မတို့လည်း တကယ့်ကို ပျော်ပါတယ်” လို့ ဆိုပါတယ်။ “ကျွန်မတို့ ငယ်ငယ်တုန်းကဆို မသန်စွမ်းကလေးတွေအတွက် ပုံပြင်စာအုပ်တွေ၊ အသံဖိုင်တွေမရှိခဲ့ဘူးလေ။ အခုပုံပြင်စာအုပ်တွေကတော့ စိတ်ဝင်စားစရာလည်းကောင်းတယ်။ ကလေးတွေအတွက်လည်း ဘဝသင်ခန်းစာတွေကို သင်ပေးတယ်။” လို့သူကဆက်ပြောပါတယ်။
ဝုန်ရှင်းရှမ်က မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ခဝဲခြံမျက်မမြင်ကျောင်းမှာ ပညာသင်ကြားနေပါတယ်။ “သမီးက ၁ တန်းပါ။ ကျောင်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စာရိတ္တနဲ့ ဘဝတွက်တာရယ်၊ သိပ္ပံနဲ့ ပန်းချီရယ် သင်ရတယ်” လို့ ပြောပြပါတယ်။ သူက အားလပ်တဲ့အချိန်တွေမှာ “သမီးဘာသာ သနပ်ခါးလိမ်းရတာကြိုက်တယ်” လို့ ပြောပြပါတယ်။
“အနုပညာအချိန်ဆို သမီးက ပုံဆွဲရတာကြိုက်တယ်။ ပုလွေမှုတ်ရတာ၊ စည်း၊ ဝါးတီးရတာကို ကြိုက်တယ်” လို့ ဝုန်ရှင်းရှမ်က ပြောပြပါတယ်။ သိပ္ပံမှာဆိုရင် သူက စွန်လွှတ်ရတာကို သဘောကျပါတယ်။ ဝုန်ရှင်းရှမ်လေးတစ်ယောက် သူ့ဘဝမှာ အမြင့်ကိုပျံသန်းချင်နေတာ သိပ်ကိုသိသာလွန်းလှပါတယ်။