ယူနီဆက်မှ မြန်မာနိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှဆောင်ရွက်နေသူ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ သားသမီးများအတွက် ကစားစရာအရုပ်ပေါင်း ၆၀,၀၀၀ ပံ့ပိုး
ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်နေရချိန်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ယူနီဆက်တို့ ပူးပေါင်း၍ အစောပိုင်းကလေးဘဝ ဖွံ့ဖြိုးရေး အတွက် ပံ့ပိုးပေးခဲ့သည်
- English
- မြန်မာ
နေပြည်တော်၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၀၆ ရက် - ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ယူနီဆက်တို့သည် ပူးပေါင်းပံ့ပိုးပေးထားသည့် အမေရိကန်ဒေါ်လာ ၁.၆ သန်းတန်ဖိုးရှိ ‘မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်နေရချိန်အတွင်း အစောပိုင်းကလေးဘဝ ဖွံ့ဖြိုးရေး’ စီမံချက်၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်နေသူ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ သားသမီးငယ်များအတွက် အိမ်တွင်းကစားစရာအရုပ်ပေါင်း ၆၀,၀၀၀ ကို ပေးဝေရန်အတွက် ပံ့ပိုးပေးခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လက်တွဲ၍ အကောင်အထည်ဖော်ဆောင်လျှက်ရှိသည့် ဤတစ်နှစ်စီမံချက်သည် ကလေးသူငယ်များနှင့် မိသားစုများအား လက်တွေ့အခြေအနေသစ်တစ်ခုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ရေးအတွက် ကူညီပေးရန်သာမက မူကြိုဆရာဆရာမများအား ဖိအားများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်နှင့် ကလေးငယ်များ၏ စိတ်ဖိစီးမှုများ လျော့ပါးအောင် ကူညီပေးနိုင်ရေးအတွက် ပံ့ပိုးပေးနိုင်ရန်ပါ ရည်ရွယ်ထားပါသည်။ ဤစီမံချက်သည် အနည်းဆုံး အသက် ရှစ်နှစ်အောက် ကလေးငယ်ဦးရေ ၃၈၀,၀၀၀ ၊ အသက်ငါးနှစ်အောက် သားသမီးရှိသူ ကျန်းမာရေးဝန်ထမ်းဦးရေ ၆၀,၀၀၀ နှင့် မူကြိုဆရာဆရာမဦးရေ ၆,၀၀၀ ကျော်အတွက် အကျိုးကျေးဇူးရရှိစေမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် မကြာသေးမီလများအတွင်း ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး ဤကပ်ရောဂါသည် တုံ့ပြန်တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်နေသူအားလုံးအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်စေပါသည်။ မိသားစုဝင်များအပေါ် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာ ပြင်းထန်လှပါသည်။
ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi က လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် “ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေကို ကူညီပေးဖို့ လုပ်ဆောင်နေကြသူအားလုံးအား ကျွန်မတို့မှ ကျေးဇူးတင် ချီးကျူးဂုဏ်ပြုပြီး အများနဲ့မတူတဲ့ အခြေအနေတစ်ခုထဲ ရောက်ရှိနေကြတဲ့ ရှေ့တန်းက တုံ့ပြန်ဖြေရှင်းနေသူတွေရဲ့ သားသမီးငယ်တွေကလည်း ကျွန်မတို့ရဲ့ ပံ့ပိုးမှု လိုအပ်မယ်ဆိုတာ သိရှိပါတယ်” ဟု ပြောကြားခဲ့သည်။ “ ဒီကစားစရာအထုပ်လေးတွေက ကလေးတွေကို နွေးထွေးမှုနဲ့ မေတ္တာကို ခံစားရစေနိုင်မှာဖြစ်သလို သူတို့လေးတွေရဲ့ အမေ ဒါမှမဟုတ် အဖေဟာ ဒီကပ်ရောဂါကြီးအတွင်းမှာ သူရဲကောင်းတွေ ဖြစ်တယ်ဆိုတာကိုလည်း ဂုဏ်ယူစရာအဖြစ် ခံစားသိရှိနိုင်အောင် ကူညီပေးမှာပါ။” ဟု ပြောကြားခဲ့ပါသည်။
ဤစီမံချက်မှတစ်ဆင့် ကလေးငယ်များနှင့် စောင့်ရှောက်သူများအတွက် ပုံပြင် စာအုပ်လေးအုပ်ကိုလည်း မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပြီး ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ စာအုပ်လေးအုပ်အနက် နှစ်အုပ်ကို တိုင်းရင်းဘာသာစကားပေါင်း ၉၀ သို့ ပြန်ဆိုသွားမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ၊ ရောဂါကာကွယ်တားဆီးရေး၊ လူမှုစိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများနှင့် ကလေးငယ်များနှင့်အတူ ဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများအကြောင်း ပိုမိုသိရှိလာစေရေးကို အလေးပေးမည့် ကာတွန်းဗီဒီယိုများကိုလည်း ဖန်တီးလျှက်ရှိပါသည်။
“ကျွန်မတို့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ South-South and Triangular အစီအစဉ်မှတစ်ဆင့် သဒ္ဒါထက်သန်လှတဲ့ ပံ့ပိုးမှုအပြင် စောင့်ရှောက်မှုနဲ့ စည်းလုံးညီညွတ်မှုတို့ များစွာလိုအပ်နေတဲ့ နေရာတွေကို အာရုံစိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ယူနီဆက်က ယခုကမ္ဘာ့ကပ်ရောဂါအတွင်းနဲ့ ကပ်ရောဂါအလွန်နောက်ပိုင်းမှာလည်း ကလေးငယ်တွေနဲ့ မိသားစုတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကို ဆက်လက် ပံ့ပိုးပေးသွားဖို့ သန္နိဌာန်ချ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
မီဒီယာ အဆက်အသွယ်
မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း
ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်
https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar